Healthy Life Ad
Life Style

ရင်သားကင်ဆာကုသ အောင်မြင်မှုကတစ်ဆင့် ကိုယ့်အတွေ့အကြုံတွေကို မျှဝေပေးချင်တဲ့ ဒေါက်တာအိစန္ဒာ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

သွားနှင့် ခံတွင်းဘက်ဆိုင်ရာ ဆရာဝန်ဖြစ်သူ ဒေါက်တာအိစန္ဒာသည် အသက် ၄၀ထဲ စဝင်ချိန် ၂၀၁၆ ဖေဖော်ဝါရီလတွင် ညာဘက်ရင်သား၌ အကျိတ်တစ်ခုကို အမှတ်မထင် စမ်းမိခဲ့သည်။

“ဒီနှစ် ဖေဖော်ဝါရီလမှာ ညာဘက်ရင်သားက အကျိတ်ကိုစပြီး စမ်းမိခဲ့ပါတယ်။ အဲဒီလိုစပြီး စမ်းမိတဲ့အချိန်မှာ အစ်မက အရမ်းပဲ ကြောက်သွားခဲ့ပါတယ်။ အစ်မက အစကတည်းက အရမ်းကြောက်တတ်ပြီး အရမ်းဝမ်းနည်းတတ်တယ်။ အဲဒီလို စသိတာနဲ့ စိတ်ထဲမှာ မကောင်းဘူး။ ဒါပေမဲ့ ရာသီလာတဲ့ အချိန်မှာစပြီး စမ်းမိတာဆိုတော့ ရာသီလာပြီးရင် ပျောက်သွားမယ်လို့ ထင်ခဲ့တယ်။ ရာသီလာပြီးချိန်မှာလည်း အဲဒီရင်သားအကျိတ်က ရှိနေခဲ့တယ်။ အဲဒါနဲ့ အသက်လည်း ၄၀ ထဲရောက်နေပြီဆိုတော့ ရင်သားဓာတ်မှန် (Mammogram) ရိုက်လိုက်တယ်၊ အာထရာဆောင်းရိုက်လိုက်တယ်”ဟု ဒေါက်တာအိစန္ဒာက သူ၏ ရင်သားကင်ဆာ ခရီးလမ်းအစကို ပြန်လည်ပြောပြခဲ့သည်။

ဆရာဝန်က “ရင်သားဓာတ်မှန်မှာ အဆီကျိတ်လို့ပေါ်တယ်၊ ကင်ဆာမဟုတ်ဘူး၊ ဒါပေမဲ့ ခွဲလိုက်ပါ”ဟု တိုက်တွန်းခဲ့ကြောင်း၊ အသိအစ်မတစ်ဦးကလည်း “အဆီကျိတ်ဆိုပေမယ့် ဒီအတိုင်း ပစ်မထားနဲ့၊ ပြောင်းသွားတတ်တယ်”ဟု အကြံပေးခဲ့ကြောင်း ဒေါက်တာအိစန္ဒာက ဆိုသည်။

“အဲဒါနဲ့ ခွဲမယ်၊ ခွဲမယ်ဆိုပြီး ၂၀၁၆ ဧပြီလဆန်းပိုင်းကျမှ စခွဲဖြစ်တာပါ။ မဟာမြိုင်ဆေးရုံမှာပဲခွဲပြီး အသားစယူလိုက်တာ။ ခွဲပေးတာကလည်း အစ်မရဲ့ ဆရာပဲ၊ ခွဲတော့လည်း ထုံဆေးနဲ့ပဲဆိုတော့ ခွဲကတည်းက ဆရာက “အကျိတ်မှာ capsule မရှိပါလား”လို့ ပြောကတည်းက အစ်မစိတ်ထဲ သိတော့ သိလိုက်တယ်။ အကုန်လုံးက အိတ်ကလေးနဲ့နေတာ၊ အခုအိတ်မရှိတော့ဘူး၊ ပေါက်နေပြီဆိုတော့ စပြီး အမြစ်တွယ်နေပြီလို့ သိလိုက်တယ်။

ဆရာကတော့ “၈၀ ရာခိုင်နှုန်းကတော့ ကင်ဆာနဲ့မတူဘူး၊ ဒါပေမဲ့ ၂၀ ရာခိုင်နှုန်းကတော့ မိုက်ခရိုစကုပ်တင်ကြည့်မှ သိမယ်”လို့ပြောတယ်”ဟု ဒေါက်တာအိစန္ဒာက ပြောသည်။ အသားစကို နှစ်နေရာပို့စစ်ခဲ့ရာ တစ်ပတ်အကြာမှာ ရလာသည့် အဖြေနှစ်ခုစလုံးမှာပင် ရင်သားကင်ဆာဟု အဖြေထွက်ခဲ့သဖြင့် ဒေါက်တာအိစန္ဒာသည် ဆေးကုသမှုခံယူရန် ဘန်ကောက်သို့သွားခဲ့သည်။

“ဘန်ကောက်မှာ ပြန်စစ်ပေးပါတယ်။ အခုမှ စဖြစ်တဲ့ ရင်သားကင်ဆာဖြစ်လို့ သူတို့က အဲဒီအကျိတ်နေရာမှာပဲ နည်းနည်းထပ်ကြီးကြီးလေးလှီးပြီး ဓာတ်ရောင်ခြည်ပေးမယ်လို့ ပြောတယ်။ ဓာတ်ရောင်ခြည်ပေးတာက ၂၂ ကြိမ်ဆိုတော့ အစ်မလည်း အဲဒီလောက်အကြာကြီး မနေနိုင်ဘူး။ ပြီးတော့ ပြွန်တွေ ဘာတွေနဲ့ အရမ်းရှုပ်တဲ့နေရာဖြစ်လို့ အစ်မ စိတ်မချဘူး။ ခွဲရင်း မတော်လို့ကျန်ခဲ့ရင် ပြန်ထပ်ဖြစ်မှာစိုးလို့ အစ်မက ရင်သားတစ်ခုလုံး ဖြတ်ထုတ်လိုက်ပါတယ်။ တစ်ခုလုံး ဖြတ်ထုတ်လိုက်တဲ့အတွက် ဓာတ်ရောင်ခြည်ပေးစရာ မလိုတော့ပါဘူး။ ဒါပေမဲ့ ဆေးစစ်ကြည့်လိုက်တော့ အစ်မမှာ ကင်ဆာဖြစ်စေတဲ့ ဆဲလ် (Tumor Marker Cell) က နည်းနည်းလေး များနေတယ်။ အဲဒီအတွက် ကင်ဆာဆေးသွင်းခိုင်းပါတယ်”ဟု ဒေါက်တာအိစန္ဒာက ပြောသည်။

ဆေးကုသချိန်မှာ အစ်မက အရမ်းကြောက်လို့ အရမ်းငိုပါတယ်။ ကြောက်တာရဲ့ နောက်ဆုံးထွက်ပေါက်က ငိုချပစ်လိုက်တာပဲ။ ပြီးတော့မှ ကိုယ့်ဘာသာ တရားမှတ်ပြီးဖြေပါတယ်။ “ငါ လူဖြစ်လာပြီဆိုတော့ ဒါတွေကတော့ ကြုံရမှာပဲ”ဆိုပြီး တရားမှတ်ပြီး ကျော်ဖြတ်ပါတယ်။ ခွဲလို့ပြီးတော့လည်း . . .

ရင်သားအကျိတ်ခွဲစိတ်မှု ခံယူချိန်တွင် ပင်ကိုက ကြောက်တတ်သည့် ဒေါက်တာအိစန္ဒာသည် ငို ကြွေးခြင်း၊ တရားမှတ်ခြင်းဖြင့် ကျော်လွှားခဲ့ရသည်။ “ဆေးကုသချိန်မှာ အစ်မက အရမ်းကြောက်လို့ အရမ်းငိုပါတယ်။ ကြောက်တာရဲ့ နောက်ဆုံးထွက်ပေါက်က ငိုချပစ်လိုက်တာပဲ။ ပြီးတော့မှ ကိုယ့်ဘာသာ တရားမှတ်ပြီး ဖြေပါတယ်။ “ငါလူဖြစ်လာပြီ ဆိုတော့ ဒါတွေကတော့ ကြုံရမှာပဲ”ဆိုပြီး တရားမှတ်ပြီး ကျော်ဖြတ်ပါတယ်။

ခွဲလို့ပြီးတော့လည်း ကင်ဆာဆေးသွင်းရမှာကို အရမ်းကြောက်ပါတယ်။ ကတုံးကြီး ဖြစ်သွားမှာ၊ ခံစားရမှာတွေကို ကြောက်လို့ မသွင်းချင်ပါဘူး။ ဒါပေမဲ့ ၈၀ ရာခိုင်နှုန်းက အဆင်ပြေပေမယ့် ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကတော့ ကင်ဆာဖြစ်စေတဲ့ဆဲလ် များနေတာကြောင့် နောင်တစ်ချိန်မှာ ဘယ်နေရာမှာ ဘယ်လိုဖြစ်လာမလဲဆိုတာမပြောနိုင်ဘူး။ ဒါကြောင့် စိတ်ချရအောင် ကင်ဆာဆေးကို လေးကြိမ်သွင်းခိုင်း ပါတယ်” ဟု ဒေါက်တာအိစန္ဒာက ပြောသည်။

မြန်မာနိုင်ငံ၌ပင် ကင်ဆာဆေးသွင်းရန် ဆုံးဖြတ်ခဲ့ပြီး ဗဟိုစည်ဆေးရုံတွင် ဒေါက်တာဒေါ်ရှုမွန်နှင့်ပြသကာ ကင်ဆာဆေးသွင်းခဲ့ကြောင်း၊ ပြီးခဲ့သည့် ဇူလိုင် ၁၉ရက်နေ့တွင် ကင်ဆာဆေးသွင်းကုထုံးပြီးစီး အောင်မြင်ခဲ့ကြောင်းသိရသည်။ “ကင်ဆာဆေးသွင်းစဉ်မှာလည်း နာပါတယ်။ တစ်ကိုယ်လုံးကို နာတာပါ။ အသားတွေဆို ထိလို့ကိုမရဘူး၊ ထိရင်ကို နာတာပါ။ နာတာလေးကို မှတ်ရင်းမှတ်ရင်း အော်ရုပ်ရှိလို့ နာမ်ရှိတာဆိုပြီး သည်းခံနိုင်သွားပါတယ်။

အဲဒီတုန်းက အစာစားချင်စိတ်မရှိပေမယ့် မစားရင် ဒီဆေးဒဏ်ကို ခံနိုင်မှာမဟုတ်ဘူးဆိုပြီး ပါးစပ်ထဲ အတင်းထိုးထည့်ပြီး စားပါတယ်။ မိသားစုတင်မက သူငယ်ချင်းတွေရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။ အစ်မဖြစ်တယ်ဆိုတာ ကြားကတည်းက မိသားစု၊ သူငယ်ချင်းနဲ့ တပည့်လေးတွေက အစ်မဆီပြေးလာတာ။ အားပေးကြသလို အစစအရာရာ ကူညီကြပါတယ်။ အစ်မ မစားချင်တာကို စားချင်လာအောင် မျိုးစုံလုပ်ပေးကြပါတယ်။ ဒါကလည်း ခွန်အားဖြစ်စေတဲ့အချက်ပါပဲ”ဟု ကင်ဆာလူနာတစ်ဦးအတွက် ဆွေမျိုးမိသဂ်ဟအားလုံး၏ အားပေးကူညီမှုက အရေးပါကြောင်း သူ့ကိုယ်တွေ့ကို ဒေါက်တာအိစန္ဒာက ပြောပြခဲ့သည်။

“ဒီသြဂုတ်လထဲမှာ ကျန်းမာရေးစစ်ဆေးမှုကိုလည်း ပြန်လုပ်ပြီးပါပြီ။ အဲဒီမှာ အဖြေအရကောင်းတယ်လို့ သိရပါတယ်။ နောက်ခြောက်လနေမှတစ်ခါ ပြန်ပြဖို့ ရှိပါတယ်” လက်ရှိတွင် ရင်သား နောက်တစ်ဖက် ကင်ဆာ ဖြစ်ခြင်းမှ ကာကွယ်ရန် Tamoxifen ဆေးကို ငါးနှစ်စွဲသောက်နေရကြောင်း၊ ရင်သားကင်ဆာမျိုးရိုးမရှိဘဲ ဖြစ်ခဲ့ကြောင်း သိရသည်။

“အပျိုကြီးဖြစ်တာတစ်ကြောင်း၊ စိတ်ဖိစီးမှုများတာကတစ်ကြောင်းကြောင့် ဖြစ်တယ်လို့ ဆရာဝန်တွေကတော့ မှတ်ချက်ချပါတယ်။ အစ်မထင်တာကတော့ အစ်မက ညနေဆိုရင် အပြင်စာပဲ စားဖြစ်တာများပါတယ်။ ဆေးခန်းမှာ တစ်နေကုန်ထိုင်ရတဲ့အတွက် အိမ်ကနေ မနက်စောစောထွက်လာပြီး ညမိုးချုပ်မှ ပြန်ဖြစ်တော့ ညနေစာကို အပြင်စာပဲ စားဖြစ်တယ်။ စားတော့လည်း ဝန်ထမ်းတွေနဲ့လည်း အတူစားတော့ လမ်းဘေးကပဲ ဝယ်စားတာများတယ်။ အဲဒါကြောင့်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံမှာရောင်းနေတဲ့ လမ်းဘေးစာတွေ ကိုယ့်စီးပွားရေးတစ်ခုတည်းအတွက် မကြည့်ပါနဲ့။ ကင်ဆာဖြစ်စေတဲ့အရာ (ဥပမာ မသန့်တဲ့ဆီ၊ ထပ်ခါထပ်ခါကြော်ထားတဲ့ ဆီ၊ အချဉ်ရည်)စတာလေးတွေကြောင့်လို့ ထင်ပါတယ်”ဟု ဒေါက်တာအိစန္ဒာက သူ့အမြင်ကို ပြောပြခဲ့သည်။

ယခုနောက်ပိုင်းတွင် နေထိုင်စားသောက်မှုပုံစံကို ကျန်းမာရေးနှင့် ညီညွတ်စေရန် ပြောင်းလဲလိုက်နာခဲ့ပုံကို ဒေါက်တာအိစန္ဒာက –

“ဆေးသောက်တော့ ဗိုက်ဆာတဲ့အတွက် စားဖြစ်နေတယ်။ ဒါပေမဲ့ ဆီကြော်စာတွေကို သိပ်မစားတော့ဘူး။ အပြင်စာကို တတ်နိုင်သမျှ ရှောင်တယ်။ ဈေးဝယ်ရင်လည်း ကိုယ်တိုင်ဝယ်ပြီး ကြက်သားဆို အရေခွံတွေ ဖယ်ပြီးမှ စားဖြစ်တယ်။ ဆီတွေလျှော့စားဖြစ်ပါတယ်။ လေ့ကျင့်ခန်းကို နည်းနည်းပါးပါးလုပ်ဖြစ်တယ်၊ မနက်အိပ်ရာထလာရင် ယောဂကျင့်ဖြစ်ပါတယ်”ဟု ဆိုသည်။

အမျိုးသမီးထုအားလုံးအတွက် ဒေါက်တာ အိစန္ဒာပေးချင်သည့် အကြံပြုချက်မှာ တစ်လတစ်ခါ ကိုယ့်ရင်သားကို ကိုယ့်ဘာသာ စမ်းကြည့်ပါဆိုသော စကားပင်ဖြစ်သည်။

“တစ်လတစ်ခါ ပုံမှန်ရာသီလာပြီးတိုင်း ကိုယ့်ရင်သားကို ကိုယ့်ဘာသာစမ်းကြည့်ပါ။ တစ်ခုခု ထူးခြားတာတွေ့ရင် ချက်ချင်း ဆရာဝန်နဲ့ပြပါ။ အစ်မဆိုရင် အရမ်းကံကောင်းပါတယ်။ အစ်မက ကြောက်တယ်လေ၊ ကြောက်တော့ ပုံမှန်စမ်းဖြစ်တယ်။ အိပ်နေရင်းနဲ့ ရင်သားကို စမ်းလိုက်တော့ ဘောလုံးလေး တစ်လုံးလိုပဲ ရွေ့လည်းရွေ့တယ်၊ နာတာလည်း မရှိဘူး။ ချက်ချင်းစမ်းပြီး ချက်ချင်းကုသလိုက်တဲ့အတွက် ပျောက်ကင်းသွားပါတယ်။

ကင်ဆာကုသနေတဲ့ သူတွေကို အားပေးစကား ပြောချင်တာက သူတို့ ဆေးသွင်းစဉ်မှာ ခံစားရတာက အစ်မခံစားခဲ့ရတာနဲ့တူရင် ဘယ်လိုနေ၊ ဘယ်လိုစားဆိုရင် အားပေးချင်ပါတယ်။ ကင်ဆာဆေးသွင်းချိန်မှာ သွားဖုံးတွေ ရောင်တယ်၊ ပါးစပ်တစ်ခုလုံး အနာတွေဖြစ်တယ်။ အစာစားလို့ မရဘူး။ အစ်မက သွားဆရာဝန်ဖြစ်တော့ အဲဒီအချိန်မှာ လူကြီးသွားတိုက်ဆေးတွေ အကုန်ရပ်ပြီး ကလေးသွားတိုက်ဆေးနဲ့ တိုက်တယ်၊ ဆားရေနဲ့ ပလုတ်ကျင်းတယ်။ အဲဒီလိုမျှဝေပေးချင်ပါတယ်။ ကင်ဆာဆေးသွင်းချိန်မှာ ခံနိုင်ရည်ရှိအောင် ပရိုတင်းပါတာတွေကို များများစားပေးပါတယ်”ဟု အကြံပြုစကား ပြောကြားထားပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top