Healthy Life Ad
Life Style

စိတ်မော လူမော ရောဂါ(၁)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

နေ့စဉ် လူနာတွေထဲမှာ မကြာခဏတွေ့နေရတဲ့ ရောဂါတစ်ခုကတော့ စိတ်မောလူမောရောဂါပဲ ဖြစ်ပါတယ်။ ဒီလိုရောဂါအမည်မျိုးက တကယ်တော့ သိပ်ပြောလေ့ မရှိပါဘူး။ ဆေးပညာမှာတော့ လူတစ် ယောက်မောပြီဆိုရင် အဓိက ရောဂါတွေကို စဉ်းစားရတဲ့အခါ နှလုံးရောဂါ၊ အဆုတ်နဲ့ သက်ဆိုင်တဲ့ ရောဂါတွေနဲ့ သွေးအားနည်းရောဂါ၊ ဒီရောဂါအုပ်စုသုံးမျိုးထဲက တစ်ခုခုပဲ ဖြစ်ဖို့ များပါတယ်။ ဒီရောဂါအုပ်စု တွေထဲမှာ ရောဂါရှာမတွေ့ရင် ဒါမှမဟုတ် မသေချာရင် နှလုံးရောဂါဖြစ်ဖြစ် အမည်တပ်လိုက်မိကြတယ်။ တကယ်တော့ နှလုံးရောဂါလည်း မဟုတ်ခဲ့ရင် နှလုံးဆေးတွေနဲ့ မသက်သာဘဲ ဖြစ်နေတတ်ပါတယ်။ နောက်ဆုံးမှာတော့ ဒီစိတ်မော လူမောရောဂါပဲ ဖြစ်နေတတ်ပါတယ်။

စိတ်မောလူမောရောဂါဆိုတာ ဘာရောဂါလဲ
စိတ်ဖိစီးမှုဒဏ်(Anxiety and panic attack) ကြောင့် စိုးရိမ်စိတ်လွန်ကဲလာရာမှ မောတဲ့ဝေဒနာတွေကို ခံစားလာရတတ်ပါတယ်။ တကယ်ကော စိုးရိမ်စိတ်ကနေ ဝေဒနာတွေ ပေါ်လာပြီး ရောဂါတစ်ခုလို ဖြစ်နေတတ်တာရှိသလားဆိုတာ ဆေးပညာ ဗဟုသုတအဖြစ် ဆက်လက်ဖော်ပြပါမယ်။
ဒီနေ့တွေ့ရတဲ့ လူနာတစ်ဦးနဲ့အရင်ဦးဆုံး မိတ်ဆက်ပေးပါရစေ။ သူ့နာမည်က မရင်စိန်၊ အသက် ၃၅ နှစ်ဖြစ်ပါတယ်။ သူဆေးခန်းလာပြရတဲ့ အကြောင်းရင်းကတော့ မောမောနေတာကြာပြီး မသက်သာနိုင်လို့ ဖြစ်ပါတယ်။

” မရင်စိန် မောတဲ့ အကြောင်းကို ပိုပြီး ပြည့်စုံအောင် ပြောပြပေးပါဦး”လို့ မေးလိုက်တော့-
“ကျွန်မ မောမောနေတာ တစ်နှစ်ရှိပြီ။ မိသား စုဆရာဝန်နဲ့အမြဲပြနေတာ၊ အီးစီဂျီ (ECG) ဆွဲကြည့်တာ နှလုံးသွေးကြောကျဉ်းရောဂါ နည်းနည်း စဖြစ်နေတယ်လို့တော့ ပြောပါတယ်။ ခါတိုင်းဆေး ပေးလိုက်ရင် သက်သာသွားပေမယ့် ဒီတစ်ခါတော့ မသက်သာဘဲ တော်တော်ဆိုးလာတယ်။ သေသေ ချာချာစစ်ပြီး ကုချင်လို့ ဆရာမဆီ လာပြတာပါ။ ကျွန်မ နှလုံးရောဂါအခြေအနေ တော်တော်ဆိုးနေပြီ ထင်တယ်”လို့ မရင်စိန်က ဖြေပါတယ်။

ကျွန်မ ညည အိပ်လို့ မပျော်တာကြာပါပြီ။ အိပ်ပျော်ရင်လည်း တစ်ရေးနိုးပြီးတာနဲ့ မျက်စိကြောင်နေရော။ဘယ်လောက်ကြိုးစားပြီး အိပ်ပေမယ့် မိုးလင်းသွားတဲ့
ရက်တွေ မနည်းပါဘူး။ နှလုံးရောဂါဖြစ်မှာလည်း စိုးရိမ်နေတာ. .အိပ်ဆေးတွေသောက်နေမှအိပ်ပျော်တော့တယ်။ အခုကျတော့ . . .

မရင်စိန်က လမ်းလျှောက်ရင်၊ လှေကားတွေ တက်ရင် ပိုမောသလား၊ ညအိပ်နေတုန်း မောကျပ်နေတာ ဖြစ်ဖူးလား၊ ရင်ဘတ်တွေ အောင့်ဖူးသလား စသဖြင့် နှလုံးကြောင့် မောတတ်တဲ့ လက္ခဏာ၊ နှလုံးသွေးကြောကျဉ်းတဲ့ လက္ခဏာတွေ ရှိ၊ မရှိ မေးကြည့်လိုက်ပါတယ်။

“ဒီလိုပဲ မောချင်ရင် မောလာတာပဲ။ လမ်းမ လျှောက်၊ လှေကားမတက်ရင်လည်း မောတတ်ပါတယ်။ ညအိပ်နေတုန်း အမောဖောက်တာ တစ်ခါတစ် ရံရှိပေမယ့် သူတို့ပေးတဲ့ အိပ်ဆေးသောက်လိုက်ရင် သက်သာသွားတတ်တယ်”လို့ မရင်စိန်ကဖြေပါတယ်။”မရင်စိန်မှာ သွေးတိုး၊ ဆီးချို၊ လေးဖက်နာ ရောဂါ ရှိဖူးလား” စတဲ့ နှလုံးသွေးကြောရောဂါကို ဖြစ်စေတတ်တဲ့ ရောဂါအခံရှိ၊ မရှိ မေးကြည့်တော့လည်း မရှိပြန်ဘူး။ ဒါဆိုရင် ချောင်းဆိုးရင်ကျပ်ရော ဖြစ်ဖူးတာရှိဖူးသလားလို့ မေးတော့လည်း မရှိပါဘူး။နောက်ဆုံး မီးယပ်သွေး မမှန်တာ၊ မီးယပ်သွေး သိပ်များတာ၊ သွေးအားနည်းတာ (Anaemia) ရှိ၊ မရှိ မေးကြည့်၊ စစ်ကြည့်တော့လည်း မရှိပါဘူး။ မောတာကို ဖြစ်စေတဲ့ ရောဂါအုပ်စုကြီး သုံးခု (နှလုံး၊ အ ဆုတ်နဲ့ သွေးကျဲသွေးအားနည်းတဲ့ရောဂါ)ကို ရှာ ကြည့်တာ မတွေ့ရတဲ့အတွက် သူခံစားနေရတာ ဒီ စိတ်မော လူမောရောဂါ (Breathlessness related to anxiety) ဖြစ်နိုင်မလားလို့ စဉ်းစားမိပါတယ်။ ဒီရောဂါမျိုး ဖြစ်နိုင်မလားဆိုတာ ရောဂါရာဇဝင်ကို အောက်ပါအတိုင်းဆက်ပြီး မေးကြည့်ပါတယ်။

“ညညမှာရော အိပ်ပျော်ရဲ့လား”လို့ ဆရာမ မေးကြည့်လိုက်တော့-

“ကျွန်မ ည ည အိပ်လို့မပျော်တာကြာပါပြီ။ အိပ်ပျော်ရင်လည်း တစ်ရေးနိုးပြီးတာနဲ့ မျက်စိကြောင်နေရော။ ဘယ်လောက်ကြိုးစားပြီး အိပ်ပေမယ့် မိုးလင်းသွားတဲ့ရက်တွေ မနည်းပါဘူး။ နှလုံးရောဂါ ဖြစ်မှာလည်း စိုးရိမ်နေတာ . . အိပ်ဆေးတွေ သောက်နေမှ အိပ်ပျော်တော့တယ်။ အခုကျတော့ အိပ်ဆေးစွဲမှာစိုးလို့ ဖြတ်ကြည့်တာ ပိုဆိုးလာတယ်၊ ပိုမောလာတယ်၊ အသက်ရှူမဝလို့ ရှိုက်ရှိုက်ပြီး ရှူမှ အားရတယ်”လို့ မရင်စိန်က ပြန်ဖြေပါတယ်။

နောက်တစ်ပတ် ဆက်လက်ဖတ်ရှုပါရန် –

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top