Healthy Life Ad
Child

ဂနာမငြိမ်တဲ့ ကျောင်းသားလူငယ် (၃)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား)

“ထိုင်ပါ ကေသီ”
“ကျေးဇူးတင်ပါတယ်။ ကျွန်မခင်ပွန်း ဂျွန်ပါ”
“တွေ့ရတာ ဝမ်းသာပါတယ်။ အခုလို လာရောက်တွေ့ဆုံလို့ ကျေးဇူးတင်ပါတယ်။ ပီတာရဲ့ ကျန်းမာရေးအခြေအနေ စမ်းသပ်ထားတာတွေ ရရှိပါပြီ။ ခန္ဓာကိုယ် ကျန်းမာရေးကောင်းပါတယ်။ ဉာဏ်ရည်က သာမန်အဆင့်ရှိတယ်။ အီးအီးဂျီ(EEG)မှာလည်း ဝက်ရူးပြန်အတက်ဝေဒနာရှိတဲ့ အထောက်အထား မတွေ့ရပါဘူး။ ဒီတော့ ADHD ဝေဒနာ ကုသမှုနဲ့ပတ်သက်ပြီး ဆွေးနွေးကြရအောင်”

ADHD ဝေဒနာကုသခြင်း

“ပီတာ့အတွက် ဘယ်လိုကုသမှုတွေ လိုအပ်ပါသလဲဆရာ”
“ADHD ဝေဒနာအတွက် စိတ်ကုထုံးကုနည်းနဲ့ ဆေးပေးကုသနည်းတွေ ရှိပါတယ်။ စိတ်ကုထုံးကုနည်းကို မိသားစုထဲမှာလည်း ဆောင်ရွက်နိုင်ပါတယ်”
“အိမ်မှာ ကျွန်မတို့ လုပ်သင့်လုပ်ထိုက်တာကို ရှင်းပြပါ။ ကျွန်မ ကြိုးစားပါ့မယ်”

“ပထမအချက်ကတော့ ပီတာ ADHD ဝေဒနာခံစားနေရတာကို အရှိအတိုင်း လက်ခံဖို့ပါပဲ။ ပီတာရဲ့ အပြုအမူတွေကိုကြည့်ပြီး သနားကြင်နာစိတ်လွန်ကဲမယ်၊ မချင့်မရဲဖြစ်မယ်၊ အရှက်ရမယ်၊ ဒေါသထွက်မယ်၊ မိခင်တစ်ယောက်အနေနဲ့ ကိုယ့် ကိုယ်ကိုယ်လည်း အပြစ်တင်မယ်၊ အဲဒီလို စိတ်ခံစား တုန့်ပြန်မှုတွေကြောင့် ကလေးကို အော်ငေါက်မိတာ၊ ရိုက်နှက်မိတာ ရှိနိုင်တယ်။ ဒါမှမဟုတ် အလွန်အမင်း အလိုလိုက် အကြိုက်ပေးမိတာလည်း ရှိနိုင်တယ်။ ရှောင်သင့်တဲ့ အချက်တွေပါ”
“ဟုတ်ကဲ့ပါ ဆရာ”

“ဒုတိယအချက်ကတော့ စည်းကမ်းဇယားချပြီး ထိန်းကျောင်းပေးဖို့ လိုပါတယ်။ ဘောင်ခတ်ပေးဖို့ လိုပါတယ်။ စည်းကမ်းကိုင်တဲ့ နေရာမှာ မိခင်နဲ့ ဖခင်ဟာ တစ်သံတည်းထွက်ဖို့ လိုအပ်ပါတယ်။ ပီတာလို ရောဂါခံစားနေရတဲ့ ကလေးတွေဟာ အလွယ်တကူ မေ့မေ့လျော့လျော့ ရှိတတ်တယ်။ ဒါကြောင့် အစဉ်အမြဲကြပ်မတ်ပေးဖို့ လိုပါတယ်”

“ကျွန်မလည်း တတ်နိုင်သလောက် ဆုံးမပါတယ်။ ဒါပေမဲ့ ကျွန်မပြောတာကို သူနားမလည်သလိုပဲ။ သူလုပ်ချင်တာကို ဆက်လုပ်နေတတ်တာ”
“ဟုတ်ပါတယ်။ ဒါကြောင့် ပီတာလို ADHD ဝေဒနာရှင်ကလေးတွေနဲ့ စကားပြောရင် တိုတိုရှင်းရှင်းနဲ့ လိုရင်းကို ပြောရတယ်။ တိတိကျကျ ပြောရတယ်။ ပြောချင်တဲ့ အချက်အလက်တွေကို အပိုင်းခွဲပြီး နှေးနှေးနဲ့လေးလေး ပြောရတယ်။ ဒါမှ သူတို့ နားဝင်မှာပါ။ အဲဒါက တတိယအချက်ပါပဲ။ စတုတ္ထအချက်ကတော့ “အပြုအမူ ပြောင်းလဲပေးခြင်း” (Behaviour Modification)ပါပဲ။ မိဘတွေက အိမ်မှာ လေ့ကျင့်ပေးနိုင်ပါတယ်”

“ရှင်းပြပါ ဆရာ”
“ဆုပေးဒဏ်ပေးနည်းလို့ အလွယ်တကူ ပြောကြပါတယ်”

ပီတာအာရုံစူးစိုက်မှု တိုးတက်ကောင်းမွန်လာစေချင်တယ် ဆိုပါတော့။ ဒီအတွက် သူ့ကို တာဝန်တစ်ခု ပေးရမယ်။ ၁၅ မိနစ်လောက် ငြိမ်ငြိမ်လေးထိုင်ပြီး စာဖတ်ခိုင်း၊ စာရေးခိုင်း၊ သင်္ချာတွက်ခိုင်း။ အဲဒီအချိန်အတွင်း သူ့ကိုယ်သူ ထိန်းသိမ်းပြီး ပေးထားတဲ့ တာဝန်ကို ပြီးအောင်လုပ်ဖို့ အားပေး။ အောင်မြင်ရင် ‘ဆု’ချရမယ်။ မိဘက ချစ်ခင်ယုယမှုပြပြီး ပွေ့ဖက်တာ၊ သူလိုချင်တဲ့၊ သူတန်ဖိုးထားတဲ့ အရာတစ်ခုခုကိုပေးတာတို့ ဖြစ်ပါတယ် . . .

“အရာရာမှာ အလိုလိုက် အကြိုက်ပေးတာမျိုး ဒါမှမဟုတ် ကိုယ်ထိလက်ရောက် အကြမ်းဖက်တာမျိုးလားဆရာ”

“အဲဒီလို အစွန်းရောက်လွန်းတဲ့ ဆုံးမနည်းမျိုးတော့ မဟုတ်ပါဘူး။ လက်တွေ့ပြုလုပ်နိုင်တဲ့ ဥပမာတစ်ခု ပြောပြပါမယ်။ ပီတာ အာရုံစူးစိုက်မှု တိုးတက်ကောင်းမွန်လာစေချင်တယ် ဆိုပါတော့။ ဒီအတွက် သူ့ကို တာဝန်တစ်ခု ပေးရမယ်။ ၁၅ မိနစ်လောက် ငြိမ်ငြိမ်လေးထိုင်ပြီး စာဖတ်ခိုင်း၊ စာရေးခိုင်း၊ သင်္ချာတွက်ခိုင်း။ အဲဒီအချိန်အတွင်း သူ့ကိုယ်သူ ထိန်းသိမ်းပြီး ပေးထားတဲ့ တာဝန်ကိုပြီးအောင် လုပ်ဖို့အားပေး။ အောင်မြင်ရင် “ဆု”ချရမယ်။ မိဘက ချစ်ခင်ယုယမှုပြပြီး ပွေ့ဖက်တာ၊ သူလိုချင်တဲ့၊ သူတန်ဖိုးထားတဲ့ အရာတစ်ခုခုကို ပေးတာတို့ ဖြစ်ပါတယ်။ အဲဒီလို လေ့ကျင့်ပေးရင် ကောင်းတဲ့အပြုအမူ၊ လိုလားအပ်တဲ့ အပြုအမူကို ကြီးထွားသန်မာ တိုးတက်လာစေပါတယ်။ စိတ်ပညာမှာတော့ “ဆုပေးပြီး အပြုအမူကို ပြောင်းလဲစေခြင်း” (Operant Condition) လို့ ခေါ်ပါတယ်”

“ပြောတဲ့အတိုင်း မလုပ်ဘဲ မျောက်ရှုံးအောင် ဆက်ဆော့နေရင် ဘယ်လိုလုပ်ရမလဲ ဆရာ”

“ဒဏ်ပေးရမှာဖြစ်ပါတယ်။ အော်ဟစ်ရိုက်နှက်ရမယ်လို့ ပြောတာမဟုတ်ပါဘူး။ သူလိုချင်တာ ကိုမပေးနဲ့။ ချစ်ခင်ယုယမှု မပြနဲ့။ ဂရုမစိုက်သလို နေပြလိုက်။ အခြေအနေဆိုးလာရင် အခန်းတစ်ခုထဲမှာ အချိန်ပိုင်းနဲ့ ဒဏ်ခတ်ထားလိုက်။ ဒါပေမဲ့ ဘာကြောင့် ဒီလိုလုပ်ခံရတာလဲဆိုတာတော့ ရှင်းပြရမယ်။ လူကြီးမကြိုက်တဲ့ အပြုအမူတွေကို ပြုလုပ်နေရင် အခွင့်အရေးဆုံးရှုံးမယ်ဆိုတဲ့ အသိဝင်လာအောင် ပြုစုပျိုးထောင်ပေးတာ ဖြစ်ပါတယ်”

“ဆရာပြောတဲ့ နည်းလမ်းတွေကို သဘောပေါက်ပါတယ်။ လက်တွေ့ကျင့်သုံးဖို့တော့ ခက်ခဲမယ်ထင်ပါတယ်”

“မှန်ပါတယ် ဂျွန်။ ဒီအတွက် ကျွန်တော် စီစဉ်ပေးပါမယ်။ ကျွန်တော်တို့ဌာနက စိတ်ပညာရှင်နဲ့ တွေ့ဆုံဆွေးနွေးရမယ်။ သူက အဲဒီနည်းပရိယာယ်တွေကို အသေးစိတ်ရှင်းပြပါလိမ့်မယ်။ ပီတာနဲ့အတူ လက်တွေ့လည်း လုပ်ပြပါလိမ့်မယ်။ ပီတာနဲ့လည်း တစ်ဦးချင်း ကုသပေးမှာပါ။ ရောဂါတူတဲ့ ကလေးတွေနဲ့ရောပြီး အုပ်စုလိုက်လည်း ကုသပေးနိုင်ပါတယ်”
“ဒီလိုဆိုရင် ဆေးမပေးဘဲ စိတ်ကုထုံးနဲ့ပဲကုသကြည့်ရင် ကောင်းမလား ဆရာ”

ADHD ဝေဒနာ ကုသဆေးများ

“ဆေးမပါဘဲ ကုသရင် အောင်မြင်သင့်သလောက် အောင်မြင်မှာ မဟုတ်ပါဘူး။ ADHD ဝေဒနာ သေချာရင် ဆေးပေးကုသတာက ပထမခြေလှမ်း ဖြစ်ပါတယ်”
“ဒီလိုဆိုရင် အဲဒီဆေးအကြောင်း သိချင်ပါတယ်”

“ADHD ဝေဒနာကုသဖို့အတွက် အမေရိကန်နိုင်ငံ အစားအစာနဲ့ ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဌာန (US-FDA)က အသိအမှတ်ပြုထားတဲ့ ဆေးအုပ်စုနှစ်မျိုး ရှိပါတယ်။

ပထမအမျိုးအစားက စိတ်ကြွအုပ်စုဝင် ဆေးတွေ (Psychostimulants) ဖြစ်ပါတယ်။ ဥပမာ- Methylphenidate နဲ့ Detroamphetamine အနွှယ်ဝင်ဆေးတွေ ဖြစ်ပါတယ်။

ဒုတိယအမျိုးအစားကတော့ စိတ်ကြွဆေးမဟုတ်တဲ့ အုပ်စုဝင်ဆေး (Nonpsychostimulants)တွေ ဖြစ်ပါတယ်။ ဥပမာ-Atomoxetine ၊ Clonidine ဆေးတွေ ဖြစ်ပါတယ်။ နမူနာတချို့ကို ပြောပြတာပါ”

“ပီတာအတွက် အကျိုးကျေးဇူးရှိမယ်ဆိုရင် ကျွန်မတို့ သဘောတူပါတယ်။ ကလေးက အသက်ငယ်နေသလားလို့ပါ”
“ပီတာရဲ့ အသက်က ၇နှစ်ကျော်ပြီဆိုတော့ ADHD ကုသဆေး သောက်သုံးနိုင်ပါတယ်။ အသက် ၆ နှစ်အောက် ကလေးသူငယ်တွေကိုတော့ ကျွန်တော်တို့ ဆေးပေးကုသတာ မလုပ်ပါဘူး။ US-FDAက မထောက်ခံပါဘူး။ နောက်ပြီး နှလုံးရောဂါရှိနိုင်တဲ့ ကလေးတွေကိုလည်း ADHD ကုသဆေး မသုံးသင့်ဘူးလို့ ဆိုပါတယ်။ ကေသီနဲ့ ဂျွန်တို့ရဲ့ မိသားစုထဲမှာ ဗြုန်းကနဲ နှလုံးခုန်ရပ်သွားပြီး သေဆုံးသူရှိသလား”
“မရှိပါဘူး”

“အကြောင်းမဲ့ မူးဝေလဲကျသွားတတ်တဲ့ ရာဇဝင်ကော ပီတာ့မှာ ရှိသလား”
“မရှိပါဘူး”
“ကောင်းပါတယ်။ ပီတာရဲ့ ဂျီပီဆရာဝန်ရဲ့ မှတ်တမ်းထဲမှာလည်း ပီတာနှလုံးအင်္ဂါချို့ယွင်းမှု မရှိကြောင်း သိရပါတယ်။ ပိုပြီး သေချာအောင် နှလုံးခုန်နှုန်းတိုင်းတဲ့ အီးစီဂျီ (ECG) စစ်ဆေးပါမယ်”

“ပီတာ့အတွက် ဘယ်ဆေးကိုသုံးမလဲဆရာ”
“အများအားဖြင့် Methylphenidate ဆေးကို ဦးစားပေး သုံးစွဲပါတယ်။ အဲဒီဆေးနဲ့ အဆင်မပြေမှ နောက်ဆေးတစ်မျိုး သုံးကြည့်ရမှာပါ”
“ပီတာ့ကို ဆေးတိုက်ရတာ ခက်တယ်ဆရာ၊ ဆေးရည်မရှိဘူးလား”
“ဆေးရည် မရှိပါဘူး။ တစ်နေ့ တစ်ကြိမ်သာ နံနက်ပိုင်းမှာ တိုက်ထားရင် တစ်နေ့လုံး အာနိသင်ရှိတဲ့ ဆေးလုံးတွေ ရှိပါတယ်။ ပီတာ ဆေးသောက်ဖို့ ငြင်းဆန်ရင် “အရေပြားကပ် ပလတ်စတာ ဆေးမျိုးရှိပါတယ်။ အစပိုင်းမှာ ဆေးဒဏ်ခံနိုင်အောင် အချိန်အတွယ်နည်းနည်းပဲ အသုံးပြုမှာပါ”
“ဘေးထွက်ဆိုးကျိုးတွေ ရှိပါသလား”

“ရှိပါတယ်။ ဆေးသောက်ခါစမှာ ခေါင်းကိုက်တာ၊ ဗိုက်နာတာ၊ ပျို့အန်ချင်တာ၊ အစားအသောက်ပျက်တာ၊ အိပ်မပျော်တာတွေ ဖြစ်တတ်ပါတယ်။ အကြောရှုံ့ဝေဒနာ (Tics) ရှိရင် အကြောဆွဲ အကြောရှုံ့တာ ပိုလာနိုင်ပါတယ်။ ရေရှည်သောက်သုံးရင် တချို့ကလေးတွေမှာ အရပ်အမောင်း ထွက်သင့်သလောက် မထွက်ဘဲ အရပ်ပုနိုင်ပါတယ်။ ဒါကြောင့် ဆေးသောက်နေစဉ်ကာလမှာ နှလုံးခုန်နှုန်း၊ သွေးပေါင်၊ ကိုယ်အလေးချိန်နဲ့ အရပ်အမောင်းကို သုံးလတစ်ကြိမ် စစ်ဆေးပေးဖို့ လိုပါတယ်။ ရောဂါသက်သာလာရင် စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ ဆေးမတိုက်ပါဘူး။ နွေရာသီ ကျောင်းပိတ်ရက်မှာ ပြတ်တောင်းပြတ်တောင်း ဆေးတိုက်တာ ရပ်ထားပါတယ်”

“စိတ်ကြွဆေးတိုက်ရင် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်သလဲ ဆရာ”
“ပီတာမှာ အာရုံစိုက်နိုင်မှု တိုးတက်လာနိုင်ပါတယ်။ အလွန်အမင်း လှုပ်ရှားမှု လျော့နည်းလာနိုင်တယ်။ ဒါကြောင့် ပညာရေးနဲ့ ပေါင်းသင်းဆက်ဆံရေး ပိုမိုကောင်းမွန်လာနိုင်ပါတယ်။ အပြုအမူကုထုံးနဲ့ စိတ်ကုထုံးတွေမှာ ပိုမိုအကျိုးရှိလာနိုင်ပါတယ်။ ဆေးကြောင့် ဝေဒနာရှင် ၇၀ ရာခိုင်နှုန်းမှာ သိသိသာသာ အကျိုးရှိကြောင်း တွေ့ရပါတယ်”

“ဆေးသောက်လို့ သက်သာရင် ဘယ်လောက်ကြာကြာ သုံးစွဲရမလဲဆရာ”
“ကလေးသူငယ် အပျိုဖော်၊ လူပျိုဖော် ဝင်လာတဲ့ မြီးကောင်ပေါက်အရွယ်မှာ ADHD ရောဂါလက္ခဏာတွေ လျော့နည်းပြီး ရောဂါအကင်းသေသွားတတ်ပါတယ်။ ၄၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။ အဲဒီလို အခြေအနေမျိုး ရောက်လာရင် ဆေးသောက်တာကို ရပ်နားလို့ရပါတယ်။ ၆၀ ရာခိုင်နှုန်းခန့်ဟာ လူကြီးဘဝအထိ အာရုံစိုက်မှုချို့ယွင်းတဲ့ လက္ခဏာတွေ ကျန်ရှိနေတတ်ပါတယ်။ အဲဒီလို ဝေဒနာရှင်တွေ အတွက်တော့ သင့်တော်သလို ဆက်လက်ပြီး ဆေးသောက်ဖို့ အကြံပေးပါတယ်”
“ပီတာရဲ့ ရှေ့ရေးကဘယ်လိုရှိပါသလဲဆရာ”

“ADHD ဝေဒနာရှင် ကျောင်းသား လူငယ် ၂၅ ရာခိုင်နှုန်းဟာ အချိန်မတိုင်ခင် ကျောင်းထွက်ရတာ ရှိပါတယ်။ တချို့ကတော့ ဆိုးသွမ်းလူငယ်ဘဝ ရောက်သွားပါတယ်။ ဒါပေမဲ့ ၁၀ ရာခိုင်နှုန်းကတော့ တက္ကသိုလ်ဘွဲ့ရရှိပြီး ဘဝမှာ အောင်မြင်မှုရရှိကြပါတယ်”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top