Healthy Life Ad
Child

ကျောင်းသားလူငယ်နှင့် ဖိုမသဘာဝပညာပေး(၄)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား)

မတော်တရော် ထိတွေ့ကိုင်တွယ်ခြင်း၊ လိင်စော်ကားခြင်း အကြောင်းတွေကို ကျောင်းသားလူငယ်တွေ သိရှိနားလည်သင့်တယ်။ လိင်စော်ကားချင်တဲ့သူ အတင့်ရဲမလာအောင် ကာကွယ်နိုင်တဲ့ နည်းပရိယာယ်ကို သင်ကြားပေးနိုင်တယ်။ လိင်စော်ကားမှုနဲ့ပတ်သက်တဲ့ ကျောင်းစည်းကမ်းကို ပညာပေးဖို့လိုတယ်။ မတော်တရော်ပြုမူတာခံရရင် အကူအညီ တောင်းဖို့၊ တိုင်တန်းဖို့ ဝန်မလေးအောင်အားပေးရမယ်။ ဒီလိုကိစ္စကို ခုခံကာကွယ်နိုင်ဖို့ ကျောင်းသားလူငယ်တွေမှာ အသိပညာဗဟုသုတရရှိနေသင့်တယ် မဟုတ်လား …

“ကျောင်းတွေမှာဖိုမသဘာဝပညာပေးရင် ရရှိ လာနိုင်တဲ့ အကျိုးကျေးဇူးတွေကို ခင်ဗျား ပြောပြလို့ သိရပြီဆိုပါတော့၊ (Healthy Life Journal အမှတ် (၅၀)၊ (၅၁)။ လက်တွေ့မှာ ဘာတွေသင်ပေးသလဲ”

“သင်ရိုးညွှန်းတမ်းကို အပြည့်အစုံပြောဖို့တော့ အချိန်မရှိဘူး ကိုတာ၊ ဒါပေမဲ့ ကုလသမဂ္ဂပညာရေး သိပ္ပံနဲ့ယဉ်ကျေးမှုရေးရာအဖွဲ့အစည်း (UNESCO) နဲ့ အမေရိကန်ပြည်ထောင်စုဖိုမသဘာဝပညာသင် ကြားရေးကောင်စီ (SIESUS)က ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်ကို အတိုချုပ်ပြောပြနိုင်ပါတယ်”

“ပြောပြပါ”
“ဖိုမသဘာဝပညာပေး သင်ရိုးညွှန်းတမ်းမှာပါဝင်တဲ့ ခေါင်းစဉ်တွေက ဒီလိုဗျ။ (က) ခန္ဓာကိုယ်နဲ့ ဖိုမသဘာဝအင်္ဂါစုကြီးထွားဖွံ့ဖြိုးလာခြင်း၊ (ခ) လူသားအချင်းချင်း ပေါင်းသင်းဆက်ဆံရေးအမျိုးမျိုးနဲ့ ကျားမပေါင်းသင်းဆက်ဆံရေး၊ (ဂ) ဖိုမသဘာဝ အပြုအမူများ၊ (ဃ) ဖိုမသဘာဝကျန်းမာရေးနဲ့ (C) လူမှုပတ်ဝန်းကျင်ယဉ်ကျေးမှုနဲ့ ဖိုမသဘာဝဆိုတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။ အဲဒီသင်ရိုးညွှန်း တမ်းခေါင်းစဉ်တစ်ခုချင်းရဲ့ ရည်ရွယ်ချက်တွေကို သိချင်သလား”

“သိချင်ပါတယ်”
‘ခန္ဓာကိုယ်နဲ့ ဖိုမသဘာဝအင်္ဂါကြီးထွားဖွံ့ ဖြိုးလာခြင်း သင်ခန်းစာရဲ့ ရည်ရွယ်ချက်တွေကတော့ ကျောင်းသားလူငယ်တွေ သူတိုရဲ့ကိုယ်အင်္ဂါအစိတ် အပိုင်းတွေကို သိရှိနားလည်ဖို့၊ ဖိုမသဘာဝ အင်္ဂါစု ဖွံ့ဖြိုးကြီးထွားလာတာနဲ့အတူ ပြောင်းလဲလာတဲ့ စိတ်ပိုင်းဆိုင်ရာခံစားရမှုတွေကို နားလည်သဘောပေါက်ဖို့၊ မိမိခန္ဓာကိုယ်နဲ့ လိင်သဘာဝကို အရှိအတိုင်း လက်ခံတတ်ဖို့၊ မိမိနဲ့လိင်သဘာဝချင်း ကွဲပြားသူ တွေကို အဆင့်အတန်းမခွဲခြားဘဲ ဆက်ဆံပေါင်း သင်းတတ်ဖို့ စသဖြင့်ပေါ့ဗျာ”

“လူသားအချင်းချင်း ပေါင်းသင်းဆက်ဆံရေးနဲ့ ကျားမပေါင်းသင်းဆက်ဆံရေးသင်ခန်းစာမှာ ဘာတွေ သင်ကြားပေးသလဲ၊ ရည်းစားထားနည်းတွေလား”

“အဲဒီလိုတိုက်တွန်းအားပေးတာ မဟုတ်ပါဘူး။ ဒီသင်ခန်းစာမှာ မိသားစုအတွင်း ပေါင်းသင်းဆက်ဆံရေး၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပေါင်းသင်းဆက်ဆံရေး၊ ချစ်ခြင်းမေတ္တာအမျိုးမျိုးအကြောင်း၊ ရည်းစားထားခြင်းနဲ့ အိမ်ထောင်ပြုခြင်း စတဲ့ အကြောင်းအရာတွေ ပါဝင်ပါတယ်။ ရည်ရွယ်ချက်ကတော့ ကျားမ ပေါင်းသင်းဆက်ဆံရေးမှာ သာတူညီမျှစိတ် မွေးမြူ တတ်ဖို့၊ ခွဲခြားဆက်ဆံခြင်း မပြုလုပ်ဖို့ အသိပညာ ပေးတာပါ”

“ဖိုမသဘာဝ အပြုအမူသင်ခန်းစာက ဘာလဲဗျ . . ညစ်ညမ်းစာပေဖြစ်မနေဘူးလား”

“မဟုတ်ပါဘူး ကိုတာ၊ ဒီသင်ခန်းစာရဲ့ ရည်ရွယ်ချက်က လိင်စိတ်ဆန္ဒကို အန္တရာယ်ကင်းကင်း ထုတ်ဖော်ပြုမူတတ်အောင် လမ်းပြပေးတာပါ။ မိမိ ကိုယ်ကိုယ်ဖြစ်စေ၊ တခြားသူတစ်ဦးကို ဖြစ်စေ အန္တ ရာယ်ဖြစ်နိုင်တဲ့ လိင်ဆက်ဆံမှုအပြုအမူမျိုးကို ရှောင်ကြဉ်တတ်ဖို့ မိမိရဲ့လိင်ဆန္ဒကို ဖော်ထုတ်ပြသရာမှာ တခြားသူရဲ့ အခွင့်အရေးကို ချိုးဖောက်ခြင်း မပြုဖို့၊ လိင်အနိုင်ကျင့်လိုတဲ့စိတ်ဓာတ်မမွေးဖို့ စတဲ့အချက်တွေကို သင်ကြားပေးတာပါ”

“သင်ခန်းစာခေါင်းစဉ်(ဃ)ဖြစ်တဲ့ ဖိုမသဘာဝ ကျန်းမာရေးသင်ခန်းစာကို အဓိကထားသင်ကြားပေး သင့်တယ်လို့ ကျွန်တော် ထင်တယ်”

“မှန်ပါတယ်ကိုတာ၊ အရေးကြီးတဲ့ သင်ခန်းစာ ဖြစ်ပါတယ်။ ဖိုမသဘာဝကျန်းမာရေး သင်ခန်းစာထဲ မှာပါဝင်တဲ့ အကြောင်းအရာတွေကတော့- ဖိုမအင်္ဂါ သန့်ရှင်းရေး၊ တစ်ကိုယ်ရေ သန့်ရှင်းရေး၊ သန္ဓေတား နည်းတွေအကြောင်း၊ ကိုယ်ဝန်ဖျက်ချတာရဲ့ အန္တရာယ်တွေ၊ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါ အမျိုးမျိုးအကြောင်းနဲ့ အဲဒီရောဂါတွေကို ကာကွယ်နည်းတွေ စတာတွေ ဖြစ်ပါတယ်”

“လူမှုပတ်ဝန်းကျင်ယဉ်ကျေးမှုနဲ့ ဖိုမသဘာဝ သင်ခန်းစာက ကျောင်းသားလူငယ်တွေအတွက် မ ကျယ်ပြန့်လွန်းဘူးလား”
“အဓိက အချက်တွေကို အသက်အရွယ်နဲ့ လိုက်ဖက်အောင် သင်ကြားပေးတာပါ။ ဖိုမသဘာဝနဲ့ ပတ်သက်ပြီး တစ်ဦးနဲ့တစ်ဦး အယူအဆချင်း မ တူတာကို နားလည်ဖို့၊ ဖိုမသဘာဝနဲ့ ပတ်သက်ပြီး အယူသည်းတဲ့ စိတ်ဓာတ်မမွေးဖို့၊ တရားဥပဒေနဲ့ ငြိစွန်းတဲ့ လိင်အပြုအမူတွေကို သိရှိနားလည်ရှောင် ကြဉ်နိုင်ဖို့၊ မီဒီယာအမျိုးမျိုးမှာ တွေ့ရှိရမယ့် မမှန် ကန်တဲ့ ဖိုမသဘာဝအယူအဆတွေရဲ့ လွှမ်းမိုးမှုကို တွန်းလှန် ကာကွယ်နိုင်ဖို့ စတဲ့ ရည်ရွယ်ချက်တွေ ပါရှိပါတယ်”
“ခင်ဗျား ပြောခဲ့တဲ့ သင်ရိုးညွှန်းတမ်းကို(UNESCO)က ထောက်ခံထားတယ်ဆိုတော့ နိုင်ငံတိုင်းမှာ ဒီလိုသင်ကြားပေးနေသလား”

_ _ _
“အသေးစိတ်ကတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကွဲလွဲချက်တွေ ရှိပါတယ်။ နိုင်ငံတစ်ခုရဲ့ ယဉ်ကျေး မှုအစဉ်အလာနဲ့ ဘာသာရေးယုံကြည်ကိုးကွယ်မှုအပေါ်မှာလည်း မူတည်ပါတယ်။ အနောက်တိုင်းယဉ် ကျေးမှုထွန်းကားတဲ့ နိုင်ငံတွေမှာသာ ကျောင်းသားလူငယ်တွေကို ဖိုမသဘာဝ ပညာပေးသင်ကြားပေးတယ်လို့ ကျွန်တော်ထင်တယ်”

“ဒီလို မဟုတ်ပါဘူး ကိုတာ၊ အာရှတိုက်နဲ့ အာဖရိကတိုက်နိုင်ငံအများအပြားမှာလည်း သင်ကြားပေးတာ ရှိပါတယ်”

“အာဖရိကနိုင်ငံအများစုမှာတော့ HIV/AIDS ရောဂါကာကွယ်ရေးကို ဦးစားပေးသင်ကြားတာ တွေ့ရတယ်။ အီဂျစ်နိုင်ငံမှာ အသက် ၁၂ နှစ်အရွယ် ကစပြီး မျိုးဆက်ပြန့်ပွားခြင်းအကြောင်း၊ ဖိုမသဘာဝ အင်္ဂါစုအကြောင်း၊ သန္ဓေတားနည်းတွေအကြောင်းနဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါ ကာကွယ်ခြင်းအ ကြောင်းတွေကို သင်ကြားပေးပါတယ်”

” အာရှတိုက်နိုင်ငံတွေမှာ သင်ကြားပေးတာ ရှိသလား”

“တွေ့ရှိရပါတယ်။ ဥပမာ ယိုးဒယားနိုင်ငံမှာ ၁၉၇၈ ခုနှစ်ကစပြီး ကျောင်းတွေမှာ ဖိုမသဘာဝပညာကို ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပေးတယ်။ ၂၀ဝ၃ ခုနှစ်ကစပြီး စာသင်ကျောင်းသင်ရိုးညွှန်းတမ်း ထဲမှာ ဖိုမသဘာဝပညာကို ထည့်သွင်းထားပါတယ်။ ဂျပန်နိုင်ငံမှာတော့ အသက် ၁၁ နှစ်အရွယ်ကျောင်း သားတွေကို ဖိုမသဘာဝအင်္ဂါစု ခန္ဓာဗေဒနဲ့ ဇီဝဗေဒ အကြောင်း သင်ကြားပေးတယ်။ ဒါပေမဲ့ သီရိလင်္ကာ နိုင်ငံမှာတော့ အဲဒီဘာသာရပ်ကို အသက် ၁၇ နှစ်အ ရွယ်ရောက်မှ အထက်တန်းကျောင်းတွေမှာ သင် ကြားပေးတယ်။ ကွဲပြားခြားနားတာကို ပြောတာပါ”

“အိန္ဒိယနိုင်ငံ၊ မွန်ဂိုလီယနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာလည်း ကျောင်း တွင်း ဖိုမသဘာဝပညာပေးအစီအစဉ်တွေ ရှိပါတယ်”
“မြန်မာနိုင်ငံမှာ ကျောင်းသားလူငယ်တွေကို ဖို မသဘာဝ ပညာသင်ကြားပေးတာရှိသလား၊ ကျွန်တော် သတိမထားမိဘူး”

“ကျွန်တော် ဖတ်မိတဲ့ ဆောင်းပါးတစ်ခုထဲမှာတော့ မြန်မာနိုင်ငံကျောင်းတချို့မှာ ဖိုမသဘာဝ ပညာပေးအစီအစဉ်တချို့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ကျော်ကတည်းက သင်ကြားပေးတယ်လို့ သိရတယ်။ ဆောင်းပါးရှင်နာမည် Samanth Michaels တဲ့။ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၀ရက်နေ့ထုတ် Irrawaddy သတင်းစာမှာ ဖော်ပြထားတဲ့ ဆောင်းပါးပါ”

“ဘယ်လို ပညာရပ်တွေ သင်ကြားပေးသလဲ”
” ဆောင်းပါးရှင် ဖော်ပြထားတာကတော့ အသက် ၁၀နှစ်မှ ၁၆ နှစ်အတွင်း ကျောင်းသားလူငယ် တွေကို တစ်ကိုယ်ရေ သန့်ရှင်းရေး၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါနဲ့ HIV/AIDS အကြောင်းအရာတွေကို သင်ကြားပေးတယ်။ ဒါပေမဲ့ အဲဒီသင်ခန်းစာ တွေကို Secondary Life Skill လို့ခေါ်တဲ့ အပို သင်ရိုးညွှန်းတမ်းထဲမှာ ထည့်သွင်းသင်ကြားပေးတာပါ”

“၂၀၁၁ ခုနှစ်မှာ သင်ရိုးညွှန်းတမ်းကို ထပ်မံ ဖြည့်စွက်တယ်လို့ ဆောင်းပါးမှာ တွေ့ရပါတယ်။ ၆ တန်းအရွယ်ကျောင်းသားလူငယ်တွေကို အပျိုဖော်၊ လူပျိုဖော်ဝင်စအချိန်မှာ ကိုယ်ခန္ဓာနဲ့ စိတ်ခံစားမှု ပြောင်းလဲပုံတွေကို သင်ကြားပေးတယ်။ အထက်တန်း ကျောင်းသားကျောင်းသူတွေကိုတော့ မရည်ရွယ်ဘဲ ကိုယ်ဝန်ရရှိမှုအကြောင်းနဲ့ လိင်မှတစ်ဆင့် ရရှိလာ နိုင်တဲ့ ကူးစက်ရောဂါတွေအကြောင်းကို သင်ကြား ပေးတယ်တဲ့”

” ဒီလိုဆိုတော့ တခြားအာရှတိုက်နိုင်ငံတွေနဲ့ ယှဉ်ကြည့်ရင် ဒီကိစ္စမှာ နောက်ကျကျန်ခဲ့တယ်လို့ မဆိုနိုင်ဘူးပေါ့”

“မှန်ပါတယ် ကိုတာ၊ ဒါပေမဲ့ ဖိုမသဘာဝပညာကို ကျောင်းတွေမှာ ဘာသာရပ်တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပေးဖို့ UNESCO အဖွဲ့တစ်ခုက ၂၀၁၄ ခုနစ်တုန်းက မြန်မာနိုင်ငံအစိုးရကို တိုက် တွန်းထားတာရှိပါတယ်”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top