Healthy Life Ad
Life Style

လူ လူချင်း ဘာကြောင့် သတ်ကြတာလဲ . . .(၂)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား)

အခုဆောင်းပါးမှာ ဒေါ်မြမှူးသွယ်သိရှိလိုတဲ့ လူသတ်စိတ်ရှိတတ်သူတွေအကြောင်းကို ဆက်လက်ဆွေးနွေးမှာ ဖြစ်ပါတယ်။

(၁) လူလူချင်း သတ်ဖို့ ဝန်မလေးတဲ့ စိတ်မျိုးရှိ တဲ့ ကိုယ်ရည်ကိုယ်သွေး ချို့ယွင်းသူတွေ ရှိပါတယ်။ ပထမအမျိုးအစားကတော့ (Dissocial Personality Disorder) ဒါမှမဟုတ် Antisocial Personality Disorder ဖြစ်ပါတယ်။ မြန်မာလို “လူမှု ဆန့်ကျင်ကိုယ်ရည်ကိုယ်သွေးချို့ယွင်းခြင်းဝေဒနာ”လို့ခေါ်နိုင်ပါတယ်။ အလွယ်တကူ ပြောရရင် လူဆိုး လူမိုက်စာရိတ္တရှိသူဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ ဒီအက်စ်ပီ(DSP)လို့ ဆက်လက်သုံးစွဲသွားပါမယ်။

ဒီအက်စ်ပီဝေဒနာရဲ့လက္ခဏာတွေက ဘာတွေလဲ . . ဒီအက်စ်ပီဝေဒနာရှိသူတွေက လူမှုရေးစည်းကမ်းကို မလိုက်နာချင်ကြဘူး။ အကြိမ်ကြိမ် ဥပဒေချိုးဖောက်တဲ့ အပြုအမူတွေ ပြုလုပ်တတ်တယ်။ သူတို့ဟာ လူတွေကို လိမ်လည်လှည့်ဖျားဖို့ ဝန်မလေးဘူး။ ကောက်ကျစ်စဉ်းလဲတဲ့ စိတ်ရှိတယ်။ အခွင့်ကောင်းရရင် အသာယူတတ်တယ်။ သူတို့ဟာ အရာရာမှာ ရှေ့ရေးကို ကြိုတင်ပြီး မစဉ်းစားဘူး။ တဇွတ်ထိုး ပြုမူလုပ်ကိုင်လေ့ရှိတယ်။

‘အခြေအမြစ်မရှိဘဲ ‘ငါ့သားက ဉာဏ်ကြီးရှင်၊ ငါးသမီးက အလှဘုရင်မ’သူတို့ဘာလုပ်လုပ် တော်လိုက်တာ၊ ကောင်းလိုက်တာစသဖြင့် အသားလွတ်မြှောက်ပင့်ပေးရင် အဲဒီကလေး အရွယ်ရောက်လာတဲ့အခါ ဘဝင်မြင့်အတ္တ စိတ်လွန်ကဲသူ ဖြစ်လာနိုင်ပါတယ်။ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိလာအောင် လမ်းညွှန်ပေးတာနဲ့ ကလေး တွေကိုအသားလွတ်ချီးကျူး မြှောက်ပင့်ပေးတာဟာ မတူပါဘူး . . .’

ဒီအက်စ်ပီဝေဒနာရှိသူတွေဟာ စိတ်တိုလွယ်၊ လက်ရဲတယ်၊ ကြမ်းတမ်းခက်ထန်တယ်။ တခြားသူ ထိခိုက်နစ်နာမှာကို ငဲ့ညှာထောက်ထားမှု မရှိဘူး။ သူတို့မှာ တာဝန်မဲ့တဲ့ စိတ်ဓာတ်ရှိတယ်။ အလုပ်တစ်ခုကို အတည်တကျ စွဲစွဲမြဲမြဲမလုပ်ချင်ဘူး။ အိမ်ထောင်ဖက်နဲ့ သားသမီးတွေအတွက် တာဝန်မယူချင်ဘူး။

ဒီအက်စ်ပီဝေဒနာရှိသူတွေမှာ “နောင်တ” တရားမရှိဘူး။ သူတို့ကျူးလွန်မိတဲ့ အမှားကို ဝန်မခံနိုင်ဘူး။ အကြောင်းအမျိုးမျိုးပြပြီး သူတို့အမှားကို ကာကွယ်ပြောတတ်ကြတယ်။ ဒါကြောင့် ပြစ်မှုတစ်ခုကို အကြိမ်ကြိမ်ကျူးလွန်လေ့ရှိပါတယ်။

သူတို့မှာ သူတစ်ပါးကို ရက်စက်နိုင်တဲ့ စိတ်ဓာတ်ရှိတယ်။ ကိုယ်ချင်းစာစိတ်မရှိဘူး။ ပိုပြီး ဆိုးရွားသူတွေက တခြားသူ အနာတရဖြစ်တာ၊ ဒုက္ခခံစားရတာကိုမြင်တွေ့ရရင် ကြင်နာသနားရမယ့်အစားစိတ်ထဲမှာ သာယာကျေနပ်မှု ခံစားရသူမျိုး ဖြစ်ပါတယ်။

ဒီလို ကိုယ်ရည်ကိုယ်သွေး ချို့ယွင်းဝေဒနာရှိသူ တွေဟာ အကြမ်းဖက်တဲ့ ရာဇဝတ်မှုအမျိုးမျိုးကို ကျူးလွန်တတ်ပါတယ်။ ပြည်သူလူထုအတွင်းမှာ ဒီအက်စ်ပီကိုယ်ရည်ကိုယ်သွေးရှိသူ ၁ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထိတွေ့ရှိရပါတယ်။ ဒါပေမဲ့ ထောင်ကျနေတဲ့ အကျဉ်းသားတွေအားလုံးရဲ့ ၃၅ မှ ၇၅ ရာခိုင်နှုန်းဟာ ဒီအက်စ်ပီကိုယ်ရည်ကိုယ်သွေးဝေဒနာရှိသူတွေဖြစ်ပါတယ်။ အဲဒီအထဲမှာ လူသတ် သမားတွေလည်းပါရှိပါတယ်။
_ _ _
ဒီအက်စ်ပီကိုယ်ရည်ကိုယ်သွေးဝေဒနာရဲ့ သွင်ပြင်လက္ခဏာဟာ အသက် ၁၅ နှစ်အရွယ်ကစပြီး သိသိသာသာ ဖြစ်ပေါ်လာတယ်။ အသက် ၁၀ နှစ် ပတ်ဝန်းကျင်အရွယ် ကလေးတွေထဲမှာ “အပြုအမူ ချို့ယွင်းဝေဒနာ (Conduct Disorder)ဆိုတာ ရှိပါတယ်။ ရပ်ကွက်ထဲမှာတော့ ဆိုးသွမ်းလူငယ်လို့ နားလည်ထားကြပါတယ်။ ‘အပြုအမူချို့ယွင်းဝေဒနာ’ရှိတဲ့ ကလေးလူငယ်တွေထဲက ၄၀ ရာခိုင်နှုန်းဟာ အရွယ်ရောက်လာတဲ့အခါ ဒီအက်စ်ပီကိုယ်ရည်ကိုယ် သွေးချို့ယွင်းဝေဒနာရှိသူတွေ ဖြစ်လာတတ်ပါတယ်။ အပြုအမူချို့ယွင်းဝေဒနာရဲ့ လက္ခဏာတွေကတော့ လိမ်ညာပြောဆိုတတ်ခြင်း၊ ခိုးယူတတ်ခြင်း၊ ကျောင်းစည်းကမ်းအိမ်စည်းကမ်းကို ချိုးဖောက်ခြင်း၊ ကျောင်းပြေးခြင်း၊ အိမ်မှ ထွက်ပြေးတတ်ခြင်း၊ တခြား ကျောင်းသားကျောင်းသူတွေကို အနိုင်ကျင့်ခြင်း၊ တိရစ္ဆာန်တွေကို ညှင်းဆဲခြင်း၊ ကျောင်းသား အချင်းချင်း အကြမ်းဖက်ခြင်း၊ တုတ်လက်နက်စတာတွေကို အသုံးပြုခြင်း၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ မူးယစ်ဆေး သုံးစွဲခြင်းတို့ ဖြစ်ပါတယ်။

အပြုအမူ ချို့ယွင်းဝေဒနာနဲ့ ဒီအက်စ်ပီဝေဒနာ ဖြစ်ပွားဖို့ အားပေးတဲ့ အချက်အလက်တချို့ကို ပြောပြပါမယ်။ အဲဒါတွေကတော့ မိသားစုထဲမှာ ဆိုးသွမ်းသူတွေရှိတာ၊ ကလေးသူငယ်အရွယ်မှာ ဦးနှောက် ဒဏ်ရာရရှိတာ၊ မိသားစုအတွင်းအချင်းချင်း အကြမ်းဖက်မှုရှိတာ၊ သားသမီးကို ရိုက်နှက်ဆုံးမတာ၊ မိဘက သားသမီးကို ချစ်ခင်ယုယမှုမရှိတာ၊ မိဘက သားသမီးကို ပြစ်ပယ်တာ စတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ သားသမီးကို ပြုစုပျိုးထောင်တဲ့အခါ ရှောင်ကြဉ်သင့်တဲ့အချက်တွေပါပဲ။
_ _ _

(၂) ဒေါ်မြမှူးသွယ်ရဲ့မေးခွန်းကို ဖြေကြားဖို့ စဉ်းစားလိုက်တော့ လူလူချင်း သတ်ဖို့ ဝန်မလေးတဲ့ ကိုယ်ရည်ကိုယ်သွေးချို့ယွင်းဝေဒနာတစ်ခုကိုလည်း စဉ်းစားမိပါတယ်။ စိတ်ကျန်းမာရေးဆေးပညာမှာ Narcissistic Personality Disorder လို့ ခေါ်ပါတယ်။ “ဘဝင်မြင့်အတ္တလွန်ကဲစိတ်”ရှိသူလို့ ဆိုနိုင်ပါတယ်။ အတိုကောက် “အင်န်ပီဒီဝေဒနာ”(NPD) လို့ဆိုကြပါစို့။ အင်န်ပီဒီကိုယ်ရည်ကိုယ်သွေး ဝေဒနာရှိသူတွေဟာ မိမိကိုယ်ကိုယ် အလွန်အမင်းအထင်ကြီးတဲ့ စိတ်ဝင်နေတယ်၊ သူတို့မှာ သူများထက် ထူးကဲသာလွန်တဲ့ အသိပညာ၊ အစွမ်းအစ၊ ရုပ်ရည် ရူပကာရှိနေတယ်လို့ ထင်မြင်နေတတ်တယ်။ သူတို့ဟာ လူတကာက ချီးကျူးမြှောက်ပင့်တာကို ခံယူလိုကြတယ်။ အင်န်ပီဒီကိုယ်ရည်ကိုယ်သွေးရှိသူတွေဟာ အရာရာမှာ သူတို့ရပိုင်ခွင့်ရှိတယ်လို့ ယူဆတတ်တယ်။ လူတွေက သူတို့လိုအင်ဆန္ဒကို ဖြည့်ဆည်း ပေးဖို့မျှော်လင့်နေတယ်။ သူတို့ရသင့် ရထိုက်တာ မဟုတ်ပေမယ့် ရယူလိုစိတ်များတယ်။ သူတို့ အလို မပြည့်ရင် လူတွေကို ရန်မူတတ်တယ်။ လိမ်လည် လှည့်ဖျားပြီး သူတစ်ပါးအပေါ်မှာ ခေါင်းပုံဖြတ်ဖို့ ဝန်မလေးကြဘူး။ ဘဝင်မြင့် အတ္တစိတ်လွန်ကဲသူတွေဟာ တခြားသူရဲ့ စိတ်ခံစားမှုကို နားလည်ဖို့ ခက်တယ်။ တခြားသူရဲ့ လိုအင်ဆန္ဒကို သိရှိနားလည်နိုင် စွမ်းမရှိဘူး။

အင်န်ပီဒီ ကိုယ်ရည်ကိုယ်သွေးဝေဒနာရှိသူ တွေရဲ့စိတ်ထဲမှာ ဘဝင်မြင့်စိတ်၊ အတ္တစိတ်တွေနဲ့ မွှန်နေတော့ သူတို့မှာကိုယ်ချင်းစာနာစိတ် ခေါင်းပါးနေတတ်တယ်။ သူတို့က လိမ်လည်လှည့်ဖျားအနိုင်ယူလိုက်လို့ သူတစ်ပါးမှာ ဘယ်လို ထိခိုက်နစ်နာသွားမလဲဆိုတာကို မစဉ်းစားနိုင်ဘူး။ တခြားသူတွေက ငါ့ကိုဘယ်လိုထင်မြင်ယူဆနေသလဲဆိုတာကိုလည်း အမှန်အတိုင်းမမြင်နိုင်ဘူး။ လူတွေကသာ သူတို့ရဲ့ အစွမ်းအစနဲ့ အရည်အချင်းကို နားမလည်နိုင်တာလို့ ပြောတတ်တယ်။
အင်န်ပီဒီကိုယ်ရည်ကိုယ်သွေး ချို့ယွင်းသူတွေဟာ “ဝ”မရှိဘဲ “ဝိ”လုပ်တတ်တဲ့ လူစားမျိုး ဖြစ်တယ်။ သူတို့စိတ်ထဲမှာ အောင်မြင်မှုတွေကိုသာ စဉ်းစားပြီး စိတ်ကူးယဉ်တတ်တယ်။ ဒါကြောင့် သူတို့ဟာ အဆင့်အတန်းမြင့်တဲ့ လူကုန်ထံတွေနဲ့သာ ပေါင်းသင်းလိုစိတ်ရှိကြပါတယ်။

ဘဝင်မြင့်အတ္တစိတ်လွန်ကဲသူဟာ သူတို့စိတ်ကူးနဲ့ သူတို့ဘာသာ ကျေနပ်နေကြတာ မဟုတ်ဘူးလား။ ကိုယ်ထိလက်ရောက် အကြမ်းဖက်ပါ့မလားလို့ မေးစရာရှိပါတယ်။ အကြမ်းဖက်တတ်ပါတယ်လို့ ဖြေရမယ်။ စိတ်ကျန်းမာရေးဆေးပညာမှာ “ဘဝင်မြင့်အတ္တလွန်ကဲသူရဲ့ အမျက်ဒေါသ”(Narcissistic Rage) ဆိုတဲ့ ဝေါဟာရ ရှိပါတယ်။ လူတွေက သူတို့ကို မထီလေးစားပြုမူမိရင်၊ သူတို့အလိုကျ ဖြစ်မလာရင်၊ သူတို့မာနကို အချိုးခံရတယ်လို့ ထင်မြင်လာရင် အင်န်ပီဒီကိုယ်ရည်ကိုယ်သွေးချို့ယွင်းသူတွေ ဒေါသပေါက်ကွဲတတ်ပါတယ်။ တရားခံရှာပြီး အကြမ်းဖက် တတ်ကြတယ်။ ကလဲ့စားချေဖို့ ဝန်မလေးကြဘူး။ ဒီအက်စ်ပီဝေဒနာနဲ့ အင်န်ပီဒီဝေဒနာလက္ခဏာတွေ ပူးတွဲပါရှိနေတဲ့ လူမျိုးဟာ အန္တရာယ်များတဲ့ လူသတ်သမားတွေ ဖြစ်ပါတယ်။
_ _ _
လူထုအတွင်း လူတစ်ထောင်မှာ ဘဝင်မြင့် အတ္တစိတ်လွန်ကဲဝေဒနာရှိသူ နှစ်ဦးရှိတယ်လို့ ခန့်မှန်းကြပါတယ်။ အင်န်ပီဒီဝေဒနာရှိသူတွေရဲ့ မိသားစုထဲမှာ အဲဒီလို ကိုယ်ရည်ကိုယ်သွေး ချို့ယွင်းသူတွေကို ပိုမိုတွေ့ရှိရပါတယ်။ မိဘက သားသမီးကို အလွန်အမင်း ချီးကျူးမြှောက်စားထားရင်လည်း ကလေးသူ ငယ်ရဲ့စိတ်ထဲမှာ မူမမှန်တဲ့ ဘဝင်မြင့်စိတ်ထွန်းကား လာနိုင်ပါတယ်။ အခြေအမြစ်မရှိဘဲ “ငါ့သားက ဉာဏ်ကြီးရှင်၊ ငါ့သမီးက အလှဘုရင်မ” သူတို့ဘာ လုပ်လုပ်တော်လိုက်တာ၊ ကောင်းလိုက်တာ စသဖြင့် အသားလွတ်မြှောက်ပင့်ပေးရင် အဲဒီကလေး အရွယ် ရောက်လာတဲ့အခါ ဘဝင်မြင့်အတ္တစိတ်လွန်ကဲသူ ဖြစ်လာနိုင်ပါတယ်။
မိမိကိုယ်ကိုယ် ယုံကြည်မှုရှိလာအောင် လမ်းညွှန်ပေးတာနဲ့ ကလေးတွေကို အသားလွတ်ချီးကျူး မြှောက်ပင့်ပေးတာဟာ မတူပါဘူး။ သားသမီးကို ပြုစုပျိုးထောင်ရာမှာ သတိပြုသင့်တဲ့ အချက်တစ်ခုဖြစ် ပါတယ်။
_ _ _
(၃) လူဆိုးလူမိုက်လည်း မဟုတ်ဘူး။ ဘဝင်မြင့်အတ္တစိတ်လွန်ကဲသူလည်း မဟုတ်ဘူး။ ဒါပေမဲ့ စိတ်ခံစားတုန့်ပြန်လှုပ်ရှားမှုလွန်ကဲတာကြောင့် မကြာခဏရာဇဝတ်မှု ကျူးလွန်တတ်သူမျိုး ရှိပါတယ်။ စိတ်ကျန်းမာရေးဆေးပညာမှာ Broderline Personality Disorder ဒါမှမဟုတ် Emotionally Unstable Personality လို့ ခေါ်ပါတယ်။ “စိတ်ခံ စားမှုတည်ငြိမ်ခြင်းကင်းမဲ့ဝေဒနာ”လို့ဆိုနိုင်ပါတယ်။ အလွယ်တကူ “ဘီပီဒီ”(BPD)လို့ ဆိုကြပါစို့။

ဘီပီဒီဝေဒနာရှိသူတွေဟာ လုံလောက်တဲ့ အကြောင်းရင်းခံမရှိဘဲ အလွန်အမင်း စိတ်လှုပ်ရှားလွယ်တယ်။ ငိုလွယ်၊ ရယ်လွယ်၊ ကြောက်လွယ်၊ ဒေါသထွက်လွယ်တယ်။ တခြားသူတွေနဲ့ မကြာခဏခိုက် ရန်ဖြစ်ပွားတတ်တယ်။ ကြမ်းတမ်းခက်ထန်တဲ့ အပြုအမူရှိတယ်။ အတူနေရတဲ့သူနဲ့ အဆင်ပြေအောင် မပေါင်းသင်းနိုင်ဘူး။ အဲဒီသူနဲ့ ခွဲခွာရပြန်တော့လည်း အလွန်အမင်း စိတ်ထိခိုက်တတ်တယ်။ သူတို့ဟာ အရာရာမှာ မဆင်မခြင် တဇွတ်ထိုးလုပ်တတ်တယ်။ စိတ်ဆန္ဒကို မထိန်းချုပ်တတ်ဘူး။ ငွေကြေးဖြုန်းတီးမယ်၊ အရက်မူးအောင်သောက်မယ်၊ အန္တရာယ်ကို မစဉ်းစားဘဲ လိင်ဆက်ဆံမှု ပြုတတ်တယ်။

ဘီပီဒီဝေဒနာရှိသူတွေဟာ အမြဲလိုလို စိတ်ထဲမှာ သာယာမှု မရှိသလို ငြီးငွေ့ခံစားနေရတယ်။ စိတ် ထိခိုက်စရာနဲ့ ကြုံကြိုက်ရင် သေကြောင်းကြံတတ်တယ်။ ကိုယ်လိုချင်တာ မရရင် ဒါမှမဟုတ် ချစ်ခင်နေရသူက ပစ်ပယ်တာ ခံရရင် အလွန်အမင်း ဒေါသပေါက်ကွဲတတ်တယ်။ ဒါကြောင့် သူတို့ဟာ အကြမ်းဖက်တဲ့ ရာဇဝတ်မှုမျိုးကို မကြာခဏ ကျူးလွန်မိကြပါတယ်။
_ _ _
လူထုအတွင်းမှာ ဘီပီဒီဝေဒနာရှိသူ ၂ မှ ၆ ရာ ခိုင်နှုန်းအထိ ရှိကြောင်း သိရတယ်။ အမျိုးသမီးတွေ ထဲမှာဘီပီဒီကိုယ်ရည်ကိုယ်သွေးချို့ယွင်းတဲ့ ဝေဒနာကို ပိုမိုတွေ့ရှိရတယ်။ အမျိုးသမီးအကျဉ်းသားတွေရဲ့ ၂၅ မှ ၄၉ ရာခိုင်နှုန်းဟာ ဘီပီဒီကိုယ်ရည်ကိုယ်သွေး ရှိသူတွေ ဖြစ်ပါတယ်။

မျိုးရိုးဗီဇဟာ ဘီပီဒီဝေဒနာဖြစ်ပွားဖို့ အထောက်အကူပြုတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ မိဘရဲ့ပစ်ပယ်တာကို ခံစားရတာ၊ ငယ်စဉ် ဘဝက စိတ်ဖိစီးမှုဒဏ်ကို အကြိမ်ကြိမ် ခံစားရတာကြောင့် ဘီပီဒီဝေဒနာရရှိဖို့ အလားအလာ များနိုင်ပါတယ်။ အထူးသဖြင့် ငယ်စဉ်ဘဝမှာ ရိုက်နှက်ညှင်း ဆဲတာ၊ ကာမဂုဏ်ကျူးလွန်စော်ကားတာ ခံရရင် အရွယ်ရောက်လာတဲ့အခါ ဘီပီဒီကိုယ်ရည်ကိုယ်သွေး ချို့ယွင်းဝေဒနာ ဖြစ်ပေါ်လာနိုင်ပါတယ်။ သားသမီးရှိတဲ့ မိဘတိုင်း သတိမူ ရှောင်ကြဉ်ရမယ့် အချက် ဖြစ်ပါတယ်။
_ _ _

အခုဆောင်းပါးမှာ လူသတ်မှု ဖြစ်ပွားစေနိုင်တဲ့ စိတ်ဓာတ်ရှိသူ သုံးမျိုးအကြောင်းကို ဆွေးနွေးခဲ့ပါတယ်။ မိမိတို့ရဲ့ သားသမီးတွေထဲမှာ အဲဒီလို လူစားမျိုးတွေ ထွန်းကားမလာအောင် သတိပြုသင့်တဲ့ အ ချက်အလက်တွေကို ညွှန်ပြထားပါတယ်။ ဒေါ်မြမှူးသွယ်ရဲ့ မေးခွန်းကို ကြိုးစားဖြေကြားထားတာ ဖြစ်ပါတယ်။

နောက်တစ်ပတ် ဆက်လက်ဖတ်ရှုပါရန်-

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top