Healthy Life Ad
Life Style

လူ လူချင်း ဘာကြောင့် သတ်ကြတာလဲ . . . (၁)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား)

မေး။ ။ ဆရာ ဦးအုန်းကျော်ရှင့် . . အခုတလော သတင်းတွေကြည့်လိုက်ရင် လူကို လူချင်းသတ်တဲ့ သတင်း တွေ တွေ့နေရပါတယ် ဆရာ။ အွန်လိုင်းကနေ သိတဲ့ မိန်းကလေးကို ကောင်လေးတစ်ယောက်ကဈေးဝယ် စင်တာကြီးတစ်ခုမှာ ဓားနဲ့ထိုးတယ်လို့ တလောက သိလိုက်ရတယ်။ အခုတလော ဇနီးမောင်နှံနှစ်ယောက် ကလေးလေးနဲ့အတူ ခရီးသွားရင်း ဓားထိုးပြီး သတ်တယ်၊ သမီးရည်းစားချင်း အခန့်မသင့်ရာက ဓားထိုး တယ်ဆိုတဲ့ ဖြစ်ရပ်တွေကိုလည်း ကြားလာရပြန်ပါတယ်။ ဒါတွေ ဘာကြောင့်ဖြစ်ရတာလဲ၊ တချို့ကတော့ မူးယစ်ဆေးဝါးတွေ သုံးထားလို့လား၊ အရက်မူးနေလို့လား စသဖြင့် ခန့်မှန်းကြပေမယ့် ဘာကြောင့်ဆိုတာ ရေရေရာရာ မသိကြပါဘူး။ အဓိက ကျွန်မမှာလည်း လူမမည်သားသမီးလေးနှစ်ဦးရှိတော့ မိဘချင်း စာနာမိသလို ဒီလို လူလူချင်း သတ်ချင်စိတ်မပေါ်အောင် ဘယ်လိုထိန်းကျောင်းကိုင် တွယ်ရပါ့မလဲလို့လည်း စိတ်အပူကြီး ပူမိပါတယ် ဆရာ။ ဒါနဲ့ ပတ်သက်ပြီး ဆရာရဲ့ အကြံပြုသုံးသပ်ချက် လေးတွေကို သိချင်ပါတယ်ရှင့်။
မြမှူးသွယ်(FB)

စိတ်ရောဂါတစ်ခုခု ခံစားလာရတာကြောင့် လူသတ်မှု ဖြစ်ပွားရသူတွေလည်း ရှိပါတယ်။ သူတို့ဟာ စိတ်ရောဂါ မရရှိခင်က သူလို ငါလို သာမန်လူတွေဖြစ်ပါတယ်။ စိတ်ရောဂါလက္ခဏာတစ်ခုခုကြောင့် စိတ်အခြေအနေ ပြောင်းလဲသွားပြီး လူသတ်မိတာ ဖြစ်ပါတယ် . . .

ဖြေ။ ။(၁) ဒေါ်မြမှူးသွယ်ရဲ့မေးခွန်းကို မဖြေဆိုခင် တရားဥပဒေက သတ်မှတ်ထားတဲ့ လူလူချင်းသတ်တဲ့ လူသေမှု/လူသတ်မှုအမျိုးအစားကို ပြောပြလိုပါတယ်။ အဲဒါကတော့-

(က) လူတစ်ဦးက တခြားသူတစ်ဦးကို သေစေလိုတဲ့ စိတ်ဆန္ဒနဲ့သတ်ဖြတ်ခြင်း (လူသတ်မှု)၊

(ခ) လူတစ်ဦးက တခြားသူတစ်ဦးကို သေစေလိုတဲ့ ရည်ရွယ်ချက်မရှိပေမယ့် အဲဒီသူရဲ့ အပြုအမူကြောင့် တခြားသူတစ်ဦး သေဆုံးသွားခြင်း (လူသေမှု)။

(ဂ) စစ်အတွင်း ရန်သူအချင်းချင်း တိုက်ပွဲဖြစ်ပွားနေစဉ် သတ်ဖြတ်ခြင်း၊

(ဃ) နိုင်ငံတော်က ခွင့်ပြုထားတဲ့ သေစားသေစေ ဥပဒေအရ တရားခံကို သုတ်သင်ခြင်း၊

(င) ကုသလို့ မပျောက်ကင်းနိုင်တဲ့ ရောဂါကြောင့် အလွန်အမင်းဒုက္ခခံနေရတဲ့လူနာကို ငဲ့ညှာတဲ့ စေတနာနဲ့ အိပ်ဆေးထိုးပေးပြီး အသက် ချုပ်ငြိမ်းစေခြင်း (Euthanasia) “ကောင်းသောသေခြင်း”လို့ခေါ်ပါတယ်။ ဝေဒနာ ရှင်က သဘောတူရင် တချို့နိုင်ငံတွေမှာ တရားဝင်ခွင့်ပြုထားပါတယ်။

(စ) အစွန်းရောက်နိုင်ငံရေး/ဘာသာရေး အယူအဆကိုအကြောင်းပြုပြီး စစ်သွေးကြွအကြမ်း ဖက်သမားတွေက အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခြင်း (Terrorist Act)တို့ ဖြစ်ပါတယ်။

လူလူချင်း သတ်ဖြတ်ခြင်းနဲ့ စိတ်ကျန်းမာရေး ပညာအကြောင်း ဖြေကြားတဲ့အခါ နံပါတ်စဉ် (က)နဲ့ (ခ) အမျိုးအစားနဲ့ ပတ်သက်ပြီး ဆွေးနွေးမှာ ဖြစ်ပါတယ်။

(၂) အခုခေတ်မှာ လူသတ်မှုတွေ ပိုမိုများပြားလာသလား။
ကမ္ဘာပေါ်မှာ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခစစ်ပွဲတွေကြောင့် သေကြေပျက်စီးမှု များပြား နေတာတော့ မှန်ပါတယ်။ ဒါပေမဲ့ လူသတ်မှု ဖြစ်ပွားနှုန်းကတော့ လျော့နည်းလာတာကို တွေ့ရှိရပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ ၂၀၁၀ ပြည့်နှစ်က လူဦးရေ တစ်သိန်းမှာ တစ်နှစ်အတွင်း လူသတ်မှု ၆ ဒသမ ၉ မှုရှိပါတယ်။ ၂၀ဝ၂ ခုနှစ်မှာတော့ အဲဒီနှုန်းဟာ ၆ ဒသ မ ၂ပဲရှိတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ မှုခင်း ရုံးအဖွဲ့ (UNODC) က ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာတော့ ၂၀၁၂ ခုနှစ် စာရင်းဇယားအရ လူဦးရေ တစ်သိန်းမှာ လူသတ်မှု ၁၅မှုရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ၂၀၁၄ ခုနှစ်မှာ လူသတ်မှုနှုန်းက လူဦးရေ တစ်သိန်းမှာ ၅ မှုနဲ့ ၂၀၁၅ ခုနှစ်မှာ ၄ မှုသာရှိကြောင်း သိရပါတယ် (UNODC)။ အခုခေတ်မှာ သတင်းစာ၊ အင်တာနက်တွေထဲမှာ လူသတ်မှုတွေကို ဖတ်နေရတာကတော့ သတင်းမီဒီယာက ဒီကိစ္စကို စိတ်လှုပ်ရှားဖွယ်ရာသတင်းအဖြစ် ဖော်ပြနေကြလို့ ဖြစ်နိုင်ပါတယ်။

(၃) ဒေါ်မြမှူးသွယ်ရဲ့ စာထဲမှာ “သမီးရည်းစားချင်း အခန့်မသင့်ရာက ဓားထိုးသတ်မှု”အကြောင်းကို ဖော်ပြထားပါတယ်။
သြစတြေးလျနိုင်ငံမှာ လူသတ်သမားနဲ့ အသတ်ခံရသူ ဘယ်လို ဆက်သွယ်မှုရှိသလဲဆိုတာကို လေ့လာထားတာရှိပါတယ်။ တွေ့ရှိချက်တွေက စိတ်ဝင်စားစရာ ကောင်းပါတယ်။ လူသတ်မှုအားလုံးရဲ့ ၃၉ ရာခိုင်နှုန်းဟာ ဆွေမျိုးသားချင်း မိသားစုထဲမှာ ဖြစ်ပွားပါတယ်။ အဲဒီအထဲမှာ လင်မယား ဒါမှမဟုတ် လက်မထပ်ဘဲ အတူနေသူအချင်းချင်း သတ်ဖြတ်မှု က ၅၈ ရာခိုင်နှုန်း ဖြစ်ပါတယ်။ မိတ်ဆွေသူငယ်ချင်း၊ သိကျွမ်းသူအချင်းချင်း သတ်ဖြတ်တာက လူသတ်မှု အားလုံးရဲ့ ၃၀ ရာခိုင်နှုန်း ရှိပါတယ်။ သူစိမ်းအချင်းချင်း လူသတ်မှုဖြစ်တာက လူသတ်မှုအားလုံးရဲ့ ၁၁ ရာခိုင်နှုန်း ရှိပါတယ်။ ဒါကြောင့် မိသားစုထဲမှာ အကြမ်းဖက်မှုကို လျော့နည်းအောင် ဆောင်ရွက်နိုင်ရင် လူသတ်မှုအတော်များများကို ကာကွယ်နိုင်ပါလိမ့်မယ်။

(၄) ဒေါ်မြမှူးသွယ်ရဲ့ စာထဲမှာ လူသတ်မှုနဲ့ အရက်မူးတာ၊ မူးယစ်ဆေးသုံးစွဲတာ ဆက်စပ်မှု ရှိ၊ မရှိ ဝေဖန်ထားပါတယ်။
လူသတ်မှုအားလုံးရဲ့ ၂၂ရာခိုင်နှုန်းဟာ အရက်မူး၊ ဆေးမူးနေစဉ်မှာ ဖြစ်ပွားကြောင်း သိရပါတယ်။ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု များပြားတဲ့ နိုင်ငံတွေမှာ လူသတ်မှု ဖြစ်ပွားနှုန်းမြင့်မားကြောင်း တွေ့ရပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာအရလူဦးရေ တစ်သိန်းမှာ တစ်နှစ် ပျမ်းမျှ လူသတ်မှုနှုန်းက ၆ ဒသမ ၂ ရှိပါတယ်။ ဒါပေမဲ့ မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းကြီးထွားတဲ့ တောင်အမေရိကတိုက်နိုင်ငံတွေနဲ့ အမေရိကတိုက်အလယ်ပိုင်းနိုင်ငံတွေမှာ လူသတ်မှုနှုန်းက ၄-၅ဆလောက် ပိုမိုနေပါတယ်။ ဥပမာ ကိုလံဘီယာနိုင်ငံမှာ လူဦးရေ တစ်သိန်းမှာ တစ်နှစ်အတွင်း လူသတ်မှု ၂၇ မှု ရှိပါတယ်။ ဘရာဇီးလ်နိုင်ငံမှာ အဲဒီနှုန်းက ၂၄ မှုရှိပါတယ်။ ဟွန်ဒူရပ်စ်နိုင်ငံမှာတော့ လူသတ်မှုနှုန်းက လူတစ်သိန်းမှာ နှစ်စဉ် ၈၄ မှုရှိတယ်လို့ ဆိုပါတယ် (UNODC)။ ဒါကြောင့် မူးယစ်ဆေးဝါး သုံးစွဲမှု၊ ရောင်းဝယ်ဖောက်ကားမှု မရှိရင် လူသတ်မှုများပြားလာနိုင်တယ်လို့ ဆိုရမယ်။

(၅) လူသတ်မှုနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုတို့ ဆက်စပ်နေပါတယ်။ ဖွံ့ဖြိုးစ အာဖရိကနိုင်ငံတွေမှာ လူဦးရေ တစ်သိန်းမှာ တစ်နှစ်အတွင်း လူသတ်မှုက ပျမ်းမျှ ၁၂ မှုဖြစ်ပါတယ်။ အာရှတိုက်နိုင်ငံတွေမှာ တစ်နှစ်အတွင်း လူတစ်သိန်းကျော်မှာ လူသတ်မှုနှုန်း က ၃မှု၊ ဂျာမနီနဲ့ သြစတြေးလျနိုင်ငံတွေမှာတော့ အဲဒီနှုန်းက ၁မှု၊ အမေရိကန် ပြည်ထောင်စုမှာ ၅မှုနဲ့ စင်ကာပူနိုင်ငံမှာ ဝ ဒသမ ၈မှုသာရှိပါတယ်။ ဒီစာရင်းဇယားကို လေ့လာကြည့်ရင် နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာရင် လူသတ်မှုနှုန်း လျော့ နည်းလာတာကို တွေ့ရှိရပါတယ်။ အမေရိကန် ပြည်ထောင်စုမှာတော့ တခြား ဖွံ့ဖြိုးပြီး နိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် လူသတ်မှုနှုန်းဘာကြောင့် များပြား နေသလဲလို့ မေးစရာ ရှိပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ သေနတ်လက်နက်ကို အလွယ်တကူ ဝယ်ယူနိုင်တာက အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါတယ်။ ကမ္ဘာပေါ်မှာ လူသတ်မှုအားလုံးရဲ့ ၄၁ ရာခိုင်နှုန်းမှာ သေနတ်လက်နက်ကို အသုံးပြုကြပါတယ်၊ အမေရိကန် ပြည်ထောင်စုမှာတော့ သေနတ်ကို အသုံးပြုပြီး လူသတ်တာက လူသတ်မှုအားလုံးရဲ့ ၆၇ ရာခိုင်နှုန်း ဖြစ်ပါတယ်။

(၆) လူသတ်မှု ဖြစ်ပွားစေတဲ့ လူမှုရေး ပဋိပက္ခတွေ ကို လေ့လာထားတာ ရှိပါတယ်။ တစ်ဦးနဲ့ တစ်ဦး ရန်လို မုန်းတီး ကလဲ့စားချေတာက လူသတ်မှုအားလုံးရဲ့ ၂၀ ရာခိုင်နှုန်း ရှိတယ်။ လင်မယား ဒါမှမဟုတ် အတူနေ လိင်ဖက်အချင်းချင်း ခိုက်ရန်ဖြစ်ပွားစဉ် သတ်ဖြတ်မှုက လူသတ်မှုအားလုံးရဲ့ ၆၄ ရာခိုင်နှုန်း၊ ငွေရေးကြေးရေး ပစ္စည်းဥစ္စာနဲ့ ပတ်သက်ပြီး အငြင်းပွားလို့ လူသတ်မှုဖြစ်တာက ၂၂ ရာခိုင်နှုန်း ရှိတာကို သြစတြေးလျနိုင်ငံမှာ လေ့လာတွေ့ရှိရပါတယ်။
အထက်ဖော်ပြပါ အချက်အလက်တွေဟာ လူသတ်မှုနှုန်းကို များပြားစေတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဆင်းရဲတဲ့နိုင်ငံမှာ နေထိုင်သူတိုင်း လူသတ်သမားဖြစ်မသွားဘူး၊ အရက်မူးသူ၊ မူးယစ်ဆေးသုံးစွဲသူတိုင်းဟာ လူသတ်မှု ကျူးလွန်မိတာ မဟုတ်ပါဘူး။ လူအချင်းချင်း ပဋိပက္ခခိုက်ရန်ဖြစ်ပွားတိုင်း၊ အပြတ်ရှင်းလိုက်ကြတာ မဟုတ်ဘူး။ ဒါကြောင့် ဒေါ်မြမှူးသွယ်သိချင်တဲ့ “လူလူချင်း သတ်ချင်စိတ်” အကြောင်းကို ဆက်လက်ဖြေကြားပေးပါ့မယ်။

လူလူချင်း သတ်ရက်တဲ့ စိတ်
(က) စာရေးဆရာကြီး John Lescroat က လူလူချင်း သတ်ဖြစ်အောင် စေ့ဆော်ပေးတဲ့ စိတ်လေးမျိုးကို ကဗျာဆန်ဆန်ဖော်ပြထားပါတယ်။ အဲဒါတွေကတော့ အချစ်စိတ် (Love)၊ စွဲလမ်းတပ်မက်တဲ့ ကာမဂုဏ်စိတ် (Lust)၊ ပစ္စည်းဥစ္စာရယူပိုင်ဆိုင်လို စိတ်(Lucre)နဲ့ ရွံရှာမုန်းတီးစိတ်(Loathing)တို့ ဖြစ်ပါတယ်။ ဒီလို စိတ်ဓာတ်တွေဟာ လူတိုင်းမှာ အ နည်းနဲ့အများဆိုသလိုရှိတတ်ပါတယ်။ ဒါပေမဲ့ တချို့ လူတွေဟာ လူတကာထက် ထူးခြားလွန်ကဲနေတတ် ပါတယ်။ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနနဲ့ ကာ မတဏှာကြီးမားသူတွေ ဖြစ်ပါတယ်။

စိတ်ကျန်းမာရေးဆေးပညာမှာ အဲဒီလို စိတ်ဓာတ်မျိုးတွေ လွန်ကဲပြီး တစ်ဖက်စွန်းရောက်နေသူတွေကို “ကိုယ်ရည်ကိုယ်သွေး ချို့ယွင်းဝေဒနာ” (Personality Disorder)ရှိသူလို့ ခေါ်ပါတယ်။ လူသတ်မှု ကျူးလွန်ဖို့ အလားအလာများတဲ့ ကိုယ်ရည် ကိုယ်သွေး သုံးမျိုး ရှိပါတယ်။ ကိုယ်ရည်ကိုယ်သွေး ချို့ယွင်းသူဟာ စိတ်ရောဂါ ခံစားနေရသူ မဟုတ်ပါ ဘူး။ လူ့အဖွဲ့အစည်းနဲ့ အံဝင်ခွင်ကျမရှိတဲ့ အပြုအ မူအလေ့အထ ရှိသူတွေပဲ ဖြစ်ပါတယ်။
(ခ) စိတ်ရောဂါ တစ်ခုခု ခံစားလာရတာကြောင့် လူသတ်မှု ဖြစ်ပွားရသူတွေလည်း ရှိပါတယ်။ သူတို့ဟာ စိတ်ရောဂါ မရရှိခင်က သူလို ငါလို သာမန်လူ တွေဖြစ်ပါတယ်။ စိတ်ရောဂါလက္ခဏာတစ်ခုခုကြောင့် စိတ်အခြေအနေပြောင်းလဲသွားပြီး လူသတ်မိတာ ဖြစ်ပါတယ်။

(ဂ) ကာမဆန္ဒ ဖောက်ပြန်ချို့ယွင်းခြင်း (Sexual Deviation) အမျိုးမျိုး ရှိပါတယ်။ အဲဒီလို ချို့ယွင်းမှု ရှိသူတွေက လူသတ်မှု ကျူးလွန်တတ်ကြပါတယ်။

(ဃ) အထက်မှာ ဖော်ပြခဲ့တဲ့ စိတ်ချို့ယွင်းမှုမျိုး မရှိပေမယ့် လူသတ်မှု ကျူးလွန်မိသူတွေလည်း ရှိပါတယ်။ သူတို့ဟာ မိမိကိုယ်ကိုယ် ခုခံကာကွယ်လိုစိတ် (Self-Defence) နဲ့ ပြစ်မှုကျူးလွန်မိတာ ဖြစ်ပါတယ်။

ဒေါ်မြမှူးသွယ်ရဲ့ မေးခွန်းကိုပြည့်ပြည့်စုံစုံ ဖြေဆိုနိုင်ဖို့ အထက်မှာ ဖော်ပြခဲ့တဲ့ အချက်လေးချက်ကို အကျယ်တဝင့် ဆွေနွေးဖို့လိုအပ်ပါတယ်။

ရှေ့တစ်ပတ်တွင် ဆက်လက်ဖတ်ရှုပါရန်-

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top