Healthy Life Ad
Health Tips

လေဖြတ်ခြင်း မဖြစ်စေရန် ကာကွယ်ပါ

၊ ကိုမိုး ၊

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝနေထိုင်စား သောက်မှုပုံစံကို လိုက်နာတာက လေဖြတ်ခြင်းမဖြစ်အောင် သင် ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ လေဖြတ်ခြင်းမဖြစ်အောင် ကာကွယ်တဲ့နည်းလမ်းတွေဟာ နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးသင့်တဲ့ နည်းလမ်းတွေနဲ့ အတူတူပါပဲ။

– သွေးဖိအားကို ထိန်းသိမ်းပါ
လေဖြတ်ခြင်းကင်းဝေးအောင် သင်လုပ်ပေးနိုင်တဲ့ နည်းလမ်းတစ်ရပ်ကတော့ သွေးဖိအားကို ပုံမှန် အတိုင်းရှိနေအောင် ထိန်းပေးဖို့ပဲ ဖြစ်ပါတယ်။သင်ဟာ လေဖြတ်ဖူးရင် သွေးတိုးခြင်းမဖြစ်အောင် ထိန်းသိမ်းနေထိုင်တာဟာ နောက်ထပ်လေဖြတ်ခြင်း မဖြစ်အောင် ကာကွယ်ပေးရာရောက်ပါတယ်။ လေ့ ကျင့်ခန်းလုပ်တာ၊ စိတ်ဖိစီးမှုကို ထိန်းချုပ်တာ၊ ကျန်း မာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်း သိမ်းနေထိုင်တာနဲ့ အရက်နဲ့ဆိုဒီယမ်ကို ထိန်းချုပ်တာတွေဟာ သွေးတိုးရောဂါမဖြစ်အောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေပဲ ဖြစ်ကြပါတယ်။ သင်စားတဲ့ အစားအသောက်ထဲ ပိုတက်စီယမ်ပါတဲ့ အစားအ သောက်တွေကိုထည့်စားပေးပါ။ ဘဝနေထိုင်မှုပုံစံ ပြောင်းလဲခြင်းအပြင် သွေးတိုးကျဆေးတွေကိုလည်း ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း မှန်မှန်သောက် သုံးပေးရပါမယ်။

– ဆေးလိပ်မသောက်ပါနှင့်
ဆေးလိပ်သောက်တာဟာ လေဖြတ်နိုင်ခြေကို တိုးမြင့်စေတာကြောင့် ဆေးလိပ်ဖြတ်ပေးတာက လေဖြတ်ဝေဒနာမဖြစ်အောင် ကာကွယ်ပေးရာ ရောက်ပါတယ်။

– ကိုလက်စထရောနှင့် ပြည့်ဝဆီပါသော အစာ လျှော့စားပါ
ပြည့်ဝဆီ၊ ထရန့်ဖက်စ်စတဲ့ မကောင်းတဲ့ အ ဆီတွေကိုလျှော့စားပေးရင် သွေးကြောကျဉ်းတဲ့ အန္တရာယ်ကို လျော့ပါးစေပါတယ်။ သွေးတွင်း ကိုလက် စထရောပမာဏကို အစားအသောက်တစ်မျိုးတည်း နဲ့မထိန်းချုပ်နိုင်ရင် ဆေးဝါးမှီဝဲဖို့ ဆရာဝန်နဲ့ တိုင် ပင်ဆွေးနွေးပါ။

– ဆီးချိုသွေးချိုရောဂါကို ထိန်းချုပ်ပါ
သင့်မှာ ဆီးချိုသွေးချိုရောဂါရှိပါက အစားအသောက်၊ လေ့ကျင့်ခန်း၊ ကိုယ်အလေးချိန်ထိန်းခြင်း၊ ဆေးဝါးတို့နဲ့ ထိန်းချုပ်ပေးရပါမယ်။

– သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ စားပါ
သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို တစ်နေ့ ငါးကြိမ်နဲ့အထက်စားတာက လေဖြတ်ခြင်းဖြစ်နှုန်း ကို လျော့ကျစေပါတယ်။

– ကိုယ်အလေးချိန်ကို ကျန်းမာရေးနှင့်အညီ ထိန်းပါ
အဝလွန်တာဟာ သွေးတိုးရောဂါ၊ နှလုံးသွေးကြောရောဂါ၊ ဆီးချိုသွေးချိုရောဂါတွေလိုပဲ လေဖြတ်နိုင်တဲ့ အန္တရာယ်ကို တိုးစေပါတယ်။ ကိုယ်အလေးချိန် ၁၀ ပေါင်လောက် လျှော့ချတာက သွေးဖိ အားကိုလျော့ကျစေပြီး သွေးတွင်းကိုလက်စထရော ပမာဏကို ထိန်းပေးပါတယ်။

– ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းလုပ်တာက လေဖြတ်ခြင်း ဖြစ်နိုင် ခြေကို လျော့ကျစေပါတယ်။ လေ့ကျင့်ခန်းလုပ်တာ ကြောင့် သွေးဖိအားကျစေကာ သွေးတွင်းကောင်းတဲ့ ကိုလက်စထရော (HDL) ကို လျော့ကျစေပါတယ်။ ကိုယ်အလေးချိန်ကို လျော့ကျစေတဲ့အပြင် ဆီးချို သွေးချိုရောဂါမဖြစ်အောင် ထိန်းချုပ်နိုင်ပြီး စိတ် ဖိစီးမှုလျော့ကျစေပါတယ်။ တစ်နေ့မှာ မိနစ် ၃၀ လောက် လမ်းလျှောက်တာပဲဖြစ်ဖြစ်၊ ပြေးတာပဲဖြစ် ဖြစ် လုပ်ပေးပါ။

– အရက်ကို ရှောင်နိုင်လျှင် အကောင်းဆုံး
အရက်ကိုရှောင်ရှားတာက လေဖြတ်ခြင်းမဖြစ် အောင် ကာကွယ်ပေးနိုင်ပါတယ်။ အရက်ကိုအ လွန်အမင်းသောက်ရင် သွေးတိုးခြင်းနဲ့ လေဖြတ်ခြင်း တို့ကို ဖြစ်စေနိုင်တာကြောင့် အရက်ကို မနေနိုင်လို့ သောက်ချင်ရင်တောင် အသင့်အတင့်ပဲ သောက်ပါ။

– မူးယစ်ဆေးဝါး မသုံးစွဲပါနှင့်
မူးယစ်ဆေးဝါးသုံးစွဲတာက လေဖြတ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။ ဒါကြောင့် မူးယစ်ဆေးဝါးကို မသုံးစွဲပါနဲ့။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top