Healthy Life Ad
Child

ကျောင်းသားလူငယ်နှင့် ဖိုမသဘာဝပညာပေး(၂)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား)

“ ကျောင်းတွေမှာ ဖိုမသဘာဝပညာသင်ကြားပေးရင် အကျိုးကျေးဇူးရှိတယ်ဆိုတော့ ခင်ဗျားက ဒီကိစ္စမှာ ထောက်ခံတဲ့ဘက်ကပေါ့”

“ ဟုတ်ပါတယ်ကိုတာ”

“ ဘယ်လို အကျိုးကျေးဇူးများလဲ”

“ ပထမအကျိုးကျေးဇူးကတော့ ကျောင်းသားလူငယ်တွေ အသက်အရွယ်အလိုက် သိချင်လာတဲ့ ဖိုမသဘာဝဗဟုသုတကို သင့်တော်သလို မှန်မှန်ကန်ကန် သင်ကြားပေးနိုင်တာပေါ့”

“ ကျောင်းသားလူငယ်တွေက ဖိုမသဘာဝကိစ္စကို သိချင်တယ်ဆိုတဲ့ အထောက်အထားတွေရှိလို့လား၊ ပညာရှင်တွေရဲ့ အယူအဆပဲမဟုတ်လား”

အသက် ၅ နှစ်- ၈ နှစ်အတွင်း

“ လေ့လာထားတာတွေ ရှိပါတယ် ကိုတာ၊ အသက် ၅ နှစ်ကနေ ၈ နှစ်အတွင်းအရွယ်မှာ ကလေးတွေဟာ မိမိရဲ့ ဖိုမအင်္ဂါ အစိတ်အပိုင်းတွေအကြောင်းကို သိချင်တယ်၊ ဖိုမအင်္ဂါကို ထိတွေ့ကိုင်တွယ်ကြည့်ရင် ထူးခြားတဲ့ ခံစားမှုတစ်မျိုး ရရှိတာကို သတိထားမိကြတယ်။ ယောကျာ်းလေးနဲ့ မိန်းကလေး ဖိုမအင်္ဂါ ဘယ်လို ကွဲပြားခြားနားမှုရှိသလဲလို့ စူးစမ်းလိုကြတယ်။ ကစားတဲ့အခါ သူငယ်ချင်းအချင်းချင်းတစ်ဦးရဲ့ ဖိုမအင်္ဂါကို တစ်ဦးက ကြည့်ချင်တယ်။ ကလေးတွေ ဘယ်လို မွေးဖွားသလဲဆိုတာကို စပ်စုချင်စိတ် ရှိကြတယ်။

သမီးရည်းစားလုပ်တမ်း၊ လင်မယားလုပ်တမ်း ကစားတတ်ကြတယ်။ ကိုယ်ထိလက်ရောက်ပြုမူတာတော့ မဟုတ်ဘူး။ ရုပ်ရှင်၊ ဗီဒီယို၊ ရုပ်သံလွှင့်အစီအစဉ်တွေထဲမှာ ဖိုမကိစ္စတွေပါလာရင် သတိမူလာတတ်တယ်။ အဲဒီလို သိချင်စိတ်၊ စပ်စုချင်တဲ့စိတ်တွေဟာ သဘာဝအလျောက်ဖြစ်ပေါ်လာတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေဗျ . . ဒီတော့ ကလေးလူငယ်တွေ သိချင်တာကို မိဘကဖြစ်စေ၊ ကျောင်းဆရာ/ဆရာမက ဖြစ်စေ သင့်တော်သလိုပညာပေးရင် မကောင်းဘူးလား”

“ မိဘတွေက ကြုံကြိုက်သလိုပြောပြကြတာပဲ မဟုတ်လား”

“ မိဘတိုင်းက ဒီကိစ္စတွေကို မပြောလိုပါဘူး ကိုတာ၊ တချို့မိဘတွေက “ ကလေးနဲ့ မလိုက် . . ဘာတွေ လာမေးနေတာလဲ၊ သွားစမ်း”လို့ အော် ငေါက်တတ်တယ် မဟုတ်လား”

“ နောက်ပြီး အသက်အရွယ်အလိုက် ကျောင်းသားလူငယ်အားလုံးကို တန်းတူညီမျှ သင်ကြားပေးနိုင်တဲ့ ပတ်ဝန်းကျင်က စာသင်ကျောင်းဗျ၊ မိဘတွေထဲမှာ ပညာဗဟုသုတအဆင့်အမျိုးမျိုး ကွဲပြားနေတော့ သင်ကြားပေးနိုင်တာ မတူဘူးပေါ့”

အသက် ၉ နှစ်- ၁၃ နှစ်အတွင်း

“ အသက် ၉ နှစ်ကနေ ၁၃ နှစ်အတွင်းမှာ ကျောင်းသားလူငယ်တွေသိချင်တဲ့ ဖိုမသဘာဝ အကြောင်းအရာတွေက တစ်မျိုးဖြစ်လာတယ်”

“ ကျွန်တော့်သမီးက ၁၁ နှစ်ထဲ ရောက်တော့မယ်”

“ ဟုတ်ပါတယ်။ ဒီလိုအရွယ်ရောက်တော့ ခန္ဓာကိုယ်နဲ့ ဖိုမအင်္ဂါတွေမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာတယ်။ အပျိုဖော်၊ လူပျိုဖော်ဝင်စ ရှေးဦးလက္ခဏာတချို့ ပေါ်ပေါက်လာတယ်။ ဒီတော့ ဒီအရွယ်မှာ ဖိုမသဘာဝကိစ္စတွေမှာ ပိုမိုစိတ်ဝင်စားလာတယ်။ သူတို့တွေ့ရှိခံစားလာရတဲ့ ခန္ဓာကိုယ်အင်္ဂါ အပြောင်းအလဲတွေအကြောင်းကို သိချင်စိတ်ပွားများလာတယ်။

၁၃ နှစ်ပတ်ဝန်းကျင်မှာ စိတ်အပြောင်းအလဲတွေကိုလည်း တွေ့ရှိရမယ်။ သူငယ်ချင်းလို ချစ်ခင်တဲ့ စိတ်ဓာတ်မျိုးနဲ့ မတူတဲ့ ကာမဂုဏ် အရောင်သမ်းတဲ့ ချစ်စိတ်ကို စတင်ခံစားတတ်လာတယ်။ ယောကျာ်းလေးနဲ့ မိန်းကလေး ကွဲပြားခြားနားတာကို အမြင်တစ်မျိုးနဲ့ နားလည်လာတယ်။ ရှင်းရှင်းပြောရရင် ရည်းစားထားချင်စိတ် စတင်ပေါ်ပေါက်လာတယ်။ အဲဒီလို အရွယ်ရောက်လာရင် ခင်ဗျားသမီးကို ဘာတွေ သင်ကြားပေးမလဲ၊ မိဘနဲ့ သားသမီးအကြား ဒီကိစ္စတွေကို ဘယ်လို ဆွေးနွေးဆုံးမ,မလဲ”

“ အဲဒါတော့ ကျွန်တော်မဖြေနိုင်ဘူး၊ သူ့အမေကို အားကိုးရမှာပဲ ဆရာ”

“ မိသားစုတိုင်းမှာ ဖိုမသဘာဝကိစ္စနဲ့ ပတ်သက်လာရင် ဗဟုသုတအမျိုးမျိုး၊ ခံယူချက်အမျိုးမျိုး၊ စည်းကမ်းဘောင်အမျိုးမျိုး ရှိနိုင်တယ်။ ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးတဲ့ မိသားစုရှိနိုင်သလို မပြောရဘူးလို့ ပိတ်ပင်တားမြစ်ထားတဲ့ မိသားစုလည်း ရှိနိုင်တယ်။ ကျောင်းတွင်းဖိုမပညာပေး အစီအစဉ်က အိမ်မှာ မရရှိနိုင်တဲ့ ဗဟုသုတတွေကို ဖြည့်စွက်ပေးနိုင်ပါတယ်”

“ ဒီလို စဉ်းစားကြည့်တော့လည်း အဆိုးမဆိုသာပါဘူး”

အသက် ၁၄ နှစ်- ၁၈ နှစ်အတွင်း

“ ဒါ့ထက်ပိုပြီး အရေးကြီးတာ ရှိသေးတယ်။ အသက် ၁၄ နှစ်ကနေ ၁၈ နှစ်အတွင်းမှာတော့ ကျောင်းသားလူငယ်တွေဟာ စိတ်ကူးကို အကောင်အထည် ဖော်ချင်လာတတ်တယ်။ သမီးရည်းစားထားချင်စိတ်ကတစ်ဆင့် ချစ်သူရရှိလာတဲ့အထိ လက်တွေ့ပြုမူလာတယ်။ ဒီအရွယ်မှာ လူငယ်သဘာဝ စွန့်စားလိုစိတ် အားသန်လာတယ်။ မိဘရဲ့ အုပ်ထိန်းမှုအောက်က လွတ်မြောက်ဖို့ ရုန်းကန်ချင်လာတယ်။

အပေါင်းအသင်းရဲ့ လွှမ်းမိုးမှုကို ပိုမို ခံစားလာရတယ်။ လိင်ဟော်မုန်းဓာတ်ရဲ့ လှုံ့ဆော်မှုကလည်း ပြင်းပြလာတယ်။ ဒါကြောင့် လိင်ကိစ္စမှာ စွန့်စားကြည့်မိတာတွေ ဖြစ်ပေါ်လာပါတယ်။ အဲဒီအချိန်မှာ မှန်ကန်လုံလောက်တဲ့ ဖိုမသဘာဝဗဟုသုတရရှိနေဖို့ လိုအပ်တယ်။ မဟုတ်ရင် ကျန်းမာရေး အန္တရာယ်၊ လူမှုရေး အန္တရာယ်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်”

“ ဘယ်လို အန္တရာယ်တွေလဲဗျ”

“ လိင်မှတစ်ဆင့် ကူးစက်ရောဂါ ရရှိလာမယ့် အန္တရာယ်နဲ့ မရည်ရွယ်ဘဲ ကိုယ်ဝန်ရှိလာမယ့် အန္တရာယ်တွေပါပဲ။ ကျောင်းသားလူငယ်တွေထဲမှာ ဖိုမဆက်ဆံတဲ့ အကျင့်တွေပေါ်ပေါက်လာပေမယ့် “ ဘေးအန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံခြင်း (Safe sex)ဆိုင်ရာ ဗဟုသုတနည်းပါးရင် အန္တရာယ်မရှိဘူးလား”

“ မှန်ပါတယ်”
“ သြစတြေးလျနိုင်ငံမှာ အသက် ၁၅ နှစ်နဲ့ ၁၈ နှစ်ကြားအရွယ် ကျောင်းသားလူငယ်တွေထဲမှာ ၄၃ ရာခိုင်နှုန်းဟာ လိင်ဆက်ဆံဖူးတဲ့ အတွေ့အကြုံရှိတယ်။ ဒါပေမဲ့ သူတို့အထဲမှာ ၄၄ ရာခိုင်နှုန်းကသာ “ ရော်ဘာအစွပ်(Condom)”ကို လိင်ဆက်ဆံတိုင်း အသုံးပြုတယ်။ ၁၃ ရာခိုင်နှုန်းကတော့ ရော်ဘာအစွပ်ကို လုံးဝအသုံးမပြုကြကြောင်း သိရတယ်။ ရော်ဘာအစွပ်ကိုသုံးရင် ကျွန်တော်တို့ ပြောနေတဲ့ အန္တရာယ်တွေကို ကာကွယ်နိုင်မယ်မဟုတ်လား”

“ အဲဒီအန္တရာယ်တွေကို ကာကွယ်ဖို့ အကောင်းဆုံးနည်းကတော့ အချိန်မကျခင် ဖိုမဆက်ဆံတာကို ရှောင်ကြဉ်တာပဲ မဟုတ်လား”

“ မှန်ပါတယ်။ ကျောင်းတွင်း ဖိုမသဘာဝပညာ ပေးလုပ်ငန်းမှာ ဖိုမဆက်ဆံတာမစောဖို့၊ အချိန်စောင့်ဖို့၊ ရှောင်နိုင်သမျှ ရှောင်ကြဉ်ဖို့ ပညာပေးတာ၊ တိုက်တွန်းပြောကြားတာတွေ ဆောင်ရွက်ပါတယ်။ ဒါပေမဲ့ကိုတာ . . ကျောင်းသူကျောင်းသားတိုင်းဟာ “ ရဟန္တာ” လေးတွေ မဟုတ်ပါဘူး။ အတောင်မစုံသေးခင် အပျံသင်ချင်တဲ့ လူငယ်တွေရှိပါတယ်”

“ ဒီတော့ ဘာဖြစ်သလဲ”

“ ကျောင်းသားလူငယ်တွေထဲမှာ လိင်ကူးစက်ရောဂါ (ကာလသားရောဂါ)ရရှိနေတာ တွေ့ရှိရတုန်းပဲ။ သြစတြေးလျနိုင်ငံမှာ အသက် ၁၅ နှစ်နဲ့ ၁၉ နှစ် ကြားကျောင်းသားလူငယ်တွေထဲမှာ ၄ ရာခိုင်နှုန်းဟာ လိင်မှတစ်ဆင့် ကူးစက်ရောဂါတစ်မျိုးမျိုး နှစ်စဉ် ကူးစက်ရရှိတယ်။ အမေရိကန်နိုင်ငံ အထက်တန်း ကျောင်းသူ၊ ကျောင်းသားတွေထဲမှာ ၁၈ ရာခိုင်နှုန်း မှာ HIV ပိုးရှိနေတယ်”

“ HIV က ဘာလဲဗျ”

“ လိင်ဆက်ဆံလို့ ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုး (Human Papillomavirus) ဖြစ်ပါတယ်။ အဲဒီဗိုင်းရပ်စ်ပိုးက လိင်အင်္ဂါမှာ တွယ်ကပ်လာရင် လောလောဆယ်ရောဂါလက္ခဏာတွေ မတွေ့ရှိရပေမယ့် အမျိုးသမီးတွေမှာ “သားအိမ်လည်တံကင် ဆာ” ဖြစ်ပွားစေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ နောက်ပြီး ကျောင်းသား၊ ကျောင်းသူ ၄ ရာ ခိုင်နှုန်းမှာတော့ ဆီးပူညောင်းကျရောဂါရှိတယ်။

၂ရာ ခိုင်နှုန်းမှာတော့ လိင်အင်္ဂါရေယုန်ရောဂါ (Genital Herpes)ရှိကြောင်း တွေ့ရှိရတယ်။ အဲဒါအပြင် ဂနို ဆီးပူညောင်းကျရောဂါ၊ ဆစ်ဖလစ်ရောဂါနဲ့ HIV/AIDS ကူးစက်မှုတွေကိုလည်း အနည်းငယ်တွေ့ရှိရတုန်းပါပဲ။ ဒါကြောင့် လိင်ဆက်ဆံလို့ ရရှိလာနိုင်တဲ့ လိင်ကူးစက်ရောဂါတွေ အကြောင်းကို ကျောင်းသားလူငယ်တွေ သိသင့်တယ် မဟုတ်လား”

“ ကျွန်တော် သဘောတူရမှာပါ”

“ လက်ခံရမယ် ကိုတာ၊ နောက်အန္တရာယ် တစ်ခုရှိသေးတယ်”

“ မရည်ရွယ်ဘဲ ကိုယ်ဝန်ရရှိလာနိုင်တာကို ပြောတာလား”

“ ဟုတ်ပါတယ်။ အမေရိကန်နိုင်ငံမှာ အသက် ၁၅ နှစ်ကနေ ၁၉ နှစ်အကြား ကျောင်းသူတွေထဲမှာ ၇ ရာခိုင်နှုန်းကျော်ဟာ မရည်ရွယ်ဘဲ ကိုယ်ဝန်ရှိလာကြောင်း သိရတယ်။ အဲဒီအရွယ်မှာ ကိုယ်ဝန်ဖျက်ချ တဲ့နှုန်းက ၁၀ဝ မှာ၂ ယောက်လောက်ရှိတယ်။ မရည်ရွယ်ဘဲ ကိုယ်ဝန်ရရှိလာရင် တွေ့ကြုံရမယ့် စိတ်ဖိစီးမှုဒဏ်တွေ၊ မိသားစုအတွင်းမှာ ပေါ်ပေါက်လာမယ့် လူမှုရေးပြဿနာတွေ၊ ကိုယ်ဝန်ဖျက်ချလို့ဖြစ် ပေါ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို ခင်ဗျား စဉ်းစားမိမှာပါ”

“ သမီးရှင်တစ်ယောက်အနေနဲ့ စဉ်းစားကြည့်လို့ရပါတယ်။ စိုးရိမ်တာလည်း ရှိတာပေါ့”

“ လုံလောက်တဲ့ အသိပညာဗဟုသုတ ရှိဖို့ လိုအပ်ပါတယ်။ လိင်ဆက်ဆံတဲ့အခါ ကိုယ်ဝန်တားဆီး ကာကွယ်နည်းတွေကို ဘာကြောင့် အသုံးမပြုသလဲလို့ မေးကြည့်တော့ ကျောင်းသားလူငယ်တွေက ဘယ်လို ဖြေဆိုသလဲ”

“ ပြောပြပါ”

“ သန္ဓေတားနည်းကို မသိလို့ပါလို့ ၈၉ ရာခိုင်နှုန်းက အဖြေပေးတယ်။ သူတို့ပြောတဲ့ တခြားအကြောင်းပြချက်တွေကတော့ တစ်ခါတစ်ရံမှ ဖိုမဆက်ဆံတာကြောင့် မလိုအပ်ဘူးထင်လို့ သန္ဓေတားဆေးတို့၊ ရော်ဘာအစွပ်တို့ကို ဘယ်လိုရှာပြီး ဝယ်ရမယ်ဆိုတာမသိလို့၊ အဲဒါတွေ ဝယ်ဖို့ ပိုက်ဆံမတတ်နိုင်လို့၊ တခြားသူတွေသိမှာရှက်လို့၊ အရက်မူး ဆေးမူးဖြစ်နေတာကြောင့် သတိမထားမိလို့ . . . စသဖြင့်ပေါ့။ ဒီအချက်တွေကို လေ့လာကြည့်ရင် ကျောင်းသားလူငယ်တွေကို ဖိုမသဘာဝပညာ သင်ကြားပေးသင့်တယ် မဟုတ်လား”

“ လက်ခံပါတယ်”

“ ဒါကြောင့် ကျောင်းသားလူငယ်တွေကို အသက် ၁၂ နှစ်ဝန်းကျင်ကစပြီး ဖိုမသဘာဝပညာ သင်ကြားပေးသင့်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လမ်းညွှန်ထားတာရှိပါတယ်”

နောက်တစ်ပတ် ဆက်လက်ဖတ်ရှုပါရန်

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top