Healthy Life Ad
Child

မာ့ခ်ဇူကာဘတ်၏ မွေးကင်းစသမီးလေးသို့ စာတစ်စောင်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ဖေ့စ်ဘွတ်ခ်တည်ထောင်သူ မာ့ခ်ဇူကာဘတ်က သူ့ဘဝမှာအမှတ်တရဖြစ်ဖွယ်ရာ အဖြစ်အပျက်တွေကို လတ်တလောရရှိထားသူပါ။ သူဟာ မက်စ်လို့အမည်ရတဲ့ သမီးချောလေးရဲ့ ဖခင်ဖြစ်လာခဲ့ပါတယ်။ ရင်သွေးလေးရှိလာတဲ့အခါ လူအများစုရဲ့ လောကအပေါ်အမြင်က လန်းဆန်းလာပြီး ဘဝက¬နေထိုင်ရတာ ပိုလှပတယ်လို့ ထင်လာပါတယ်။

များမကြာခင်က မာ့ခ်ဟာ သူ့ဖေ့စ်ဘွတ်ခ်ရှယ်ယာ ၉၉ ရာခိုင်နှုန်းကို လူမှုကူညီရေးအသင်းအဖွဲ့တွေဆီ လှူဒါန်းဖို့စီစဉ်ခဲ့ပါတယ်။ အဲဒါနဲ့အတူ သူရဲ့မွေးကင်းစသမီးလေးကို စာတစ်စောင်ရေးခဲ့ပါတယ်။

‘ချစ်လှစွာသော မက်စ်

သမီးမေမေနဲ့ ဖေဖေဟာ သမီးရဲ့အနာဂတ်ကာလ မျှော်လင့်ချက်တွေနဲ့ပတ်သက်ပြီး ဖော်ညွှန်းပြစရာ စကားလုံးတောင်မရှိပါဘူး။ သမီးလေးကို ပျော်ရွှင်ကျန်းမာဖို့ မျှော်လင့်တယ်၊ ဒါမှ ဘဝကို အပြည့်အဝ စူးစမ်းလေ့လာနိုင်မှာဖြစ်တယ်။ မိဘအားလုံးလိုပဲ သမီးလေးကို ဒီနေ့ဖေဖေတို့ ရှင်သန်တာထက် ပိုကောင်းမွန်တိုးတက်တဲ့ ကမ္ဘာလောကကြီးမှာ ရှင်သန်စေချင်တယ်။

ကမ္ဘာကြီးက ပိုလှပလာပြီး ကျန်းမာရေး အဆင့်အတန်းတွေ ပိုတိုးတက်လာနေတယ်၊ ဆင်းရဲမှုတွေက လျော့နည်းလာတယ်၊ အသိပညာတွေ ကြီးထွားရှင်သန်နေတယ်၊ လူတွေက အချင်းချင်း ထိစပ်နေတယ်၊ နည်းပညာတွေက နယ်ပယ်တိုင်းမှာ တိုးတက်လာနေတယ်။ ဆိုတော့ကာ သမီးရဲ့ဘဝက ဖေဖေတို့ရဲ့ဘဝထက် ပိုပြီး သိသိသာသာ ကောင်းမွန်လာသင့်တယ်မဟုတ်လား။

ဒီလိုကမ္ဘာကြီး သာယာလှပလာဖို့ ဖေဖေတို့က အစွမ်းရှိသလောက် ပါဝင်လုပ်ဆောင်လိမ့်မယ်။ ဒါကသမီးလေးကို ချစ်မြတ်နိုးလို့သာမကဘဲ၊ နောင်မျိုးဆက်မှာ ရှင်သန်မယ့် ကလေးအားလုံးကို ချစ်မေတ္တာပေးတာပဲဖြစ်တယ်။ ဘဝအားလုံးမှာ တူညီတဲ့ တန်ဖိုးတွေရှိတယ်လို့ ဖေဖေတို့ယုံကြည်တယ်။ ဖေဖေတို့ လူ့အဖွဲ့အစည်းကြီးက ဒီကမ္ဘာလောကထဲ ဝင်လာမယ့် လူသားတိုင်း တိုးတက်စေဖို့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေကြတယ်။ ဒါပေမဲ့ အခုထိတော့ နောင်မျိုးဆက်တွေ ရင်ဆိုင်ရလာနိုင်တဲ့ ပြဿနာတွေအတွက် အရင်းအမြစ်အားလုံးကို မစုဆောင်းနိုင်သေးဘူး။

သမီးတို့မျိုးဆက်ကျရင် ဖေဖေတို့မျှော်လင့်တဲ့ အချက်နှစ်ခုရှိတယ်။ လူသားတန်ဖိုး မြင့်တက်လာဖို့နဲ့ တန်းတူညီမျှမှုရှိဖို့ပဲ။

ဒါကြောင့် ဒီရည်ရွယ်ချက်အတွက် ဖေဖေတို့ ဖေ့စ်ဘွတ်ခ်ရှယ်ယာ ၉၉ ရာခိုင်နှုန်း (လက်ရှိကာလ ပေါက်ဈေး အမေရိကန်ဒေါ်လာ ၄၅ ဘီလျံခန့်)ကို လှူပါမယ်။ ဒါက လိုအပ်နေတဲ့ အရာတွေနဲ့ စာရင်သေးငယ်တဲ့ လှူဒါန်းမှုဖြစ်တယ်ဆိုတာ ဖေဖေတို့သိပါတယ်။ ဖေဖေတို့တတ်နိုင်သလောက်လုပ်တာပါသမီး။

မက်စ်ရေ . . ဖေဖေတို့က သမီးကိုချစ်တယ်၊ ချစ်ခြင်းအားဖြင့် သမီးနဲ့ကလေးအားလုံးအတွက် ပိုကောင်းမွန်သာယာတဲ့ ဘဝမှာနေနိုင်ဖို့ တာဝန်ရှိတယ်လို့လည်း ခံစားမိတယ်။ ဖေဖေတို့ပေးတဲ့ ချစ်ခြင်းမေတ္တာ၊ မျှော်လင့်ချက်၊ ပျော်ရွှင်မှုတွေနဲ့အတူ ပြီးပြည့်စုံတဲ့ ဘဝမှာနေနိုင်ပါစေလို့ သမီးကို ဆုမွန်ကောင်းတောင်းပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top