Healthy Life Ad
Life Style

ကျန်းမာရေးစစ်ဆေးမှု ခံယူတော့မည်ဆိုလျှင် . . .

ပါမောက္ခဒေါက်တာဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. ဘယ်အသက်အရွယ်ဆိုရင် ကျန်းမာရေးစစ်ဆေးမှုကို စတင်ပြုလုပ်သင့်ပြီလဲဆရာ။

ဖြေ. ရောဂါမရှိတဲ့ သာမန်လူတစ်ယောက်က အသက် ၄၀ ကျော်ရင် ကျန်းမာရေးစစ်ဆေးမှုကို စတင် ခံယူသင့်ပါတယ်။ သတ်မှတ်ချက်က တစ်နိုင်ငံနဲ့ တစ်နိုင်ငံမှာတော့ မတူပါဘူး။ တချို့နိုင်ငံတွေက အသက် ၄၀မှာ ကျန်းမာရေးစစ်ဆေးမှုကို စတင်ခံယူသင့်တယ်လို့ သတ်မှတ်ပြီး တချို့က အသက် ၄၅နှစ်မှာ ကျန်းမာရေးစစ်ဆေးမှုကို စတင်ခံယူသင့်တယ်လို့ သတ်မှတ်ပါတယ်။

မေး. ကျန်းမာရေးစစ်ဆေးမှုကို မခံယူမီမှာ လူနာတွေအနေနဲ့ ဘယ်လိုအချက်တွေကို ဆောင်သင့်၊ ရှောင်သင့်ပါသလဲ ဆရာ။

ဖြေ. ကျန်းမာရေးစစ်ဆေးမှု (Medical Checkup) လုပ်ခါနည်းမှာ ရှောင်ဖို့၊ ဆောင်ဖို့ဆိုတာတော့ အထွေအထူးမရှိပါဘူး။ ဒါပေမဲ့ ဆီးချိုသွေးချိုရောဂါ ရှိ၊ မရှိ သိအောင် သွေးတွင်းသကြားဓာတ်ကို စစ်ဆေးချင်ရင် ည၁၀နာရီနောက်ပိုင်း အစာမစားဘဲ မနက်စောစောစစ်တာ (Fasting Blood Sugar)ကတော့ အကောင်းဆုံးပါ။ သွေးစစ်ဆေးမှုတချို့က အစာမစားခင် ဖောက်ရတာတွေရှိပါတယ်။ ည ၁၀နာရီနောက်ပိုင်း ဘာမှမစားဘဲ မနက်စောစော သွားစစ်တာက ကောင်းပါတယ်။ အဲဒါမျိုးတွေ မစစ်ရင်တော့ မလိုပါဘူး။

မြန်မာနိုင်ငံက ဓာတ်ခွဲခန်းအများစုကတော့ အစာစားပြီးလည်း အဆီဓာတ်ကို စစ်ဆေးပေမယ့် တချို့ဓာတ်ခွဲခန်းတွေမှာတော့ အဆီဓာတ်ကို စစ်ချင်ရင် ကြိုပြီးတော့ အစာမစားဘဲ Fasting Lipid Profile ကို စစ်ပေးပါတယ်။ တချို့စစ်ဆေးမှုတွေ ဥပမာ CT Scan ရိုက်မယ်လို့စီစဉ်ထားတဲ့အခါ ကျောက်ကပ်ကလည်း သိပ်မကောင်းတဲ့သူဆိုရင် လိုအပ်တဲ့အခါ မက်ဖော်မင်ဆေးကို ကြိုဖြုတ်ပေးထားရပါတယ်။

မေး. ကျန်းမာရေး စစ်ဆေးမှု မခံယူခင်မှာ တခြားဆင်ခြင်စရာတွေ ရှိရင်လည်း သိပါရစေဆရာ။

ဖြေ. နောက်ပြီးတော့ ဆီးကျောက်ရှိ၊ မရှိစစ်တဲ့ စစ်ဆေးမှုမှာ ဆီးကျောက်နဲ့ စမြင်းတုံးအစာဟောင်းတွေနဲ့ ရောမှာစိုးတဲ့အတွက် ဝမ်းနုတ်ပြီးမှ ရိုက်ရပါတယ်။ ဓာတ်မှန်ကျွမ်းကျင် ဆရာဝန်တွေနဲ့တိုင်ပင်ပြီး ဝမ်းနုတ်ပြီးမှ ရိုက်ရပါတယ်။ အစာအိမ်မှန်ပြောင်းကြည့်ရင်လည်း (အရေးပေါ်အခြေအနေမဟုတ်ရင်) အစာမစားဘဲ Fasting လုပ်ထားတာကို ပိုသဘောကျပါတယ်။ တခြား ထွေထွေထူးထူး ဆောင်ဖို့၊ ရှောင်ဖို့ မရှိပေမယ့် လိုအပ်ချက်ကြောင့် သပ်သပ်ရိုက်ရတဲ့အခါမျိုးတွေမှာတော့ ခုနကလို ကြိုပြီးလုပ်ပေးထားရတာတွေ ရှိပါတယ်။

အခုနောက်ပိုင်း ခေတ်စားနေတဲ့ နှလုံးသွေးကြောကျဉ်းသလား၊ မကျဉ်းဘူးလားဆိုတာကို သွေးကြောထဲ ဆေးထိုးပြီးတော့ CT Scan ရိုက်တာတွေ ရှိပါတယ်။ အဲဒီလိုရိုက်တဲ့အချိန်မှာ နှလုံးခုန်နှုန်းက ၆၀ အောက်ပဲ ရှိနေရပါတယ်။ နှလုံးခုန်နှုန်း ၆၀ အောက်လောက်ပဲရှိရတဲ့အတွက် နှလုံးခုန်နှုန်းကိုကျအောင် တချို့သော Beta-Blocker ဆေးတွေ ပေးလိုက်ရပါတယ်။ ဒါတွေက သီးသန့်စစ်ဆေးမှုတွေအတွက် အထူးလိုက်နာရတဲ့ အချက်တွေဖြစ်ပါတယ်။ အကြမ်းဖျဉ်းမှာတော့ ည၁၀နာရီနောက်ပိုင်း အစာမစားဘဲ မနက်စောစော သွားစစ်ရတာလောက်ပဲ အများစုလိုအပ်ပါတယ်။

မေး. ကျန်းမာရေး စစ်ဆေးမှုကို ပုံမှန်ခံယူတာကြောင့် ဘယ်လိုကောင်းကျိုးတွေ ရရှိနိုင်ပါသလဲ ဆရာ။

ဖြေ. လူတစ်ယောက်က ခန္ဓာကိုယ်ထဲမှာ ဘာတွေဖြစ်နေသလဲ၊ ဘာတွေဖြစ်လာမလဲဆိုတာ ကြိုတင်ပြီး ဘယ်သူမှမပြောနိုင်ပါဘူး။ ဘောလုံးသမားတစ်ယောက်လို ကျန်းမာရေးကောင်းပြီး ပုံမှန်စစ်ဆေးနေသူတွေတောင် ဒုတိယပွဲစဉ်မှာ နှလုံးခုန်ရပ်ပြီး ရုတ်တရက် အသက်ဆုံးရှုံးသွားတာမျိုးရှိပါတယ်။ ဒါကြောင့် ကျန်းမာရေးစစ်ဆေးမှု ပုံမှန်စစ်ဆေးတာကို အားပေးပါတယ်။ မြန်မာလူမျိုးတချို့မှာ ခက်တာက ‘ငါမှဘာမှမဖြစ်ဘဲနဲ့ စစ်ဖို့ မလိုပါဘူး။ စစ်လိုက်လို့ ရောဂါတွေ့ရင်၊ သိနေရင် စိတ်ဆင်းရဲနေရပါဦးမယ်’ ဆိုပြီးတွေးနေကြပါတယ်။ ဒါက မှားပါတယ်။ တကယ်လို့ ဆီးချိုရောဂါရှိနေပြီး မစစ်လို့ မသိရင် မြွေပွေး ခါးပိုက် ပိုက်ထားသလို ဖြစ်နေပါလိမ့်မယ်။

ဆီးချိုသွေးချိုရောဂါရှိရင် ရေငတ်ရမယ်၊ ပိန်သွားမယ်၊ ဆီးကို ပုရွက်ဆိတ်က အုံမှာပေါ့ .. အဲဒါတွေ မဖြစ်ဘဲနဲ့ ဆီးချိုသွေးချိုရောဂါကို စစ်စရာ မလိုပါဘူးဆိုတာမျိုး တွေးကြပါတယ်။ သွေးတိုးရင်လည်း ခေါင်းမူးရမယ်၊ ခေါင်းကိုက်ရမယ်..ဒါတွေမှ မဖြစ်တာ.. စစ်ဖို့မလိုပါဘူးလို့ ပြောတတ်ကြပါတယ်။ လူတွေသိထားဖို့က အဲဒီရောဂါတွေက ဘာလက္ခဏာမှ မပြဘဲနဲ့လည်း ဖြစ်နေတတ်ပါတယ်။

အဆီများတာ၊ နည်းတာကလည်း ဘာလက္ခဏာမှ မပြပါဘူး။ ပိန်တာ၊ ဝတာနဲ့လည်း ဆုံးဖြတ်လို့မရပါဘူး။ ပိန်တဲ့သူက အဆီများရင် များနေနိုင်သလို ဝတဲ့သူကလည်း အဆီနည်းရင် နည်းနေနိုင်ပါတယ်။ အဆီများရင် လေဖြတ်မယ်၊ သွေးတိုးဖြစ်နိုင်ခြေများတယ်..ဒီလိုလူတွေ မသိနိုင်တဲ့ အခြေအနေတွေ ရှိနေတဲ့အတွက် စောစောစစ်ပြီး စောစောသိအောင် ရှာဖွေသင့်ပါတယ်။

ဆေးပညာမှာ “ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်း၏” ဆိုတဲ့အတိုင်း နှစ်စဉ်စစ်ဆေးမှု ပြုလုပ်နေတာကို အားပေးပါတယ်။ စစ်လည်း စစ်သင့်ပါတယ်။ ရောဂါဖြစ်ရင်လည်း စောစောသိနိုင်ပြီး ရောဂါမကျွမ်းခင် ကုသမှုပေးနိုင်ပါတယ်။

မေး. ကျန်းမာရေးစစ်ဆေးမှုကို ပုံမှန်မကြာခဏ ခံယူတာကြောင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ရနိုင်ပါသလဲ ဆရာ။

ဖြေ.
ကျန်းမာရေးစစ်ဆေးမှု ပုံမှန်လုပ်နေလို့ ဘေးထွက်ဆိုးကျိုးတွေလည်း ဖြစ်လာနိုင်တယ်လို့ထင်နေရင် မှားပါတယ်။ ဆရာဝန်တွေကလည်း လိုအပ်မှပဲ ခဏခဏစစ်ပါတယ်။ မလိုအပ်ဘဲနဲ့ မစစ်ပါဘူး။ အထွေထွေ ကျန်းမာရေးကို တစ်ခါစစ်လိုက်လို့ အဲဒီအထဲမှာ အဆီဓာတ်များနေတာကို တွေ့တယ်ဆိုရင် ဆေးကုတယ်၊ ဆေးပေးတယ်၊ လိုအပ်ရင် နောက်သုံးလနေမှ နောက်တစ်ခါ ပြန်စစ်ခိုင်းတာမျိုးတော့ ရှိနိုင်ပါတယ်။ ဓာတ်မှန်ထဲမှာ တီဘီရောဂါကို သံသယဖြစ်တယ်။ ဒီတော့ တီဘီဆေးပေးပြီး ကုသတယ်၊ လိုအပ်ရင် နောက်ထပ်တစ်ခါ ဓာတ်မှန်ပြန်ရိုက်ပြီး စစ်ဆေးတယ်။ အဲဒီလိုမျိုးတော့ ရှိပါတယ်။

စောင့်ကြည့်ရတဲ့ ရောဂါတွေရှိရင်တော့ မကြာခဏ ပြန်စစ်ဆေးရတာမျိုး ရှိပါတယ်။ ဥပမာ-အသည်းရောင်အသားဝါ ဘီပိုးရှိတဲ့သူမျိုးဆိုရင် ALT ဆိုတဲ့ အင်ဇိုင်းကိုခြောက်လတစ်ခါလောက် စစ်ဆေးရပါတယ်။ မစစ်ရင် ဘီပိုးက ဘယ်အချိန် ကြွမယ်ဆိုတာကို မသိနိုင်ပါဘူး။ အဲဒီအတွက် မကြာခဏ စစ်ဆေးခိုင်းထားတာမျိုးတွေလည်း ရှိပါတယ်။ ကျန်းမာရေးစစ်ဆေးမှုကို ပုံမှန်ခံယူတဲ့တွက် အကြမ်းဖျင်းအားဖြင့် ဘာဘေးထွက်ဆိုးကျိုးကိုမှ မရနိုင်ပါဘူး။ ဘေးထွက်ဆိုးကျိုးရှိနိုင်တာကတော့ ဓာတ်မှန်ရိုက်တာပါ။ မကြာခဏ ဓာတ်မှန်ရိုက်တာကတော့ ဓာတ်ရောင်ခြည် အနည်းအကျဉ်း ထိနိုင်ပါတယ်။ CT Scan က ပိုဆိုးပါတယ်။

ကျန်းမာရေးစစ်ဆေးမှုနဲ့ ပတ်သက်ပြီး ဆရာတို့တွေ့နေရတာက အစွန်းနှစ်ဖက်ပါ။ တချို့လူတွေက စစ်ကို မစစ်ချင်တာပါ။ တချို့ကလည်း အစစ်လွန်နေတာပါ။ စစ်လို့ရသမျှ အကုန်စစ်မယ်။ တစ်ကိုယ်လုံးကို CT Scan ရိုက်မယ်ဆိုတာချည်းပဲ ဖြစ်နေကြပါတယ်။ ဆရာတို့က အရင်ဆုံး ဗိုက်ကို အာထရာဆောင်း အရင်ရိုက်ကြည့်ပါ၊ လိုအပ်မှ CT Scan ရိုက်တာပေါ့လို့ ပြောရင်တောင် ‘မဟုတ်ဘူး၊ ရိုက်ချင်တယ်’ ဆိုတာမျိုး ဖြစ်နေတတ်ပါတယ်။ တကယ်တော့ CT Scan တစ်ချပ်ရိုက်လိုက်တာက ဓာတ်မှန်အချပ် ၃၀ လောက်ရိုက်လိုက်တာနဲ့ ညီမျှနေပါတယ်။

ကျန်းမာရေး မစစ်ခင်မှာ ဆရာဝန်နဲ့ အရင်တိုင်ပင်တာကို ပိုအားပေးပါတယ်။ ဒါမှ ဆရာဝန်က လူနာကို အရင်စမ်းသပ်စစ်ဆေးမေးမြန်းပြီး လူနာအနေနဲ့ ဘယ်အချက်ကို ဦးစားပေးစစ်သင့်သလဲဆိုတာကို ပြောပြအကြံပေးနိုင်မှာဖြစ်ပါတယ်။

မေး. ကျန်းမာရေးစစ်ဆေးမှု မခံယူခင်မှာ ဆရာဝန်နဲ့ အရင်တိုင်ပင်ဆွေးနွေးမှု ပြုလုပ်သင့်ပါသလား ဆရာ။

ဖြေ. တချို့နေရာတွေမှာ ကျန်းမာရေး စစ်ဆေးတဲ့အခါမှာ Package တွေခွဲထားပါတယ်။ လူနာတွေက အရင်ကျန်းမာရေးစစ်ဆေးလာပြီးမှ ဆရာဝန်နဲ့လာပြတာလည်း ရှိပါတယ်။ အဲဒီ Package တွေထဲမှာ အစုံစစ်ဆေးလာတာတွေလည်းရှိပါတယ်။ အစုံမစစ်ဘဲ လာပြတာမျိုးလည်းရှိပါတယ်။ ဆရာတို့ကတော့ ကျန်းမာရေး မစစ်ခင်မှာ ဆရာဝန်နဲ့ အရင်တိုင်ပင်တာကို ပိုအားပေးပါတယ်။ ဒါမှ ဆရာဝန်က လူနာကို အရင်စမ်းသပ်စစ်ဆေးမေးမြန်းပြီး လူနာအနေနဲ့ ဘယ်အချက်ကို ဦးစားပေးစစ်သင့်သလဲ ဆိုတာကို ပြောပြအကြံပေးနိုင်မှာဖြစ်ပါတယ်။

ဆရာ့အမြင်ကတော့ ဆရာဝန်က လူနာကိုကြည့်ပြီး ဘာကိုဦးစားပေးစစ်ရမယ်ဆိုတာ အကြံဉာဏ်ပေးနိုင်တဲ့ အားသာချက်ရှိပါတယ်။ ဒီနေရာမှာ အမေရိကန်နည်းနဲ့ အင်္ဂလန်နည်းဆိုပြီး နှစ်မျိုးရှိပါတယ်။ အမေရိကန်က ချမ်းသာတော့ အစအဆုံး အကုန်စစ်ပါတယ်။ CT Scan တွေရိုက်တယ်၊ ဓာတ်မှန်ရိုက်တယ်၊ ECHO ရိုက်တယ်.. ဒါတွေ အကုန်လုပ်လိုက်တဲ့အတွက် ရောဂါရှိနေရင် မလွတ်တော့ပါဘူး။ အကုန်တွေ့ပါတယ်။ ပိုက်ဆံတော့ ကုန်ပါတယ်။ အင်္ဂလန်နည်းကတော့ အရင်ဆုံးဆရာဝန်နဲ့ တိုင်ပင်ပါတယ်၊ ဆရာဝန်က ပြောတဲ့အတိုင်း လိုအပ်တာကိုပဲ စစ်ဆေးပါတယ်။ ကောင်းတာကတော့ ပိုက်ဆံမကုန်တော့ပါဘူး။ မကောင်းတာကတော့ လွတ်သွားတဲ့ရောဂါတွေ ရှိနေနိုင်တာပဲ ဖြစ်ပါတယ်။

မေး. ကျန်းမာရေး စစ်ဆေးမှုနဲ့ပတ်သက်ပြီး အများပြည်သူကို ပညာပေးလိုတာရှိရင် သိပါရစေဆရာ။

ဖြေ. ဘယ်လိုပဲဖြစ်ဖြစ် အသက် ၄၀ ကျော်အရွယ်တွေကိုတော့ နှစ်စဉ် စစ်ဆေးမှုခံယူသင့်တယ်လို့ အထူးပြောချင်ပါတယ်။ ကိုယ့်အသက်အရွယ်အလိုက် ကိုယ်လုပ်နိုင်တဲ့အတိုင်းအထွာအရ စစ်ဆေးပေးပါလို့ အကြံပြုချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top