Healthy Life Ad
Life Style

တရုတ်ပြည်က အချမ်းသာဆုံး ဂျက်မား၏ ပြောကြားချက်များ

၊ ကိုမိုး ၊

တရုတ်က အလီဘာဘာ စီးပွားရေး လုပ်ငန်း တည်ထောင်သူ ဂျက်မားဟာ ကသောင်းကနင်းနိုင်တဲ့ ငယ်ဘဝကို ဖြတ်သန်းခဲ့ရပေမယ့် အခုအခါမှာ လုပ်ငန်းကြီးတစ်ခုကို စီမံခန့်ခွဲနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ သူ့ အောင်မြင်မှုနဲ့ သူ့စိတ်ကူးတွေကို မျှဝေခဲ့ပါတယ်။

ကုမ္ပဏီပိုင်ရှင်နဲ့ ဝန်ထမ်းကြား ဘယ်လို ခြားနား သလဲ
ကုမ္ပဏီပိုင်ရှင်က သူ့အရည်အချင်းနဲ့ သူ့ဝန်ထမ်းတွေရဲ့ နည်းပညာ အရည်အချင်းကို ဘယ်တော့ မှမယှဉ်သင့်ပါဘူး။ ဝန်ထမ်းတွေရဲ့ နည်းပညာအရည်အချင်းက အမြဲတမ်းပိုသာသင့်ပါတယ်။ အဲဒီလို မှ မဟုတ်ရင် သင်ဝန်ထမ်းခန့်တာ မှားနေပါပြီ။
ကုမ္ပဏီပိုင်ရှင်ဆိုတာ စီးပွားရေးလုပ်ငန်းအပေါ်ရှင်းလင်းတဲ့ အမြင်မျိုးပဲရှိသင့်ပါတယ်။ ဆုံးဖြတ်ချက်ချနိုင်ရမယ်၊ သည်းခံနိုင်စွမ်းရှိရမယ်၊ စိတ်ရှည်ရပါမယ်။ ခေါင်းဆောင်ဟာ တစ်ပြိုင်တည်းမှာ ကံအလွဲအပြောင်းနဲ့ မရှောင်နိုင်တဲ့ အရှုံးတွေကို ရင်ဆိုင်နိုင်ရပါမယ်။ ခိုင်မာတဲ့ ပန်းတိုင်ရှိရပါမယ်။

မေးခွန်း လေးခု

(၁) တကယ့်အရှုံးဆိုတာ ဘာလဲ

– ရှေ့ဆက်ဖို့ ရပ်ပစ်လိုက်တဲ့အခါမှာ ဒါက တကယ့်အရှုံးပါပဲ . .

(၂) အတွေ့အကြုံကောင်းဆိုတာ ဘာလဲ

– မကောင်းတဲ့ အခြေအနေတွေကို ကြုံတွေ့ရပြီး စိတ်ပျက်လက်ပျက် ဖြစ်တာတွေကို ကျော်လွှားနိုင်တဲ့အခါ ဒါ အတွေ့အကြုံကောင်းပါပဲ။

(၃) ဘာတွေနဲ့ ရင်းနှီးမှာလဲ

– အလုပ်ကြိုးစားပြီး ရည်မှန်းချက်ကြီးကြီးထားရပါမယ်။

(၄) ဘာနဲ့ စကားပြောမှာလဲ

– ဉာဏ်ကောင်းတဲ့ သူတွေက ဦးနှောက်နဲ့ပဲ စကားပြောတယ်၊ ပညာရှိတွေက နှလုံးသားနဲ့ စကားပြောပါတယ်။

ပြည့်စုံတဲ့ ဘဝ
အချိန်ပြည့်အလုပ်လုပ်ဖို့ မွေးဖွားလာတာ မဟုတ်ပါဘူး။ အလုပ်လုပ်ရင်းနဲ့ ဘဝကို ပျော်ပျော်နေရပါမယ်။ တခြားလူတွေရဲ့ ဘဝကို ပိုကောင်းလာအောင် ပံ့ပိုးပေးရပါမယ်။ ဒီလိုသာ နေနိုင်ရင် ဘဝမှာ နောင်တရတဲ့ နေ့ဆိုတာ ရှိတော့မှာ မဟုတ်ပါဘူး။

ပြိုင်ဖက်နှင့် ပြိုင်ဆိုင်မှု
လူမိုက်တွေကပဲ သူတို့ပြိုင်ဖက်တွေအပေါ် မနာလိုရန်ပြုတာတွေ ရှိပါတယ်။ လူတိုင်းအပေါ် ရန်သူလို ဆက်ဆံရင် လူတိုင်းက သူ့ရန်သူ ဖြစ်လာမှာပါ။

တခြားသူနဲ့ ပြိုင်ဆိုင်တဲ့အခါ မမုန်းပါနဲ့။ အမုန်းက သင့်ဘဝကို ဖျက်ဆီးပစ်ပါလိမ့်မယ်။ ပြိုင်ဆိုင်တယ်ဆိုတာ ချက်စ်ကစားသလိုပါပဲ။ သင်ရှုံးရင် နောက်တစ်ခါ သင့်အလှည့်ဆိုတာ ရှိလာပါလိမ့်မယ်။စစ်မှန်တဲ့ စွန့်ဦးတီထွင်သူတစ်ဦးအတွက် ရန်သူဆိုတာ မရှိပါဘူး။

ညည်းတွားခြင်း
တစ်ခါတစ်ရံ ညည်းတွားတာက ပြဿနာ မဟုတ်ပါဘူး။ ဒါပေမဲ့စိတ်ဓာတ်ကျတယ်ဆိုတာ မကြာမကြာ ဝင်လာတတ်တဲ့ ဧည့်သည်ပါ။ ဒါက ဘာနဲ့တူလဲဆိုတော့ အရက်စွဲသလိုပါပဲ။ ပိုသောက်လေ၊ ဖြတ်ရပိုခက်လေ။ စိတ်ဓာတ်ကျတာကို မတွန်းလှန်နိုင်ရင် အရှုံးကြီးရှုံးရပါလိမ့်မယ်။

စွန့်ဦးတီထွင်သူတို့အတွက် အကြံဉာဏ်
လူအများစုဟာ အခွင့်အလမ်းကောင်းတွေကို မတွေ့နိုင်ပါဘူး။ အစည်းအဝေးမှာ ဝန်ထမ်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို တွေ့ဆုံပြီး သူတို့စိတ်ကူးတွေကို မေးမြန်းလိုက်ရင် ကုမ္ပဏီအတွက် ပိုအလုပ်ဖြစ်တာကို တွေ့ရပါလိမ့်မယ်။

ဝန်ထမ်းတွေ အလုပ်မှာ ပျော်ရွှင်အောင်
၂၀ဝ၁ တုန်းက ကျွန်တော်ဟာ အမှားတစ်ခု လုပ်မိခဲ့ပါတယ်။ ကုမ္ပဏီက ဝန်ထမ်းတွေကို မန်နေ ဂျာရာထူးထက်ပိုမြင့်တဲ့ ရာထူးမရနိုင်ဘူးလို့ ပြောခဲ့မိတယ်။ အပြင်ကနေ ထိပ်တန်းမန်နေဂျာနဲ့ ဒုတိယ ဥက္ကဌတွေခန့်ချင်ခဲ့တယ်။ နှစ်တွေကြာလာတော့ အခုအခါမှာ ကိုယ့်ကုမ္ပဏီမှာ လုပ်နေတဲ့ လူတွေထက် ပိုကျွမ်းကျင်တဲ့ ဝန်ထမ်းတွေ မရှိဘူးဆိုတာ သိလာပါတယ်။ ကိုယ့်ဝန်ထမ်းတွေကိုပဲ ထိပ်တန်းမန်နေဂျာ ရာထူးနဲ့ ဒုတိယဥက္ကဌအဖြစ် ရွေးချယ်ခဲ့တယ်။
ဈေးဝယ်ဖောက်သည်တွေက နံပါတ်တစ်ဦးစားပေးပါ။ ဝန်ထမ်းတွေကတော့ နံပါတ်နှစ်ဦးစားပေးပါပဲ။ လုပ်ငန်းရှင်အတွက်က နံပါတ်သုံးဦးစားပေး ပေါ့။ ဝန်ထမ်းတွေက ကိုယ့်အလုပ်မှာ ပျော်ရွှင်တယ်ဆိုတာ ကိုယ့်ကုမ္ပဏီအောင်မြင်မယ့် အလားအလာပါ။

လုပ်ငန်းစပ်တူ လုပ်တဲ့အခါ
စီးပွားရေး အခွင့်အလမ်းကောင်းရှိပေမယ့် စပ်တူလုပ်ဖို့ ပါတနာရှာရတဲ့ အခါတွေရှိမှာပါ။ အဲဒီအခါ သင့်မှာ မရှိတဲ့ အရည်အချင်းတွေ ပိုင်ဆိုင်ထားသူဟာ စစ်မှန်တဲ့ ပါတနာပါ။ သူက လက်ရှိ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ . . သင့်အတွက် သင့်တော်တဲ့သူကို ရှာပါ။ အကောင်းဆုံးလူကို ရှာစရာ မလိုပါဘူး။

ကမ္ဘာပေါ်မှာ အထိရှအလွယ်ဆုံးအရာက လူသားချင်း ဆက်ဆံရေးပါပဲ။ အခမဲ့ဆိုတာက ဘယ်တော့မှ ဈေးမပေါပါဘူး။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် လုပ်ငန်းစပ်တူလုပ်တဲ့အခါ အခမဲ့ရဖို့ မမျှော်လင့်ပါနဲ့။

ကိုယ်ပိုင်စီးပွားရေးအလုပ် လုပ်တဲ့အခါ
စီးပွားရေး လုပ်ငန်းတစ်ခုကို လုပ်တဲ့အခါ သင့်အတွက် တည်ငြိမ်တဲ့ ဝင်ငွေ၊ ဆေးခွင့်နဲ့ နှစ်စဉ်ရနေတဲ့ ဘောနပ်စ်ငွေတွေကို သင်မမျှော်လင့်ပါနဲ့ တော့။

တခြားတစ်ဖက်မှာတော့ သင့်ဝင်ငွေက အကန့်အသတ်မရှိဖြစ်လာနိုင်သလို အချိန်ကို ပိုပြီး အကျိုးရှိရှိ အသုံးချနိုင်လာပါလိမ့်မယ်။ ပြီးတော့ သင်ဟာ ဘယ်သူ့ကိုမှ ခွင့်ပြုချက် တောင်းစရာ မလိုတော့ပါဘူး။

သင့်ဆုံးဖြတ်ချက်နဲ့ စိတ်ကူးစိတ်သန်းက တခြားသူတွေနဲ့မတူဘူးဆိုရင် သင့်ဘဝကလည်း အပြောင်းလဲကြီး ပြောင်းလဲသွားပါလိမ့်မယ်။

Most Popular

Healthy Life Ad
To Top