Healthy Life Ad
Life Style

သွေးတိုးရောဂါအကြောင်း သိကောင်းစရာ

ပါမောက္ခဒေါက်တာဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး။ ။ သွေးတိုးရောဂါရှိသူက ဘယ်အချိန်မှာ သွေးပေါင်ချိန်သင့်ပါသလဲဆရာ။
ဖြေ။ ။ သွေးဖိအားကို ဘယ်အချိန်တိုင်းသင့်သလဲဆိုရင် အိမ်မှာ တိုင်းရမယ်၊ မနက်ရော ညရော တိုင်းရမယ် လို့သတ်မှတ်ပါတယ်။ ဆေးရုံ၊ ဆေးခန်းတွေမှာ ပုံမှန်လာစစ်နေတာထက် အိမ်မှာ သွေးပေါင်ချိန်စက်ဝယ် ထားပြီး ပုံမှန်တိုင်းဖို့ ပိုလိုအပ်လာပါတယ်။

၂၄ နာရီတိုင်းထားဖို့ လိုအပ်တဲ့အခါ ဥပမာ Non-Dipping Hypertension လိုမျိုးဆိုရင် သွေးပေါင် ချိန်စက်ကို လက်မှာ ၂၄ နာရီလုံးပတ်ထားပြီး မှတ်ထားပေးတဲ့စက်နဲ့ တိုင်းတာဖို့ လိုပါတယ်။ ၂၄ နာရီ တိုင်းတာတဲ့အတွက် မနက်အစောပိုင်းဖြစ်တဲ့ သွေးပေါင်မကျတာ၊ ဆောင့်တက်တာတွေကိုလည်းသိနိုင်မယ်။ ညဘက်ဖြစ်တာတွေကိုလည်း သိနိုင်ပါတယ်။

ဒါကြောင့် နောက်ထပ် အသစ်ထွက်လာတဲ့ နည်းလမ်းတွေအရ သွေးတိုးရှိသူကို ဆေးရုံ၊ ဆေးခန်းတွေမှာတင်မက အိမ်မှာပါ အမြဲတိုင်းနေစေရပါမယ်။ မနက် တစ်ကြိမ်၊ ညတစ်ကြိမ်တိုင်းခိုင်းရပါမယ်။ သွေးပေါင် အတက်အကျတွေများနေတာတွေ့လေလေ ပိုဂရုစိုက်ရလေလေဖြစ်ပါတယ်။ အဲဒီအချက်တွေ ပိုလာပါတယ်။ လိုအပ်ရင် ၂၄ နာရီ တိုင်း တာပေးသင့်ပါတယ်။

အိမ်မှာဆိုရင် သွေးပေါင်ကို မနက် တစ်ခါ၊ ည တစ်ခါတိုင်းရပါမယ်။ တစ်ခါတလေ သွေးတိုးလား၊ မတိုးလား မသေချာတာရှိနေရင် ၇ ရက်ဆက်တိုက် တိုင်းခိုင်းလိုက်ပါတယ်။ ၁၄ ခါ၊ အနည်းဆုံး ၁၂ ခါ တိုင်းကြည့်လို့အများစုကတက်နေတယ်ဆိုရင် သွေးတိုးရှိတယ်လို့ သတ်မှတ်ပါတယ်။ တစ်ခါတလေမှ သွေးတိုးတယ်၊ အဲဒါကို သွေးပေါင်ကျဆေး အမြဲသောက်ဖို့လိုလားလို့ မေးလာရင် အဲဒီလိုပဲတိုင်း တာကြည့်ပါတယ်။ ၇ ရက်လောက်တိုင်းပြီး ၅ ရက်လောက်က သွေးတိုးနေရင် သွေးတိုးကျဆေးကို အ မြဲသောက်ဖို့လိုပါတယ်။

မေး။ ။ သွေးပေါင်က ဆေးခန်းမှာ တိုင်းတာနဲ့ အိမ်မှာ တိုင်းတာ အပြောင်းအလဲရှိတော့ ဘယ်လို အတိုင်း အတာဆိုရင် သွေးတိုးရှိတယ်လို့ ဆိုနိုင်ပါသလဲဆရာ။
ဖြေ။ ။ သွေးတိုးတယ်ဆိုတာ သွေးပေါင်က ၁၄၀/၉၀ mmHg နဲ့ အထက်ရှိရင် သွေးတိုးတယ်လို့ ခေါ် ပါတယ်။ အဲဒီမှာတောင် ဆေးရုံ၊ ဆေးခန်းမှာချိန်တဲ့ သွေးဖိအားနဲ့ အိမ်မှာ ချိန်တဲ့ သွေးဖိအားက မတူပါ ဘူး။ ဆေးရုံ၊ ဆေးခန်းတွေမှာ ချိန်လို့ ၁၄၀/၉၀ mmHg ကျော်ရင် သွေးတိုးတယ်လို့သတ်မှတ်ပါတယ်။ အိမ်မှာ ချိန်တယ်ဆိုရင်တော့ ၁၃၅/၈၅ mmHg ကျော်မှ သွေးတိုးတယ်လို့ သတ်မှတ်ပါတယ်။ အနည်းဆုံး သုံးခါချိန်ကြည့်လို့ တကယ်တက်မှ သွေးတိုးတယ်လို့ သတ်မှတ်ပါတယ်။ သွေးပေါင်ကျတယ်ဆိုတာကလည်း ယေဘုယျ အားဖြင့် ၉၀/၆၀ mmHg အောက် လျော့ရင် သွေး ပေါင်ကျတယ်လို့ သတ်မှတ်ပါတယ်။ အဲဒီကြားပမာဏကိုတော့ သွေးဖိအားပုံမှန်လို့ သတ်မှတ်ပါတယ်။

သွေးတိုးရောဂါကို အဓိကကုရတဲ့အကြောင်းရင်းကတော့ လူတစ်ယောက် နောက် ၁၀ နှစ်အတွင်းမှာ လေဖြတ်နိုင်ခြေ ဘယ်လောက်များလဲ၊ အဲဒီဖြစ်နိုင်ခြေတွေကို လျှော့ချဖို့ဖြစ်ပါတယ် . . .

မေး။ ။ သွေးပေါင်ချိန်တဲ့အခါ ဘယ်လိုစက်နဲ့ တိုင်းတာ က ပိုတိကျပါသလဲ ဆရာ။
ဖြေ။ ။ သွေးပေါင်ချိန်တာက သုံးမျိုးရှိတယ်။ ပြဒါးတိုင် နဲ့တိုင်းတာ၊ ဒစ်ဂျစ်တယ်စက်နဲ့ တိုင်းတာ၊ Android အဝိုင်းလေးတွေနဲ့ တိုင်းတာဆိုပြီး ရှိပါတယ်။ အမှန် ဆုံးကတော့ပြဒါးနဲ့တိုင်းတာဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်စက်နဲ့ တိုင်းတာက မှန်တော့မှန်ပေမယ့် ပထမဆုံးအနေနဲ့ စက်နဲ့တိုင်းကြည့်လိုက်၊ ပြဒါးနဲ့တိုင်းကြည့်လိုက်လုပ်ပြီး အဖြေနှစ်ခုကို နှိုင်းယှဉ်ကြည့်ဖို့လိုပါတယ်။ အဲဒီလိုယှဉ်ပြီး တိုင်းတာတဲ့အခါမှာ ကိုယ့်စက်က အမြဲ ၁၀လောက်များနေတတ်ရင် နောက်ပိုင်းအိမ်မှာ အဲဒီစက်နဲ့တိုင်းရင် ၁၀ ပြန်နုတ်ပြီး မှတ်ဖို့လိုပါလိမ့်မယ်။ ဒစ်ဂျစ်တယ်ကတော့ ကိုယ့်ဘာသာတိုင်းလို့ ရတဲ့အချက်က အားသာပါတယ်။ စက်နဲ့တိုင်းရင် လက်မောင်းကို တိုင်းတာက ပို ကောင်းပါတယ်။ တိုင်းမယ်ဆိုရင် ထိုင်ပြီး တိုင်းတာ ပိုကောင်းပါတယ်။ စက်ကို နှလုံးနေရာလောက်မှာ ထားတာ ကောင်းပါတယ်။ လက်မောင်းပတ်တဲ့ အ ပတ်ထဲမှာ လေကို အရင်ကုန်အောင် ထုတ်ပေးသင့်ပါတယ်။ တစ်ခါတိုင်းပြီးရင် ၅ မိနစ်လောက် ခြားပြီး တစ်ခါတိုင်းကြည့်ပါ။ ပျမ်းမျှကို တွက်စရာမလိုပါဘူး။ တက်နေတဲ့ အဖြေ၊ သွေးပေါင် အများဆုံးတက်တဲ့အ ခေါက်ကိုပဲ မှတ်ထားရမှာ ဖြစ်ပါတယ်။

မေး။ ။ သွေးပေါင်ကျဆေးကိုရော ဘယ်အချိန်မှာ သောက်သင့်ပါသလဲ ဆရာ။
ဖြေ။ ။ သွေးပေါင်ကျဆေးကိုတစ်မျိုးတည်း သောက်မယ် ဆိုရင်ညအချိန်မှာ သောက်စေချင်ပါတယ်။ ညဘက် ဆေးသောက်တာကြောင့် ညမှာဖြစ်တတ်တဲ့ သွေးတိုးတာကိုလည်း ထိထိရောက်ရောက် ကာကွယ်နိုင် သလို မနက်ဖြစ်တတ်တဲ့ သွေးတိုးတာနဲ့ သွေးပေါင် ဆောင့်တက်တာတွေကိုပါ ထိရောက်စွာတားနိုင်မှာ ဖြစ်ပါတယ်။

မေး။ ။ သွေးတိုးရောဂါကို ကုသတာကြောင့် ဘယ်လို အကျိုးကျေးဇူးရှိပါသလဲ ဆရာ။
ဖြေ။ ။ သွေးတိုးရောဂါကို အဓိကကုရတဲ့ အကြောင်းရင်းကတော့ လူတစ်ယောက် နောက် ၁၀နှစ်အတွင်းမှာ လေဖြတ်နိုင်ခြေဘယ်လောက်များလဲ၊ အဲဒီဖြစ် နိုင်ခြေတွေကို လျှော့ချဖို့ဖြစ်ပါတယ်။ ဒီဖြစ်နိုင်ခြေတွေကို တွက်ချက်တဲ့ ပုံသေနည်းတွေရှိပါတယ်။
အသက်ရယ်၊ ဆီးချိုရောဂါရှိမရှိ၊ ဆေးလိပ်သောက်၊ မသောက် အစရှိတာတွေကို ထည့်ပြီး နောက် ၁၀ နှစ်ကျော်တွေမှာ လေဖြတ်နိုင်ခြေရှိတယ် အစရှိသဖြင့် တွက်ပေးပါတယ်။ နောက် ၁၀ နှစ်မှာ လေဖြတ်ဖို့ များတယ်၊ နှလုံးရောဂါဖြစ်ဖို့ များတယ်လို့ထွက်လာရင် ဆီးချိုကုသဆေးတွေအပြင် နှလုံးအတွက် ကုသဆေးတွေ၊ လေမဖြတ်ဖို့ပါ ကြိုတင်ကာကွယ်တဲ့ဆေးပေးထားလို့ ရပါတယ်။

မေး။ ။ သွေးတိုးကျဖို့အတွက် တခြားဘယ်အချက်တွေက အရေးကြီးပါသလဲ ဆရာ။
ဖြေ။ ။ နောက်ထပ် အရေးကြီးတာက နေထိုင်မှုပုံစံကလည်း အရေးကြီးပါတယ်။

– တစ်နေ့ကို နာရီဝက်လောက် လေ့ကျင့်ခန်းလုပ်ပါ။ သွေးပေါင်တက်နေချိန်မှာတော့ လေ့ကျင့်ခန်းမလုပ်ပါနဲ့။

– အဆီလျှော့စားပါ။ အသီးအနှံများများစားပါ။

– စိတ်ဖိစီးမှုကို လျှော့ချရပါမယ်။

– အဝမလွန်အောင် ထိန်းရပါမယ်။

သွေးတိုးရောဂါရှိတယ်လို့ သတ်မှတ်မယ်ဆိုရင်၊ သတ်မှတ်ထားတဲ့ သွေးပေါင်ထက် မြင့်တက်နေ ပြီဆိုရင်နေထိုင်မှုပုံစံကို ကျန်းမာရေးနဲ့ ညီညွတ်အောင် အရင်ပြောင်းပေးရပါမယ်။ နောက်ပြီး ဆေးတိုက်ရ ပါမယ်။ ကျောက်ကပ်ထိ၊ မထိ ဆီးစစ်ရပါမယ်။ သွေးတိုးရောဂါရှိသူ ၁၀ဝ မှာ ၉၅ ရာခိုင်နှုန်းက မျိုးရိုးလိုက်ပြီး ဖြစ်တာဖြစ်ပါတယ်။ အသက် ၃၀ ကျော်မှ သွေးတိုးရှိတယ်ဆိုရင် မျိုးရိုးကြောင့်ဖြစ်တာ များပါတယ်။ သွေးတိုးနဲ့တွဲနေတဲ့ ဆီးချိုရောဂါ၊ နှလုံး သွေးကြောကျဉ်းရောဂါ၊ အဆီများတာ၊ လေဖြတ်တာတွေအတွက်လည်း စစ်ဆေးနေဖို့ လိုပါတယ်။ အီးစီ ဂျီရိုက်တာလည်းလုပ်ပေးရပါမယ်။ လိုအပ်ရင် ဓာတ်မှန်တွေ ရိုက်ပေးဖို့လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top