Healthy Life Ad
Life Style

အသားအရေအတွက် အကောင်းဆုံး အလေ့အကျင့် ရှစ်မျိုး

ကျက်သရေရှိတဲ့ အမျိုးသမီးအတွက် လှပပြီး ကြည့်ကောင်းတဲ့ အသားအရေက အရေးပါတဲ့ သင်္ကေတတစ်ရပ်ပါ။ အသားအရေ ကြည်လင်လှပစေဖို့ အောက်ပါအလေ့အကျင့်တွေကို လိုက်နာသင့်ပါတယ်။


(၁) ဖုန်းကို ပုံမှန် သန့်စင်ပေးခြင်း

ပါးပြင်မှာ အဖုအပိမ့်နီမြန်းမှုတွေကို သတိထားမိပါသလား။ ဒါဆိုရင် သင့်လက်ကိုင်ဖုန်းကို သတိထားပါ။ လက်ကိုင်ဖုန်းက ပါးပြင်ကို နီမြန်းတာ၊ ယားယံတာနဲ့ ရောင်ရမ်းတာတို့ ဖြစ်စေနိုင်ပါတယ်။ လက်ကိုင်ဖုန်းမျက်နှာပြင်က ဘိုထိုင်အိမ်သာထက် ဘက်တီးရီးယား ၁၀ ဆ ပိုကပ်ငြိနေတယ်လို့ လတ်တလောလေ့လာမှုက သက်သေပြထားပါတယ်။ ဖုန်းပြောရင်း သင့်မျက်နှာဆီ ပိုးမွှားမကပ်ငြိစေဖို့ ဖုန်းစကရင်ကို ဖုန်းသုတ်တဲ့အဝတ်နဲ့ သန့်စင်ပေးပါ။


(၂) မိတ်ကပ်ဘရပ်ရှ်များကို ပုံမှန်ဆေးကြောခြင်း

မိတ်ကပ်ဘရပ်ရှ်တွေကို သေချာမဆေးကြောဘဲသုံးရင် ဝက်ခြံ ပေါက်တာ၊ ဓာတ်မတည့်တာနဲ့ တခြားအရေပြားပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ မိတ်ကပ်ဘရပ်ရှ်တွေကို သေချာဆေးကြောပေးတာက အလှအပပြုပြင်မှု အစိတ်အပိုင်းတစ်ရပ်ပါ။ မိတ်ကပ်ဘရပ်ရှ်တွေကို ရှမ်ပူ ဒါမှမဟုတ် မျက်နှာသစ်ဆေးနဲ့ ဆေးကြောပေးတာ အကောင်းဆုံးပါ။


(၃) အစားအသောက်ကို သတိထားစောင့်ကြည့်ခြင်း

သကြားနဲ့ အဆီများတဲ့ အစာတွေက ကျန်းမာကြည့်ကောင်းတဲ့ အသားအရေရဲ့ နံပါတ်တစ်ရန်သူပါ။ အဆင်သင့်အစာတွေကို စားတာများလွန်းရင် အသားအရေခြောက်သွေ့တာ၊ အရေးကြောင်းထင်တာနဲ့ အရေပြားနွမ်းနယ်တာတို့ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဗီတာမင်နဲ့သတ္တုဓာတ်ပါဝင်မှုများတဲ့ မျှတတဲ့ အစားအသောက်တွေကိုရွေးချယ်စားပါ။


(၄) မျက်နှာကြေးချွတ်ပစ္စည်းကို အလွန်အကျွံ အသုံးမပြုခြင်း

မျက်နှာကြေးချွတ်ခရင်မ်တွေက အသားအရေကို လန်းဆန်းသန့် စင်ကာ ချောမွေ့စေပါတယ်။ ဒါပေမဲ့ ကြေးချွတ်ဖန်များရင် အရေပြား ရောင်ရမ်းမှုဖြစ်စေနိုင်ပါတယ်။ အသားအရေခြောက်သွေ့ပြီး ဝက်ခြံပေါက်နေရင် ကြေးချွတ်တာက ဒီအခြေအနေကို ပိုဆိုးစေနိုင်ပါတယ်။ အဆီပြန်တဲ့ အသားအရေရှိရင် တစ်ပတ်တစ်ကြိမ်ပဲ ကြေးချွတ်သင့်ပါတယ်။


(၅) လေ့ကျင့်ခန်းလုပ်ပြီးနောက် ချက်ချင်းရေချိုးခြင်း

အားကစားခန်းမက ရေချိုးခန်းမှာ ရေချိုးရတာက မသက်မသာဖြစ်ရပေမယ့် လေ့ကျင့်ခန်းလုပ်ပြီး ချွေးတွေကို မသန့်စင်နိုင်ရင် ချွေးပေါက်ပိတ်တာ၊ ဆားဝက်ခြံဖြစ်တာနဲ့ ဝက်ခြံဖုပေါက်တာတို့ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အားကစားခန်းမကို ဆပ်ပြာနဲ့ ခေါင်းလျှော်ရည်ယူသွားပြီး လေ့ကျင့်ခန်းလုပ်ပြီးတိုင်း ရေချိုးပေးပါ။


(၆) ရေမကူးမီနှင့် ရေကူးပြီး မျက်နှာကို ခရင်မ်လိမ်းခြင်း

ရေမကူးခင်နဲ့ ရေကူးပြီးချိန်မှာ မျက်နှာကို ခရင်မ်လိမ်းပေးပါ။ ရေကူးကန်ထဲက ဓာတုပစ္စည်းတွေဟာ အသားအရေကို ခြောက်သွေ့စေပြီး ရေဓာတ်ခမ်းခြောက်စေကာ အသားပပ်သလို ဖြစ်စေပါတယ်။ ကလိုရင်း ထိတွေ့မှုမရှိခင် အသားအရေကို ကာကွယ်နိုင်ဖို့ ခရင်မ်လိမ်းပေးပါ။ ရေကူးပြီးချိန်မှာ မျက်နှာသစ်ပြီး အစိုဓာတ်ထိန်းခရင်မ်ကို ထပ်မံလိမ်းပေးပါ။


(၇) ခန္ဓာကိုယ်၏ အချက်ပြသံကို အထူးအလေးထားခြင်း

မိတ်ကပ်တချို့က မျက်နှာစပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ မျက်နှာနီမြန်းတာနဲ့ မျက်နှာရောင်ရမ်းတာတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒီလို အခြေအနေဖြစ်ရင် လျစ်လျူမရှုထားပါနဲ့။ သုံးလက်စ မိတ်ကပ်ကို ရပ်လိုက်ပါ။


(၈) ရေပူသုံးပြီး ရေကြာကြာ မချိုးခြင်း

အလွန်ပူတဲ့ ရေနဲ့ချိုးတာက အရေပြားရဲ့ အကာအကွယ်အလွှာကို ထိခိုက်စေပြီး အစိုဓာတ်ဆုံးရှုံးစေပါတယ်။ ရေပူနဲ့ချိုးတာကြောင့် အချိန်မတိုင်ခင် အရေးကြောင်းထင်တာနဲ့ အသားအရေခြောက်သွေ့တာတို့ ဖြစ်စေနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top