Healthy Life Ad
Life Style

သွားဖုံးသွေးယိုခြင်း

ပါမောက္ခဦးကိုကိုမောင် (မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ ။ သွားဖုံးသွေးယိုတာက ဘာကြောင့်ဖြစ်တတ်ပါသလဲ ဆရာ။

ဖြေ ။ ။ သွားဖုံးသွေးယိုတာက နှစ်မျိုးနှစ်စားရှိတယ်၊ သွားဖုံးမကောင်းလို့ သွေးယိုတာနဲ့ သွေးရောဂါတွေဖြစ် လို့သွေးယိုတာဆိုပြီး အခြေအနေနှစ်မျိုးရှိပါတယ်။

မေး ။ ။ သွားဖုံးမကောင်းလို့ သွေးယိုတဲ့အကြောင်း သိပါရစေဆရာ။

ဖြေ ။ ။ သွားဖုံးမကောင်းဘူးဆိုတဲ့ အခြေအနေက သွားဖုံးကနီနေမယ်၊ သွားဖုံးတွေက ပွနေမယ်၊ သွားတွေ ကနဲ့လာမယ် . . အဲဒီလို အခြေအနေမျိုးဆိုရင် သွားဖုံးမကောင်းဘူးလို့ပြောလို့ရပါတယ်။ သွားဖုံးက လည်းကောင်းတယ်၊ သွားကလည်းနဲ့တာ မရှိဘူး၊ သွားတိုက်မှသာ သွေးထွက်တယ်ဆိုရင် ဒါကသွားဖုံး ရောင်နေလို့ဖြစ်တာလို့ ပြောနိုင်ပါတယ်။

မေး ။ ။ သွေးရောဂါတွေကြောင့် ပါးစပ်ထဲကနေ သွေးထွက်ရတဲ့ အကြောင်းကိုလည်း သိပါရစေ ဆရာ။

ဖြေ ။ ။ အလိုလိုနေရင်း ပါးစပ်ထဲကနေ သွေးတွေထွက်လာတယ်၊ သွေးတွေက ဘယ်နေရာက ထွက်မှန်း မသိအောင်ထွက်တယ်၊ ဘာကြောင့် သွေးထွက်မှန်းမသိဘဲ ပါးစပ်ထဲမှာ သွေးတွေ ပြည့်ပြည့်လာတယ် ဆိုရင်သွေးရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သွေးရောဂါဆိုတဲ့နေရာမှာ သွေးကင်ဆာ (Leukaemia)ကြောင့်လည်း ဖြစ်နိုင်တယ်၊ သွေးမွှားဥ (Platelets)လေးတွေ နည်းသွားရင်လည်း ဖြစ်တတ်ပါတယ်။ ပုံမှန်ထက် သွေးမွှားဥနည်းရင်လည်း ပါးစပ်ထဲမှာ အလိုလိုနေရင်း သွေးထွက်တတ်ပါတယ်။ ဒါကြောင့် သွေးရောဂါရှိလား၊ မရှိဘူးလားဆိုတာ သွေးကိုသေသေချာချာ ဖောက်ပြီးစစ်ဆေးမှ သိနိုင်မှာဖြစ်ပါတယ်။ သွေးရောဂါရှိနေရင် အဲဒီရောဂါကို ကုသမှသာ ပါးစပ်ထဲကနေသွေးထွက်တာ သက်သာသွားမှာပါ။

မေး ။ ။ သွားဖုံးမကောင်းလို့ သွေးယိုနေတယ်ဆိုရင် သက်သာအောင် ဘယ်လိုလုပ်နိုင်ပါသလဲ ဆရာ။

ဖြေ ။ ။ သွားဖုံးရောင်လို့ သွေးယိုတယ်ဆိုရင် ဘာကြောင့်သွားဖုံးရောင်တတ်သလဲဆိုတာ ပြောပြပါမယ်။ များသောအားဖြင့် သွားဖုံးကသွားတိုက်တဲ့နည်း မမှန်လို့သွားမှာ အညှိအချွဲတွေ ကပ်နေတတ်ပါတယ်။ အဲဒီကပ်နေတဲ့ အညှိအချွဲတွေကို မဖယ်ရှားဘူး၊ ဒီအတိုင်းရှိမြဲရှိနေရင် တံတွေးထဲမှာရှိတဲ့ ထုံးကျောက်တွေကအဲဒီအညှိအချွဲတွေမှာ သွားကပ်ပြီးတော့ ထုံး ကျောက်တွေကျလာတယ်။ အဲဒီအခါ သွားမှာဂျိုးကျောက်ဆိုတာ ဖြစ်လာပါတယ်။ သွားဂျိုးကျောက် တွေရှိနေရင် သွားဖုံးတွေက အမြဲရောင်နေတတ်ပါတယ်။ သွားဂျိုးကျောက်တွေကို သန့်စင်မယ်၊ အညှိ အချွဲတွေကိုစင်အောင် လုပ်လိုက်မယ်ဆိုရင် သွားဖုံးက နဂိုအတိုင်းပြန်ကောင်းလာနိုင်ပါတယ်။

မေး ။ ။ သွားဖုံးမကောင်းလို့ နောက်တစ်ခါ သွေးယိုတာ မျိုးမဖြစ်အောင် ဘယ်လို ကာကွယ်ထိန်းသိမ်းသင့် ပါသလဲ ဆရာ။

ဖြေ ။ ။ သွားမှာ နဂိုကတည်းက အညှိအချွဲတွေ မရှိစေဖို့ဆိုရင် သွားတိုက်နည်းမှန်ဖို့ လိုပါတယ်။ အညှိအချွဲတွေက များသောအားဖြင့် သွားဖုံးနဲ့သွားတွယ်ကပ်နေတဲ့ နေရာတွေမှာရှိနေတတ်တယ်။ အဲဒီနေရာ တွေကိုစင်အောင်တိုက်နိုင်ရမယ်။ သွားတိုက်တဲ့အခါ ပါးစပ်တစ်ခုလုံးကို အနည်းဆုံး နှစ်မိနစ်ကြာအောင် တိုက်ကိုတိုက်ရမယ်။ သွားက ၃၂ ချောင်းရှိတဲ့အတွက် လေးပုံစီခွဲပြီး အပေါ်နှစ်ပုံ၊ အောက်နှစ်ပုံရှိတယ်၊ တစ်နေရာကို အနည်းဆုံး ၁၅ စက္ကန့်ကြာ အောင်တိုက်ပေးရပါမယ်။ နှစ်မိနစ်ကျော်ကြာ သွားတိုက်တာကကိစ္စမရှိဘူး။ နှစ်မိနစ်ထက်နည်းပြီးသွား တိုက်ရင်သွားမှာ အညစ်အကြေးနဲ့ အညှိအချွဲတွေ ကစင်အောင်မတိုက်နိုင်ပါဘူး။ ဒါကြောင့် သွားတွေကို အနည်းဆုံးနှစ်မိနစ်ထားပြီး တိုက်ပေးရပါမယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top