Healthy Life Ad
International

အိုလံပစ်ချန်ပီယံက ဦးနှောက်ခွဲစိတ်အသက်ကယ်ပေးသည့် ဆရာဝန်အား အိုလံပစ်ရွှေတံဆိပ်ဆုလက်ဆောင်ပေး

မိုးမင်းထွန်း

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားမှ အက်ဒဝပ်ဂါစီယာဟာ ၁၁လသားအရွယ်ကတည်းက ရှားပါးတဲ့ ဦးနှောက်တွင်းအရည်စုဖွဲ့မှုရောဂါ ခံစားနေခဲ့ရပါတယ်။

အသက် ၈ နှစ်မပြည့်ခင်အထိ ခွဲစိတ်မှု ၂၆ ကြိမ် ပြုလုပ်ခဲ့ရပြီး လမ်းကြောင်းပြောင်းတဲ့ ခွဲစိတ်မှုတစ်ခုကြောင့် သက်သာရာရခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ဂါစီယာဟာ မနက်အိပ်ရာထတိုင်း ခေါင်းကိုက်တာ၊ ရင်ဘတ်အောင့်တာနဲ့ပျို့တဲ့ဝေဒနာတွေ စတင်ခံစားခဲ့ရပြီး အမြင်အာရုံလည်း တဖြည်းဖြည်း ဝေ၀ါးလာခဲ့ပါတယ်။ သူရဲ့လမ်းကြောင်းပြောင်းခွဲစိတ်မှုက ပြဿနာတစ်ခုခုရှိနေပြီလို့ သူက ထင်ခဲ့ပါတယ်။ ဆရာဝန်တွေကတော့ သဘောမတူခဲ့ပါဘူး။ ကွန်ပျူတာ စကန်စစ်ဆေးမှုရလဒ်အရလည်း ဘာအမှားမှ မတွေ့ ခဲ့ဘူးလို့ပြောပြခဲ့ပါတယ်။ လပေါင်းများစွာကြာကြာ ဆရာဝန်တွေပြောင်းပြီး ပြသခဲ့ပေမယ့်လည်း မထူးခြားခဲ့ပါဘူး။ ၁၁ကြိမ် မသန်စွမ်းအိုလံပစ်ချန်ပီယံဂါ စီယာဟာ သူ့အခြေအနေ တစ်နေ့တခြား ဆိုးဝါးလာခဲ့တာကြောင့် လိုအပ်တဲ့ကုသမှုမခံယူရရင် အိပ်ရာထဲလဲသွားပြီး အသက်ဆုံးရှုံးတာတောင်ဖြစ်တော့မယ့် အခြေအနေ ဖြစ်ခဲ့ပါတယ်။

နောက်ဆုံးမှာ ဂါစီယာကို ရော်နယ်ရီဂင်ဆေးရုံ အရေးပေါ်ဌာနကိုတင်ခဲ့ရပြီး အဲဒီမှာ ဂျူတီကျ ဦးနှောက်ခွဲစိတ်ဆရာဝန်တွေကို သူဦးနှောက်ကို ခွဲစိတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဘာအမှားမှ မတွေ့ရှိတာကြောင့် ဆရာဝန် ၅ယောက်မှာ ၄ ယောက်က လက်မခံခဲ့ပေမယ့် နောက်ဆုံးဆရာဝန်ဖြစ်တဲ့ ဒေါက်တာအိုင်ဆက်ယန်းက ဂါစီယာရဲ့ဦးခေါင်းအနောက်ကို စစ်ဆေးပေးခဲ့ပါတယ်။ အဲဒီနေရာမှာ ပြဿနာကို မတွေ့ခဲ့ပေမယ့် လည်ပင်းနာကျင်တာကိုတော့ သတိပြုမိခဲ့ပါတယ်။ ဒေါက်တာယန်းက ဂါစီယာရဲ့ဆန္ဒကို လိုက်လျောခဲ့ပြီး ခွဲစိတ်မှုပြုလုပ်ပေးခဲ့ပါတယ်။ ဂါစီယာရဲ့ထင်မြင်ယူဆချက်က မှန်ကန်ခဲ့ပြီး ကွန်ပျူတာ စစ်ဆေးမှုမှာမပေါ်ခဲ့တဲ့ လမ်းကြောင်းပြောင်း ခွဲစိတ်မှုပျက်ယွင်းနေတာကို တွေ့ရှိခဲ့ရပါတယ်။ ဂါစီယာရဲ့ဖြစ်ရပ်မှာတော့ နည်းပညာရဲ့ အားနည်းချက်ကို မြင်တွေ့ခဲ့ရပါတယ်လို့ ဒေါက်တာယန်းက ရှင်းပြပါတယ်။

ဒေါက်တာယန်းက လမ်းကြောင်းပြောင်းခွဲစိတ်တဲ့နေရာကို ပြုပြင်ပေးခဲ့ပြီး ခွဲစိတ်မှုပြီးနောက် ဂါစီယာ လပေါင်းများစွာ ခံစားနေရတဲ့ဝေဒနာတွေဟာ ပျောက်ကင်းသွားခဲ့ပါတယ်။

ဂါစီယာဟာ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲအတွက် လေ့ကျင့်ခန်းတွေတောင် ပြန်လုပ်နိုင်ခဲ့ပါတယ်။ ဒေါက်တာယန်းနဲ့ ပုံမှန်တွေ့ဆုံလေ့ရှိပြီး ဒီလမှာ ကျင်းပတဲ့ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုထပ်မံ ဆွတ်ခူးခဲ့တဲ့ ဂါစီယာဟာ သူရရှိတဲ့ရွှေဆုကို ဒေါက်တာယန်းကို လက်ဆောင်ပေးခဲ့ပါတယ်။ သူပြောတာကို ဘယ်သူမှ လက်မခံခဲ့ပေမယ့် ဒေါက်တာယန်းက သူ့ကို ယုံကြည်ကူညီခဲ့တာကြောင့် ရွှေတံဆိပ် လက်ဆောင်ပေးဖြစ်ခဲ့တာလို့ ဂါစီယာကပြောပြပါတယ်။

Ref; PP

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top