Healthy Life Ad
Child

ကလေးများတွင်ဖြစ်တတ်သည့် နမိုးနီးယားအဆုတ်ရောင်ရောဂါ [Pneumonial]

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း တာဝန်ခံ၊ အထွေထွေရောဂါကု ဆရာဝန်)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး။ ။ ကလေးတွေမှာ နမိုးနီးယားအဆုတ်ရောင်ရောဂါက ဘာကြောင့်ဖြစ်ရပါသလဲ ဆရာ။
ဖြေ။ ။ နမိုးနီးယား အဆုတ်ရောင်ရောဂါက အဓိကအားဖြင့် ဗိုင်းရပ်စ်ပိုးကြောင့်လည်းဖြစ်တတ်တယ်၊ ဘက်တီးရီးယားပိုးကြောင့်လည်း ဖြစ်တတ်တယ်။ မှိုပိုးကြောင့်လည်း ရှားရှားပါးပါး ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ဗိုင်းရပ်စ်ပိုးနဲ့ ဘက်တီးရီးယားပိုးကြောင့် ပိုအဖြစ်များပါတယ်။

မေး။ ။ မိခင်နို့ပြည့်ပြည့်ဝ၀တိုက်တဲ့ ကလေးတွေက နမိုးနီးယားအဆုတ်ရောင်ရောဂါ ဖြစ်နှုန်းနည်းတယ်လို့ ကြားဖူးလို့ပါ။ ဟုတ်ပါသလားရှင့်။
ဖြေ။ ။ နမိုးနီးယားအဆုတ်ရောင်ရောဂါနဲ့ ပတ်သက်တဲ့ လေ့လာမှုအမျိုးမျိုးအရ ရှုထောင့်ပေါင်းစုံက ပြောကြပါတယ်။ အဲဒီအထဲမှာ ဒီရှုထောင့်လည်း ပါဝင်ပါတယ်။ နောက်ထပ်သုံးသပ်ထားတဲ့ ရှုထောင့်တစ်ခု အရ အာဟာရကို ပြည့်ပြည့်ဝ၀၊ လုံလုံလောက်လောက် စားသောက်တဲ့ ကလေးတွေဆိုရင် နမိုးနီးယားအဆုတ်ရောင်ရောဂါ မဖြစ်အောင် ကာကွယ်ရာရောက်တယ်၊ အာဟာရပြည့်ဝရင် ဒီရောဂါဖြစ်နှုန်း နည်းတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သုံးသပ်ထားပါတယ်။ မိခင်နို့ချိုကို အသက်ခြောက်လအထိ ပြည့်ပြည့်ဝ၀တိုက်ကျွေးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ယူနီဆက်ကလည်း အမြဲမပြတ်ပြောနေပါတယ်။

မေး။ ။ ကလေးတွေ နမိုးနီးယားအဆုတ်ရောင်ရောဂါ ဖြစ်တဲ့အခါ ဘယ်လို လက္ခဏာတွေ ပြသတတ်ပါသလဲဆရာ။
ဖြေ။ ။ ကလေးတွေက အခုလို စွတ်စိုတဲ့ ရာသီဥတုမှာ နမိုးနီးယားအဆုတ်ရောင်ရောဂါ ဖြစ်နိုင်ခြေများပါတယ်။ ကလေးတွေ နမိုးနီးယားအဆုတ်ရောင်ရောဂါဖြစ်ရင် အဓိကပြတတ်တဲ့ လက္ခဏာတွေအနေနဲ့ ဖျားတယ်၊ ချောင်းဆိုးတယ်၊ ချောင်းဆိုးတာမှာတချို့က ချောင်းခြောက်ဆိုးတယ်၊ တချို့က သလိပ်ပါတဲ့ ချောင်းဆိုးတယ်။ ပြီးရင် ရင်ဘတ်အောင့်တယ်၊ အသက်ရှူမြန်လာတယ်။ အသက်ရှူမြန်လာတာကို ကလေးကတော့ ပြောတတ်မှာ မဟုတ်ပါဘူး။ မိဘတွေကတော့ ကြည့်လိုက်ရင် သိပါတယ်။ ကလေးရဲ့ ရင်ဘတ်နဲ့ ဗိုက် အသက်ရှူနှုန်းကို ကြည့်လိုက်ရင် အရမ်းမြန်ပြီး အသက်ရှူကျပ်တဲ့ ပုံစံမျိုး တွေ့ရတတ်ပါတယ်။

အထူးသဖြင့် ဒီရက်ပိုင်းမှာလည်း ကလေးတွေက ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေရပြီး ဖျားနာတာနဲ့ ချောင်းဆိုးတာတွေ အတော်လေး အဖြစ်များကြပါတယ်။ အဲဒီအတွက် နမိုးနီးယားအဆုတ်ရောင်ရောဂါမှန်း သိအောင်ကလေးကို စမ်းသပ်ကြည့်တဲ့အပြင် ရောဂါရာဇဝင်ကိုလည်း မေးမြန်းရပါတယ်။ ဖျားတာဘယ်နှရက်ရှိပြီလဲ၊ ချောင်းဆိုးတာ ဘယ်လောက်ရှိပြီလဲ ဆိုတာမေးရပါတယ်။ ပိုသေချာအောင် ဓာတ်မှန်ရိုက်ရပါတယ်။ သလိပ်စစ်ရပါတယ်။

မေး။ ။ နမိုးနီးယားအဆုတ်ရောင်ရောဂါက ကလေးဘယ်အသက်အရွယ်မှာ ပိုမိုအဖြစ်များပါသလဲ ဆရာ။
ဖြေ။ ။ နမိုးနီးယားရောဂါကတော့ ကလေးတင်မက လူကြီးပါဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အသက် ငါးနှစ် အောက်ကလေးတွေမှာ နမိုးနီးယားအဆုတ်ရောင် ရောဂါဖြစ်နှုန်းများပြီး သေဆုံးနှုန်းလည်းများပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ညွှန်းကိန်းတွေအရ တစ်ကမ္ဘာလုံးမှာ ငါးနှစ်အောက်ကလေး သေဆုံးနှုန်းစုစုပေါင်းရဲ့ ၁၅ ရာခိုင်နှုန်းက နမိုးနီးယားအဆုတ်ရောင် ရောဂါကြောင့် သေဆုံးတယ်လို့တွေ့ရပါတယ်။ ၂၀၁၅ တစ်နှစ်တည်းမှာတင် နမိုးနီးယားအဆုတ်ရောင်ရောဂါဖြစ်တဲ့ ကလေးကိုးသိန်းကျော်လောက်အသက် ဆုံးရှုံးတယ်လို့လည်း တွေ့ရပါတယ်။

မေး။ ။ကလေးတွေ နမိုးနီးယားအဆုတ်ရောင်ရောဂါမဖြစ်အောင် ဘယ်လို ကာကွယ်သင့်ပါသလဲ ဆရာ။
ဖြေ။ ။ အထူးသဖြင့် ကလေးမွေးကင်းစကနေစပြီး အသက် ငါးနှစ်အရွယ်အထိ အမျိုးသားကာကွယ်ဆေး ထိုးစီမံချက်အရ ချမှတ်ထားတဲ့ အသက်အရွယ် အလိုက် ကာကွယ်ဆေးတွေကို လုံလုံလောက်လောက်၊ မှန်မှန်ကန်ကန်၊ ပြည့်ပြည့်ဝ၀၊ ပြည့်ပြည့်စုံစုံ ထိုးထားနိုင်တယ်ဆိုရင် အကောင်းဆုံးပါပဲ။ ဒါဆိုရင် ရောဂါပိုးတွေကို ကာကွယ်ထားနိုင်ပါတယ်။ငယ်ရွယ်တဲ့ ကလေးတွေကို လက်သန့်အောင် ဆေးပေးဖို့လိုသလို ကလေးတွေ သိတတ်စအရွယ် ကတည်းက မိဘတွေကလက်သန့်ရှင်းအောင် ဘယ်လိုဆေးကြောသန့်စင်ရမယ်ဆိုတာ သင်ပေးရပါမယ်၊ လက်ကိုဆပ်ပြာနဲ့ သေချာတိုက်ပြီး ဆေးကြောတဲ့ အကျင့်ဖြစ်အောင် သင်ပေးဖို့လိုပါတယ်။

ကာကွယ်တဲ့ နေရာမှာ ပတ်ဝန်းကျင် အခြေအနေကလည်း အရေးပါပါတယ်။ အခုဆိုရင် လေထုညစ်ညမ်းလာပြီ၊ လူဦးရေထူထပ်လာပြီ၊ တစ်ပါတည်း ပတ်ဝန်းကျင် ညစ်ညမ်းလာတယ်၊ အဲဒီအချက်တွေကလည်း ကလေးကို ပိုးဝင်စေလို့ ကာကွယ်သင့်တဲ့ အချက်တွေပါ။ နောက်တစ်ခုက ကလေးရှိတဲ့ အိမ်က လူကြီးမိဘတွေ ဆေးလိပ်သောက်တဲ့အခါ အ သက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်နိုင်ခြေ များတဲ့အတွက် ရှောင်သင့်ပါတယ်။

ကာကွယ်ဆေးထိုးရမယ်၊ လက်သန့်ရှင်းရေး၊ တစ်ကိုယ်ရေ သန့်ရှင်းရေးအလေးထားရမယ်၊ ပတ်ဝန်းကျင်သန့်ရှင်းရေးကို လုပ်ဆောင်ရမယ်။
မြန်မာနိုင်ငံမှာ ပြင်းထန်အဆုတ်ရောင်ရောဂါ ကာကွယ်ဆေးကို အမျိုးသားကာကွယ်ဆေးထိုးစီမံချက်အရ ထိုးပေးနေပါပြီ။ အသက်နှစ်လသားကစပြီး ပြည့်ပြည့်ဝ၀ ထိုးဖို့ကိုလည်း ပညာပေးနေပါတယ်။ ဒီကာကွယ်ဆေးတွေကိုလည်း မပျက်မကွက်ထိုးကြဖို့လည်း လိုပါတယ်။

မေး။ ။ နမိုးနီးယားအဆုတ်ရောင်ရောဂါဖြစ်တဲ့ ကလေးနဲ့အတူထားရင် တခြားကလေးကို ကူးစက်နိုင်ပါသလားဆရာ။
ဖြေ။ ။ ကူးစက်တတ်ပါတယ်။ အဲဒီနမိုးနီးယား အဆုတ်ရောင်ရောဂါပိုးကလည်း နှာခေါင်းနဲ့ ပါးစပ်တို့မှာ ရှိတတ်တဲ့အတွက် အသက်ရှူလမ်းကြောင်းကတစ်ဆင့် ကူးစက်တတ်ပါတယ်။ အဲဒီအတွက် နမိုးနီးယား အဆုတ်ရောင်ရောဂါဖြစ်နေတဲ့ ကလေးတွေနဲ့တခြား ကလေးတွေကို တတ်နိုင်သမျှ ခွဲခြားထားဖို့လိုပါတယ်။ ကိုယ့်ကလေးက ကျောင်းတက်တဲ့အရွယ်ဆိုရင်လည်း ကိုယ့်ကလေးကို ကျောင်းမပို့ဘဲ နားခိုင်းဖို့ လိုပါတယ်။

မေး။ ။ ကလေးတွေ နမိုးနီးယားအဆုတ်ရောင်ရောဂါစ ဖြစ်ချိန်မှာ မိဘတွေက ဘယ်လိုပြုစုပေးဖို့လိုပါသလဲ ဆရာ။
ဖြေ။ ။ ကလေးတွေ နမိုးနီးယား အဆုတ်ရောင်ရောဂါကြောင့် ဖျားနာချိန်မှာ အဖျားကျဆေး၊ ချောင်းဆိုးပျောက်ဆေးတွေကို ကလေးရဲ့ အသက်အရွယ်အလိုက်ဆေးပမာကို တိုက်ကျွေးရပါမယ်။ အဖျားကြီး ရင်ရေပတ်တိုက်ပေးရပါမယ်။ အိမ်မှာ အနားယူခိုင်းရပါမယ်။ အာဟာရပြည့်ပြည့်ဝ၀ရအောင် ကျွေးရပါမယ်။ ကလေးက တကယ်တမ်း အသက်ရှူမြန်ပြီး အသက်ရှူကျပ်လာပြီဆိုရင် ဆေးရုံ၊ ဆေးခန်းနဲ့ နီးစပ်ရာ ကျန်းမာရေးဌာနကို မဖြစ်မနေသွားကို သွားပြရမှာ ဖြစ်ပါတယ်။

မေး။ ။ ကလေးတွေမှာဖြစ်တဲ့ နမိုးနီးယားအဆုတ်ရောင် ရောဂါနဲ့ပတ်သက်ပြီး အများပြည်သူကို ဘာများပညာ ပေးလိုပါသလဲ ဆရာ။
ဖြေ။ ။ လက်ရှိ မြန်မာနိုင်ငံမှာတင်မက ကမ္ဘာမှာပါ ရာသီဥတုပြောင်းလဲမှုတွေ ဖြစ်လာတဲ့အတွက် ရောဂါဘယတွေကလည်း ပိုမို ပေါများလာပါတယ်။ အဲဒီအတွက် ကလေး၊ လူကြီးအားလုံး ကျန်းမာဖို့ဆိုရင် ကျန်းမာရေးဗဟုသုတအသိတရား၊ သတိတရားရှိဖို့ လိုပါတယ်။ ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးပညာရှင်တွေ ညွှန်ကြားတဲ့အတိုင်း လိုက်နာဖို့ လိုပါတယ်။ ပြီးတော့ ကိုယ်ကိုယ်ကိုယ်ကလည်း တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဖို့ လိုပါတယ်။ အစိုးရတင်မက အရပ်ဘက်အဖွဲ့အစည်း၊ ပြည်သူလူထု အားလုံး ပူးပေါင်းပါဝင်မှ ရောဂါတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top