Healthy Life Ad
Life Style

စပရိန်နဲ့တူတဲ့ သွေးတိုးရောဂါ (၄)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

သွေးတိုးရောဂါအကြောင်း သိရှိပြီးရင် ဆက် လက်ပြီး သွေးတိုးရောဂါကို အကောင်းဆုံး ဘယ်လို ကုရမလဲ၊ ဘယ်လို ပြုစုစောင့်ရှောက်သင့်သလဲဆိုတာ ဆက်ပြီးပြောပြလိုပါတယ်။

ပထမဆုံး စဉ်းစားရမှာက သွေးတိုးလူနာဟာ Essential Hypertension လို့ခေါ်တဲ့ အကြောင်း ရင်းမရှိဘဲ သွေးတိုးတာပဲလား၊ Secondary Hypertension လို့ခေါ်တဲ့ တခြားအကြောင်းတစ်စုံ တစ်ရာကြောင့် သွေးတိုးတာလားဆိုတာ ခွဲခြားဖို့ လို ပါတယ်။

အကြောင်းရင်းမရှိဘဲ သွေးတိုးတာသက်သက် ဖြစ်တဲ့ Essential Hypertension ဟာ အဖြစ် အများဆုံးအမျိုးအစားဖြစ်ပြီး များသောအားဖြင့် မိဘမျိုးရိုးအလိုက် မိသားစုလိုက် ဖြစ်တတ်ကြတယ်။ တခြားအကြောင်းရင်းတစ်ခုခုကြောင် Secondary Hypertension သွေးတိုးတဲ့ရောဂါ ဥပမာ ကျောက် ကပ်ရောင်လို့ ဒါမှမဟုတ် ကျောက်ကပ်ရောဂါတစ် ခုခုဖြစ်လို့ သွေးတိုးတာမျိုးဖြစ်ပါတယ်။ ဒီနေရာမှာ နည်းနည်းရှုပ်ထွေးသွားစရာရှိတာကတော့ ကျောက်ကပ်မကောင်းတော့လို့ သွေးတိုးတတ်သလို သွေးတိုးကြာရင်လည်း ကျောက်ကပ်အလုပ်မလုပ်နိုင်ဘဲ ပျက်စီးသွားတတ်ပါတယ်။ အပြန်အလှန်ဆိုးကျိုး တွေ သက်ရောက်စေတာကို အထူးသတိပြုရပါမယ်။

တခြား သွေးတိုးစေတဲ့ အကြောင်းရင်းတွေ အများကြီး ရှိပါသေးတယ်။ အခုလို အခြေခံအကြောင်း ရင်းတစ်ခုခုကြောင့် သွေးတိုးနေတာဆိုရင် ဒီအကြောင်း ရင်းကို စောစောရှာဖွေကုသနိုင်ရင် သွေးတိုးအမြစ် ပြတ်ပျောက်ကင်းနိုင်ပါတယ်။ အသက်ငယ်တဲ့ သွေးတိုးရောဂါရှင်တွေမှာ အများအားဖြင့် တခြားအကြောင်းတစ်ခုခုကြောင့် သွေးတိုးတာ အဖြစ်များတတ်ပါတယ်။ လူငယ်တွေသွေးတိုးရင် အကြောင်းရင်း ဇစ်မြစ်ပိုရှာသင့်ပါတယ်။

ပိုအရေးကြီးတာက သွေးတိုးရောဂါကိုကုသတဲ့အခါ အကြောင်းရင်းခံရှိရှိ၊ မရှိရှိ ထပ်မံရှာဖွေရမှာကတော့ သွေးတိုးကြောင့် ထပ်ဆင့်ပွားလာတဲ့နောက်ဆက်တွဲ ရောဂါတွေပဲဖြစ်ပါတယ်။ ဒီရောဂါတွေက ပိုပြီးအရေးပါပါတယ်။ ဘာကြောင့်လဲဆိုတော့ အသက်အန္တရာယ်ပေးတာ ဒီနောက်ဆက်တွဲရောဂါတွေပဲဖြစ်ပါတယ်။ အခုတွေ့ခဲ့ရတဲ့ အထူးအသည်းအသန်အခန်းက လူနာအားလုံးနီးပါးဟာ သွေးတိုးမကျလို့ ဆေးရုံတက်ရတာ မဟုတ်ကြဘဲ သွေးတိုးကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲရောဂါကြောင့် ဆေးရုံတက်ရတာ ဖြစ်ပါတယ်။

ဒါကြောင့် သွေးတိုးနေတဲ့လူနာတွေကို နောက်ဆက်တွဲ ပြဿနာတွေ တွဲရှိနေပြီလားဆိုတာ ကြို တင်သိထားရပါမယ်။ ကျောက်ကပ်အလုပ်လုပ်သလား၊ ဆီးချိုသွေးချို ရှိ၊ မရှိ၊ သွေးတွင်းအဆီများ တာ ရှိ၊ မရှိ သွေးစစ်ကြည့်ရပါမယ်။ ဆီးစစ်ကြည့်ရပါမယ်။ အီးစီဂျီနဲ့ ရင်ဘတ်ဓာတ်မှန်ရိုက်ပြီး နှလုံး ကောင်း၊ မကောင်း၊ အာထရာဆောင်း စကင်တွေရိုက်ပြီး ကျောက်ကပ်ရောဂါနဲ့ ဆီးလမ်းကြောင်းမှာ ပိတ်ဆို့နေတတ်တဲ့ ဆီးကျောက်တည်ရောဂါ ရှိ၊ မရှိ စတာတွေကို သွေးတိုးမှန်းသိတာနဲ့ စစ်ကြည့်ရပါ မယ်။

ဒီလိုစစ်ဆေးတာတွေက သွေးတိုးရှိသူတိုင်း စစ်ရပါမယ်။ ကောင်းနေရင်လည်း တစ်နှစ်တစ်ခါပြန် စစ်နေရပါမယ်။ အခုအသည်းအသန်ခန်းက လူနာတွေ အားလုံးနီးပါးဟာ ဒီလိုစစ်ဆေးရကောင်းမှန်း မသိကြပါဘူး။ သူတို့ကို ကုပေးနေတဲ့ မိသားစုဆရာဝန်ဂျီပီတွေကလည်း သွေးပေါင်ချိန်မယ်၊ သွေးကျ ဆေးအတိုးအလျှော့လုပ်ပေးမယ်၊ ဒါ့အပြင် ဘာမှမမှာကြားခဲ့ပါဘူး။ သွေးတွေ၊ ဆီးတွေလည်း စစ်ဖို့ မညွှန်ကြားခဲ့ကြပါဘူး။ ဒါကြောင့် မိသားစုဆရာဝန်တွေအဖို့ ဈေးနှုန်း သိပ်မကြီးတဲ့ အခြေခံစစ်ဆေး ချက်တွေကိုလုပ်ဖို့ ပိုပြီးညွှန်ကြားသင့်ပါတယ်။ ဒါတွေအားလုံးစစ်ပြီး သိပြီးတော့မှ သွေးကျဆေးကိုအကောင်းဆုံး အသင့်တော်ဆုံး ရွေးချယ် ပေးရပါမယ်။ ဆေးကိုအမြဲစွဲသောက်ဖို့ အလွန်အရေးကြီးပါတယ်။

သွေးပေါင်ချိန် ဘယ်လောက်မှာ ချထားရမလဲ

တခြားအရေးကြီးတဲ့ အချက်ကတော့ သွေးပေါင်ချိန်ကို ဘယ်လောက်ရောက်အောင် ချရမလဲ၊ ထားရှိရမယ့် သွေးပေါင်ချိန်ပန်းတိုင်က ဘယ်လောက်လဲ၊ ဒါကတော့ အသက်ကြီးသူတွေ၊ တာရှည်စွာသွေးတိုးမထိန်းထားဘဲ သွေးတိုးကြာရှည်စွာ အရမ်းမြင့်နေသူတွေမှာ သွေးပေါင်ချိန်မှတ်ကို သိပ်မြန်မြန်မကျစေဘဲ Target ကို အပေါ်သွေး ၁၆၀၊ အောက်သွေး ၉၀ခန့်မှာထားရင် လုံလောက်ပေမယ့် အသက်မကြီး သူတွေမှာ အပေါ်သွေး ၁၄၀၊ အောက်သွေး ၈၀ ထက်အောက်ကို ရောက်အောင်ထားရပါမယ်။

ကျောက်ကပ်ရောဂါရှိသူတွေအတွက်တော့ အပေါ် သွေး ၁၃၀၊ အောက်သွေး ၈၀ အောက်သို့ချနိုင်ရင် ကျောက်ကပ်ဆက်လက်ပျက်စီးမသွားအောင် တား ဆီးနိုင်ပါတယ်။ သွေးအရမ်းတိုးနေတုန်း ချက်ချင်းသွေးပေါင်သိပ်ကျအောင်ချလိုက်ရင် လေဖြတ်တတ်ပါတယ်။ အရမ်းတက်လိုက်၊ ကျလိုက်ဖြစ်တာ ပိုဆိုးတတ်ပါတယ်။

သွေးကျဆေး ရွေးချယ်ခြင်း

သွေးတိုးနေတဲ့ လူနာတစ်ယောက်ကအကောင်းဆုံး သွေးကျဆေး ရှိရင်ပေးပါလို့ တောင်းဆိုလာရင် ဘယ်ဆေးကိုရွေးချယ်ပေးရမလဲ၊ သွေးတိုးထိန်းနိုင်ရင် ဘယ်သွေးကျဆေးမဆို သောက်လို့မရဘူးလား၊ သွေးကျရုံနဲ့တော်ပြီလား၊ အထူးကုတွေက ဘာလို့သောက်လက်စဆေးတွေကို လိုက်ပြောင်းပေးနေကြ တာလဲ။

အကောင်းဆုံး သွေးကျဆေးဆိုတာ လူနာရဲ့အသက်၊ နောက်ခံရောဂါ၊ နောက်ဆက်တွဲရောဂါဖြစ် တဲ့ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ လေဖြတ်ရောဂါ စတာတွေ ရှိ၊မရှိ၊ ဖြစ်နိုင်ခြေများ ၊ မများ စတာတွေကို ထည့်သွင်းစဉ်းစားရပါမယ်။ ဆေးသောက်ဖို့မေ့တတ်တဲ့ အလေ့ရှိ၊ မရှိ၊ ငွေကြေးကုန်ကျမှု နိုင်၊ မနိုင် စသဖြင့်လည်း စဉ်းစားပြီးမှ ရွေးချယ်ရင် အကောင်းဆုံးဖြစ်ပါမယ်။

အသုံးအများဆုံးဖြစ်တဲ့ Amlodipine, Nifedipine Retard , စတဲ့ဆေးအုပ်စုတွေဟာ လူတိုင်းသောက်လို့ရပါတယ်။ ဒီဆေးအုပ်စုမှာ လူသိများတဲ့ အမ်လောင်း (Amlong)၊ အမ်လိုဆန်း (Amlosun) စတဲ့ Amlodipine တွေဟာထိရောက်တယ်၊ ဈေးနှုန်းသင့်ပါတယ်။ ၂၄ နာရီလုံး တာရှည်ခံအမျိုးအစား တွေဖြစ်လို့ တစ်နေ့မှာ တစ်ကြိမ်တည်း သောက်ရုံနဲ့ ၂၄နာရီလုံးကာမိပါတယ်။

နိုင်ဖီဒပင်း (Nifedipine) လို့ခေါ်တဲ့သွေးကျဆေးက အချိန်တိုဆေးဖြစ်လို့ မလိုအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်တတ်ပါတယ်။ နှလုံးခုန်မြန်တာကြောင့် ရင်တုန်တတ်တယ်၊ နှလုံးအားနည်း ရင် (heart failure) သတိထားရမယ်။ ဒါပေမဲ့ Nifedipine ကိုတာရှည်ခံပြီး ဆေးအားချက်ချင်း မပြင်းထန်အောင် Show Release (SR) နဲ့ Retard ဖော်မျူလာတွေ ပြုပြင်လိုက်ရင် သောက်သုံးလို့သင့်တော်ပါတယ်။ Nifedipine ကို Rs နဲ့ Retanr ပါရင်သုံးပါ။

ဒီဆေးမျိုးတွေရဲ့ အဖြစ်အများဆုံး ဘေးထွက် ဆိုးကျိုးတစ်ခုကတော့ ခြေထောက်တွေရောင်ပြီး တင်းလာတာ ဖြစ်ပါတယ်။ ကျောက်ကပ်နဲ့ နှလုံးရော ဂါတွေကြောင့် ခြေထောက်ရောင်တာနဲ့ ဆင်ပါတယ်။ ဒါပေမဲ့ မတူတာက ခြေထောက်ချထားရင်ရောင်မယ်၊ မနက်စောစော အိပ်ရာထရင် မရောင်တော့ပြန် ဘူး။ နှလုံးရောဂါနဲ့ ကျောက်ကပ်ရောဂါသမားတွေကတော့ ဆီးနည်းပြီး အမ်ပါမလိုဒပင်းသောက်လို့ရောင် တာကဆီးမနည်းပါဘူး။

ဒီလိုဖောတာကို ဆီးဆေး ပေးလို့ မပျောက်ပါဘူး။ မလိုအပ်ဘဲ ရောဂါရှာနေမိ ရင်လည်း ငွေကုန်ကျပါလိမ့်မယ်။ ဆေးရပ်လိုက်ရင် ဖောတာ ပြန်ပျောက်သွားပါတယ်။ မိမိရဲ့ ဆရာဝန် ကို ပြန်လည်ဆွေးနွေးပါ။ အန္တရာယ်တော့ မရှိကြောင်း ရှင်းပြပြီး ဒီဆေးသောက်ဖို့ လိုအပ်ပါက ဆက် သောက်နိုင်ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top