Healthy Life Ad
Life Style

အဝလွန်ခြင်းနှင့် ကျန်းမာရေး

ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး။ ။ လူတစ်ယောက်က အဝလွန်နေပြီ ဆိုတာကို ဘယ်လိုသိနိုင်ပါသလဲ ဆရာ။
ဖြေ။ ။ BMIအတိုင်းအတာကို သိအောင် အရပ်ကို တိုင်းရမယ်၊ ကိုယ်အလေးချိန်ကို တိုင်းရမယ်။ ပြီးရင် BMI တွက်နည်းအတိုင်း တွက်ချက်ကြည့်ရမယ်။
BMI တွက်နည်း =ကိုယ်အလေးချိန်(ပေါင်) / အရပ်အမောင်း(လက်မ)၂
WHO(ကမ္ဘာ့ကျန်းမာရေးအဖွဲ့)ရဲ့ အဆိုအရ BMI က ၁၈ ဒသမ၅ အောက်ဆိုရင် ကိုယ်အလေး ချိန်နည်းတယ်၊ ၁၈ ဒသမ ၅ နဲ့ ၂၄ ဒသမ ၉ ကြား ဆိုရင် ကိုယ်အလေးချိန်ကပုံမှန်ပဲ။ ၂၅နဲ့ ၂၉ ဒသမ ၉ ကြားဆိုရင် ကိုယ်အလေးချိန်များနေပြီ၊ ၃၀နဲ့ ၃၄ ဒသမ ၉ ကြားဆိုရင် အဝလွန်နေပြီ၊ ၃၅နဲ့ ၃၉ ဒသမ ၉ ကြားဆိုရင် အလွန်အဝလွန်နေပြီ၊ ၄၀ အထက် ဆိုရင် အလွန့်အလွန်ဝနေပြီလို့ ဆိုထားပါတယ်။

အာရှမှာတော့ ၁၈ဒသမ၅ နဲ့ ၂၃ ကြားဆိုရင် ပုံမှန်ကိုယ်အလေးချိန်ရှိတယ်လို့ သတ်မှတ်တယ်။ ၂၃နဲ့ ၂၉ ဒသမ၉ ကြားဆိုရင် ပုံမှန်ထက်များနေပြီ လို့ သတ်မှတ်ပါတယ်။ ကျန်တဲ့ရလဒ်တွေကတော့ WHO မှာနဲ့ အတူတူပါပဲ။ ဒါပေမဲ့ ဒီ BMI ရလဒ်အ တိုင်းဆုံးဖြတ်တာက ၁၀ဝ ရာခိုင်နှုန်းမမှန်ပါဘူး။

လူတွေမှာဝပုံဝနည်းက အမျိုးမျိုးရှိတော့ ဘယ် လိုဝသလဲဆိုတဲ့အချက်ကို ထည့်ပြီးစဉ်းစားရပါတယ်။ ဝတာကတစ်ကိုယ်လုံးဝတာလား၊ Central Obesity လို့ ခေါ်တဲ့ ခန္ဓာကိုယ်အလယ်ပိုင်းက ဗိုက်နဲ့ ခါးတွေ မှာဝနေတာလား၊ Peripheral လို့ခေါ်တဲ့ ဘေးဘက် တွေမှာ ဝနေတာလားဆိုတဲ့ ခန္ဓာကိုယ်မှာ အဆီတွေ ကဘယ်နေရာမှာစုနေတာလဲကို ကြည့်ဖို့လိုပါတယ်။

‘သုတေသနတွေ့ရှိချက်တွေအရ ဝတာကိုလျှော့လိုက်ပါ။ ဒါဆိုရင် သွေးတိုးလည်းကျမယ်။ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နှုန်းလည်း ကျမယ်၊ ဒူးနာဝေဒနာလည်း သက်သာမယ်။ ကင်ဆာဖြစ်နှုန်းလည်း လျော့ကျမယ်လို့တွေ့ရှိလာရတယ်။ ဒါကြောင့် ဝတဲ့သူတွေ ကိုယ်အလေးချိန်လျှော့တာက လှချင် လို့မဟုတ်ပါဘူး။ ကျန်းမာရေးဆိုးကျိုးတွေမရအောင်၊ အသက် အန္တရာယ်မစိုးရိမ်ရအောင်လို့ ဖြစ်ပါတယ် . . .’

အဆီတွေက အလယ်မှာစုပြီး ဗိုက်ပူခါးတုတ် နေတယ်ဆိုရင် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်တာ၊ အဆီများတာနဲ့ ကင်ဆာရောဂါတွေ ဖြစ်နိုင်ပါတယ်။
တကယ်လို့များ အဆီတွေက ဘေးဘက်မှာ စုနေတယ်၊ (ဥပမာ-အမျိုးသမီးဆိုရင် ရင်ဘတ်၊ တင်ပါးတွေမှာ အဆီတွေကစုနေတယ်) ခါးတော့မတုတ်ဘူး။ ခါးက သိမ်နေတယ်။ ဒီလိုဆိုရင် ဝတော့ဝပေမယ့် ကျန်းမာရေးတော့ မထိခိုက်စေပါဘူး။

BMI တစ်ခုတည်းကိုကြည့်လို့မရဘူး။ ခါးကို ပါတိုင်းကြည့်ဖို့လိုတယ်။ ခါးအတိုင်းအတာက အာရှလူမျိုးတွေမှာ အမျိုးသားဆိုရင် ၃၆လက်မထက်မ ကျော်ရဘူး။ အမျိုးသမီးဆိုရင် ၃၁ လက်မထက်မ ကျော်ရဘူး။ လူတစ်ယောက်က ဝသလား၊ မဝဘူးလားတိုင်းတာတဲ့အခါ တချို့လူတွေမှာဝတော့ဝတယ်၊ ကျန်းမာတယ်။ ဒါကို Metabolically Obese and healthy လို့ ခေါ်ပါတယ်။ ဆိုလိုတာက ဝပေမယ့် ကျန်းမာရေးလေ့ကျင့်ခန်းတွေ ပုံမှန်လုပ်နေတာကြောင့် ကျန်းမာရေးစစ်ဆေးကြည့်လိုက်ရင် အဆီ လည်းမတက်ဘူး၊ သွေးတိုးလည်းမရှိဘူး၊ ဆီးချိုရောဂါလည်းမရှိဘူး။ ဒါဆိုရင် Metabolically Healthy ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

လူတစ်ယောက်က ပိန်ပေမယ့် သူ့ကို စစ်ကြည့်လိုက်တော့ သွေးတိုးလည်း ရှိတယ်၊ ဆီးချိုလည်း ရှိတယ်၊ သွေးတွင်းအဆီတွေလည်း များနေတယ်၊နှလုံးသွေးကြောရောဂါတွေလည်း ဖြစ်နေတယ်၊ ဒါဆိုရင် ပိန်ပေမယ့် Metabolically Unhealthy လို့ဆိုနိုင် ပါတယ်။ ဒါကြောင့် ဝတိုင်းလည်း ရောဂါထူတယ်လို့ မထင်ပါနဲ့။ ဝပေမယ့် ကျန်းမာရေး လေ့ကျင့်ခန်းတွေ ကို မှန်မှန်လုပ်နေရင် Fit ဖြစ်နေတာကြောင့် ကျန်း မာရေးကောင်းနေပါလိမ့်မယ်။ ဝတိုင်းလည်း စိတ်ဓာတ်မကျပါနဲ့၊ လေ့ကျင့်ခန်းတွေလုပ်၊ အစားအသောက်တွေ ရှောင်သင့်တာရှောင်မယ်ဆိုရင် ကျန်းမာနေပါလိမ့်မယ်လို့ ပြောချင်ပါတယ်။

လူတစ်ယောက် အဝလွန်၊ မလွန်ဆိုတာသိနိုင်ဖို့ အကြမ်းဖျဉ်းအားဖြင့် နံပါတ်တစ်က BMI နဲ့ သိနိုင်တယ်။ နံပါတ်နှစ်က ခါးတိုင်းပြီး သိနိုင်ပါတယ်။ ခါးတိုင်းနည်းက အောက်ဆုံးနံရိုးထိပ်နဲ့ ခါးရိုးကြား မျဉ်းတားပြီး အလယ်ကို ယူပါတယ်။ အဲဒီအလယ်ကနေ ပေကြိုးနဲ့တိုင်းပါတယ်။ အဝလွန်၊ မလွန်ကို BMI နဲ့အကြမ်းဖျဉ်းသိနိုင်တယ်။ ကျန်းမာရေးထိခိုက်မှုရှိ၊ မရှိကို ခါးအတိုင်းအတာနဲ့ သိနိုင်ပါတယ်။ ခါးတုတ် ဗိုက်ပူနေရင်တော့ ကျန်းမာရေးအတွက် အန္တရာယ်ရှိ ပါတယ်။ အဝလွန်တာက မျိုးရိုးလိုက်တတ်ပါတယ်။

မေး။ ။ အဝလွန်တာကြောင့် ဘယ်လို နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်စေနိုင်ပါသလဲ ဆရာ။
ဖြေ။ ။ အဝလွန်တာကြောင့် ဖြစ်တတ်တဲ့ နောက်ဆက် တွဲ ဆိုးကျိုးတွေကတော့-

(၁) Metabolic Syndrome လို့ခေါ်တဲ့ သွေးတိုး ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတွင်းအဆီများတာ၊ ကောင်းတဲ့အဆီ (HDL)ေလျာ့နည်းတာ၊ မကောင်းတဲ့အဆီ ထရိုင်ဂလစ်စရိုက်တက်တာတွေကို ဖြစ်စေ နိုင်ပါတယ်။

(၂) ကင်ဆာ၊ အထူးသဖြင့် အူမကြီးကင်ဆာဖြစ် နှုန်းများတယ်။

(၃) ညဘက် ညဘက် ဟောက်ပြီး အသက်ရှူရပ်သွားလိုက်၊ ပြန်ဟောက်လိုက်ဖြစ်တဲ့ ရောဂါ (Obstructive Sleep Apnea) ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တဲ့ သူတွေက နောက် တစ်နေ့ကျရင် အိပ်ငိုက်ပြီး ခေါင်း မကြည်တာမျိုး ဖြစ်တတ်ပါတယ်။

(၄) ဒူးနာတာ (Osteoarthritis) ဖြစ်တတ်ပါတယ်။

(၅) အမျိုးသမီးတွေမှာဆိုရင် PCOS လို့ခေါ်တဲ့သား ဥအိမ်အရည်ကြည်အိတ်ပေါ်တဲ့ရောဂါစုဖြစ်တတ်ပါတယ်။

မေး။ ။ အဝလွန်နေပြီဆိုရင် နောက်ဆက်တွဲဆိုးကျိုးတွေ မရှိအောင် ဘယ်လိုကာကွယ်သင့်ပါသလဲဆရာ။
ဖြေ။ ။ ပထမဆုံးအဆင့်က ကိုယ့်မှာ အဆီများနေလား၊ ဆီးချို၊ နှလုံး၊ သွေးတိုးစတဲ့ ရောဂါတွေရှိလားစစ်ဆေး ရပါမယ်။ ရှိရင် လိုအပ်သလို ကုသမှုခံယူရပါမယ်။
ဒုတိယအဆင့်က ကျန်းမာရေးနဲ့ ညီညွတ်တဲ့နေ ထိုင်စားသောက်မှုပုံစံ (Lifestyle)ကို လိုက်နာရပါမယ်။ အသီးများများစားရပါမယ်၊ အရွက်များများ စားရပါမယ်၊ အဆီတွေကို လျှော့စားရပါမယ်။ အထူးသ ဖြင့် ပြည့်ဝဆီတွေဖြစ်တဲ့ ဝက်ဆီ၊ အမဲဆီ၊ စားအုံးဆီ တွေကို လျှော့စားရပါမယ်။ အသား ပုံမှန် စားပေးရပါမယ်။ ချိုလွန်း၊ ငန်လွန်း၊ ဆိမ့်လွန်းတဲ့ အစာတွေကို ရှောင်ရပါမယ်၊ လေ့ကျင့်ခန်းလုပ်ပေးရပါမယ်၊ အ လွယ်ဆုံးနည်းက လမ်းလျှောက်ပေးတာပါ။ တစ်နေ့ မိနစ် ၃၀ လောက် ခပ်သွက်သွက် လျှောက်ပေးရပါမယ်။ တစ်ပြိုင်တည်း မလုပ်နိုင်ရင်တောင် တစ်ချိန်မှာ ၁၀ မိနစ်နဲ့ သုံးကြိမ်လမ်းလျှောက်ပေးရပါမယ်။ ဒီလို နည်းတွေကို လိုက်နာမယ်ဆိုရင် အဝမလွန်အောင် ထိန်းထားနိုင်ပါတယ်။

မေး။ ။ အဝလွန်နေမှန်းသိပေမယ့် ကိုယ်အလေးချိန်ကို ကျအောင် မလျှော့ချနိုင်သူတွေဆိုရင် ဘယ်လိုအ ချက်တွေကို လိုက်နာသင့်ပါသလဲ ဆရာ။
ဖြေ။ ။ ဝတော့ဝပေမယ့် Metabolically Healthy ဖြစ်ဖို့လိုတယ်။ ရောဂါမဖြစ်အောင် ကာကွယ်ဖို့အတွက် ကျန်းမာရေးနဲ့ညီညွတ်အောင် နေထိုင်စားသောက် ဖို့လိုပါတယ်။ သွေးတိုးမဖြစ်အောင် အငန်လျှော့စားဖို့ လိုတယ်။ ကိုယ့်မှာ ရောဂါတွေရှိနေသလားဆိုတာကို ပုံမှန်စစ်ဆေးပြီး တွေ့ရင် ကုသဖို့လိုတယ်။ လက်ရှိ ဝတာထက် ပိုမဝအောင် ထိန်းထားဖို့ လိုပါတယ်။

မေး။ ။ အဝလွန်နေသူတစ်ဦးက တခြားရောဂါတွေလည်း တွဲပြီး ရှိနေတယ်ဆိုရင် ဘယ်အခြေအနေကို အရင် ကုသမှုခံယူရပါသလဲ ဆရာ။
ဖြေ။ ။ အတူတူပဲကုသရပါမယ်။ ဝတဲ့သူက သွေးတိုး ရှိရင် သွေးတိုးကိုလည်း ကု၊ ဝတာကိုလည်း ကုသရ ပါမယ်။ ဝတဲ့သူက နှလုံးသွေးကြောကျဉ်းရောဂါ တွဲ ရှိနေရင် နှလုံးသွေးကြောကျဉ်းတာကိုလည်း ကု၊ ဝတာကိုလည်း ကုသရပါမယ်။

အရင်တုန်းက ဝတဲ့သူ ပိန်အောင်လုပ်တာက လှချင်လို့လို့ ဆိုကြပါတယ်။ အခု အဲဒီအယူအဆ ပြောင်းသွားပါပြီ။ သုတေသနတွေ့ရှိချက်တွေအရ ဝတာကို လျှော့လိုက်ပါ။ ဒါဆိုရင် သွေးတိုးလည်း ကျမယ်။ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နှုန်းလည်း ကျမယ်၊ဒူးနာဝေဒနာလည်း သက်သာမယ်။ ကင်ဆာ ဖြစ်နှုန်းလည်း လျော့ကျမယ်လို့ တွေ့ရှိလာရတယ်။ ဒါကြောင့် ဝတဲ့သူတွေ ကိုယ်အလေးချိန်လျှော့တာက လှချင်လို့မဟုတ်ပါဘူး။ ကျန်းမာရေးဆိုးကျိုးတွေမရ အောင်၊ အသက်အန္တရာယ်မစိုးရိမ်ရအောင်လို့ ဖြစ်ပါတယ်။

မေး။ ။ အဝလွန်တာက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ကောဖြစ်စေနိုင်ပါသလားဆရာ။
ဖြေ။ ။ ဝတဲ့သူတွေက စိတ်ပိုင်းဆိုင်ရာ ထိခိုက်တတ်ပါ တယ်။ အဓိက ဖြစ်တာက စိတ်ဓာတ်ကျတယ်။ အများ စုက ဝတော့မလှလို့ ဆိုပြီး စိတ်ဓာတ်ကျတယ်။ ဒါ့အပြင် ဝတဲ့သူတွေက ကျန်းမာရေးမကောင်းတာကြောင့် စိတ်ဓာတ်ကျကြတယ်။ ပြီးတော့ လူထဲသူထဲ သွားရ မှာကို စိုးရိမ်တတ်ကြပါတယ်။

မေး။ ။ အဝလွန်တာနဲ့ ပတ်သက်ပြီး အများပြည်သူကို ထပ်မံပညာပေးလိုတာရှိရင် ပြောပြပေးပါ ဆရာ။
ဖြေ။ ။ ဝနေရင် အသက်အန္တရာယ်ပေးနိုင်တဲ့ ရောဂါတွေ ရှိမလားဆိုတာရှာဖွေပြီး ရှိရင် ကုသမှုခံယူသင့်ပါ တယ်။ အကောင်းဆုံးကတော့ မဝအောင် ထိန်းဖို့ ဖြစ်ပါတယ်။ ဝနေရင် ဝိတ်ကို လျှော့ပါ။ ဝိတ်လျှော့နိုင်အောင် နေထိုင်စားသောက်မှုပုံစံက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကို လိုက်နာရပါ မယ်။ လေ့ကျင့်ခန်းလုပ်ပါ။

ကျန်းမာချင်ရင် တစ်နေ့ မိနစ် ၃၀ လေ့ကျင့်ခန်း လုပ်ပါ။ ဝိတ်လျှော့ချင်ရင် တစ်နေ့ ၄၅မိနစ် လေ့ ကျင့်ခန်း လုပ်ပါ။ လက်ရှိကိုယ်အလေးချိန်ရဲ့ ၅-၁၀ ရာခိုင်နှုန်းကျရင်ရပါပြီ။ ဆိုလိုတာက ပေါင် ၁၅၀ ရှိတဲ့သူဆိုရင် ၁၅ ပေါင်လောက်ကျပြီဆို ရောဂါဖြစ်နိုင်ခြေတွေ တော်တော်ကျသွားပါပြီ။ လေ့ကျင့်ခန်းကို ခြောက်လလောက် လုပ်ကြည့်ပါ။

အဆီစားတာများလို့ ဝတယ်လို့ အများစုကယူဆ ကြတယ်။ ဒါလည်း မှန်ပါတယ်။ နောက်တစ်ခုက ကာဗိုဟိုက်ဒရိတ်လို့ခေါ်တဲ့ ထမင်းကိုလည်း လျှော့စားရပါမယ်။ အဆီနည်း၊ ကာဗိုဟိုက်ဒရိတ်နည်းတဲ့ အစာကို စားရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top