Healthy Life Ad
Life Style

အမျိုးသမီးတိုင်း ဘဝတစ်လျှောက်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ကျွန်မတို့တစ်တွေ သတိမထားမိဘဲနဲ့တောင်ကျွန်မတွေရဲ့ ဘဝတစ်လျှောက်လုံးမှာ ဟော်မုန်းတွေရဲ့ လွှမ်းမိုးမှုကို ခံခဲ့ရပါတယ်။ မိခင်ဝမ်းဗိုက်ထဲမှာ ရှိစဉ် သွေးကြောထဲမှာ လှည့်လည်နေတဲ့ကော်တီစော ဟော်မုန်းတွေနဲ့ ထိတွေ့ခဲ့ရပါတယ်။

အပျိုဖော်ဝင်ချိန်၊ ကိုယ်ဝန်ရှိချိန်၊ သွေးဆုံးချိန် စတဲ့အချိန်ကာလတွေမှာလည်း ဟော်မုန်းအပြောင်း အလဲတွေဖြစ်ပြီး စိတ်ဓာတ်ကျတာ၊ မောပန်းတာ၊စိတ်ကသိကအောက်ဖြစ်တာ စတဲ့ ခံစားချက်တွေလည်း ဖြစ်တတ်ပါသေးတယ်။

အမျိုးသမီးတွေရဲ့ဘဝတစ်လျှောက် ကြုံတွေ့ရနိုင်တဲ့ ဟော်မုန်းတွေအကြောင်း သိပြီး ကျန်းမာကာ ဟန်ချက်ညီညီ နေနိုင်ဖို့ဒီဆောင်းပါးကို ရေးသားလိုက်ရပါတယ်။

စိန်ခေါ်မှု (၁) ရာသီအကြိုဝေဒနာ

ရာသီမလာခင် ၅-၁၁ ရက်အကြား ဖြစ်ပေါ်လေ့ရှိတဲ့ ရာသီအကြိုဝေဒနာတွေဟာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတီရုန်း ဟော်မုန်းအဆင့်လျော့ကျသွားတာကြောင့် ဖြစ်ရတာပါ။

သတိပြုရန်

– ရာသီအကြိုဝေဒနာဟာ ဟော်မုန်းအတက်အကျ ဖြစ်နှုန်း မြင့်မားတဲ့ အသက် ၄၀အရွယ်နဲ့ စိတ်ဖိစီးမှုများတဲ့အခါမှာ အဆိုးဝါးဆုံးခံစား ရတတ်ပါတယ်။

ဘယ်လို ခံစားရသလဲ

– မျက်နှာအဖုအပိမ့် ထွက်တာ၊ ရင်သားတင်းတာ၊ လေပွတာ၊ ဝမ်းပျက်ဝမ်းလျှောတာ၊ ခေါင်းကိုက်တာ၊ ခါးနာတာနဲ့ စိတ်တိုစိတ်ဆတ်ဖြစ်တာတို့ ခံစားရတတ်ပါတယ်။

သက်သာအောင် ဘယ်လို လုပ်သင့်သလဲ

– ဘဝနေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲလိုက်ရင် အများကြီး အဆင်ပြေသွားနိုင်ပါတယ်။

– ဆားကို လျှော့စားလိုက်ရင် ရေဆွဲအား လျော့နည်းပြီး လေပွတာကို သက်သာစေပါတယ်။

– အိပ်ရေးဝ၀ အိပ်စက်တာနဲ့ လေ့ကျင့်ခန်းလုပ်တာတွေကြောင့် စိတ်ခံစားချက်ကို ကောင်းမွန်စေပါတယ်။

– ရာသီအကြိုကာလမှာ စိတ်တိုစိတ်ဆတ်တာနဲ့ဒေါသကြီးတာတွေ ခံစားနေရဖန်များရင် ဆရာဝန်နဲတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

စိန်ခေါ်မှု (၂) ကိုယ်ဝန်ရှိခြင်း

သန္ဓေတည်ပြီးနောက် အချင်းကနေ ထုတ်တဲ့ hCG ( human Chorionic Gonadotropin ) ဟော်မုန်းဟာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတီရုန်းဟော်မုန်းအဆင့်ကို တဟုန်ထိုးမြင့်တက်စေပါတယ်။ကလေးမွေးပြီးချိန်မှာ ဒီဟော်မုန်းတွေ သိသိသာသာလျော့ကျသွားပြီး မိခင်နို့ချိုတိုက်ကျွေးရင် အဲဒီပမာဏအတိုင်း ဆက်ရှိနေတတ်ပါတယ်။

ဘယ်လို ခံစားရသလဲ

– ကိုယ်ဝန် ပထမသုံးလတာမှာ ပျို့အန်မှုဝေဒနာခံစားရတာက hCG ဟော်မုန်းကြောင့် ဖြစ်ပါတယ်။ အီစထရိုဂျင်နဲ့ ပရိုဂျက်စတင်ဟော်မုန်းအဆင့် မြင့်တက်တာကြောင့် ရင်သားကိုပိုမိုကြီးလာစေပါတယ်။ သွေးကြောတွေကို ကျယ်စေပြီး အဆစ်နဲ့ ကြွက်သားတွေကို ပျော့ပျောင်းစေတာကြောင့် ခါးနာဝေဒနာ ခံစားရတတ်ပါတယ်။ ကလေးမွေးပြီး ဟော်မုန်းအဆင့် လျော့ကျသွားရင် သီတင်းပတ်အနည်းငယ်အတွင်း နေရ၊ ထိုင်ရ အဆင်ပြေသွားမှာပါ။

သက်သာအောင် ဘယ်လိုလုပ်သင့်သလဲ

– အစာကို နည်းနည်းနဲ့ မကြာခဏ စားပေးတဲ့နည်းနဲ့ ပျို့ချင်အန်ချင်စိတ်သက်သာအောင် ကြိုးစားပါ။

– အန်တာက အလွန်ဆိုးဝါးနေတယ်ဆိုရင် ဗီတာမင် B6 ဒါမှမဟုတ် ဆရာဝန်ညွှန်ကြားတဲ့ ဆေးသောက်ပါ။

– ကိုယ်ဝန်ဆောင်ကာလပြီးဆုံးလို့ ကလေးမွေးပြီးစိတ်ဓာတ်ကျဝေဒနာခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး စိတ်ကျသက်သာစေတဲ့ ကုထုံး ခံယူပါ။

စိန်ခေါ်မှု (၃) သွေးဆုံးအကြိုကာလ

သွေးဆုံးချိန် မတိုင်ခင် ၂-၁၀ နှစ်အတွင်းသားဥတွေကနေ အီစထရိုဂျင်ဟော်မုန်း အထွက်နှုန်းစတင်လျော့နည်းလာပါသညါ။ အီထရိုဂျင်ဟော်မုန်း အကျမြန်တာကြောင့် သွေးဆုံးအကြိုဝေဒနာတွေ စတင်ခံစားလာရပါတယ်။

ဘယ်လို ခံစားရသလဲ

– သိသာတဲ့ လက္ခဏာတွေက ညဘက်ချွေးထွက်များပြီး ပူနွေးတာ၊ ခေါင်းကနေတစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် ပူနွေးတာတို့ ဖြစ်တတ်ပါတယ်။ အီစထရိုဂျင် အတက်အကျဖြစ်တာကြောင့် ဦးနှောက်ရဲ့ဟိုက်ပိုသားလမတ်စ်ကို ထိခိုက်စေလို့ပါ။ အိပ်မပျော်တာ၊ ရာသီလာတာ ပုံမမှန်တာနဲ့မိန်းမကိုယ်ခြောက်သွေ့တာတို့လည်း ဖြစ်တတ်ပါသေးတယ်။

သက်သာအောင် ဘယ်လို လုပ်သင့်သလဲ

– အသက်ရှူလေ့ကျင့်ခန်းလုပ်ပြီး အိပ်စက်အနားယူပါ။ တစ်နေ့ ၁၅မိနစ် လောက်အသက်ရှုလေ့ကျင့်ခန်းလုပ်တာကြောင့် ညဘက် ပူနွေးတဲ့ ဝေဒနာကို သက်သာစေပါတယ်။

– ယောဂကျင့်တာ၊ တရားထိုင်တာတို့လုပ်ရင်လည်းသွေးဆုံးအကြိုဝေဒနာလက္ခဏာတွေကို သက်သာစေပါတယ်။

စိန်ခေါ်မှု (၄) သွေးဆုံးခြင်း

အနည်းဆုံး ၁၂ လလောက် ရာသီ မလာတော့ဘူးဆိုရင် သင့်သားဥအိမ်ကနေ အီစထရိုနဲ့ ပရိုဂျက်စတီရုန်း ထုတ်လုပ်မှု ရပ်တန့်သွားတာဖြစ်လို့ သွေးဆုံးပြီလို့ ဆိုနိုင်ပါတယ်။ ပျမ်းမျှအားဖြင့် အမေရိကန်အမျိုးသမီးတွေက အသက် ၅၁ နှစ် ဆိုရင် သွေးဆုံးချိန် ရောက်ပါတယ်။သတင်းကောင်းကတော့ အိမ်ထောင်သည် အမျိုးသမီးတွေအတွက် သန္ဓေတားနည်း လိုက်နာဖို့ မလိုတော့သလို ရာသီအကြိုဝေဒနာ ခံစားရမှာလည်းမဟုတ်တော့ပါဘူး။ မကောင်းတဲ့အချက်ကတော့နှလုံးနဲ့ အရိုးတွေကို ကာကွယ်နိုင်တဲ့ အီစထရိုဂျင်ဟော်မုန်း ဆုံးရှုံးသွားတာကြောင့် အရိုးပါးရောဂါနဲ့နှလုံးရောဂါဖြစ်နှုန်း မြင့်တက်လာပါတယ်။

ဘယ်လို ခံစားရသလဲ

– ဟော်မုန်းလျော့နည်းတာကြောင့် ညဘက်မှာ ပူနွေးမှုနဲ့ ညဘက် ချွေးထွက်များတာတို့ ဖြစ်တတ်ပါတယ်။ ဒီအချိန်မှာ လိင်ဆန္ဒလျော့ပါးသွားတတ်ပါတယ်။

သက်သာအောင် ဘယ်လိုလုပ်သင့်သလဲ

– မိန်းမကိုယ်ခြောက်သွေ့မှု သက်သာစေဖို့ အီစထရိုဂျင်ပါတဲ့ ဆေးသောက်နိုင်ပါတယ်။ ညဘက်ချွေးထွက်များတာနဲ့ ပူနွေးတာတို့ကြောင့် အိပ်မပျော်ဖြစ်နေရင် ဟော်မုန်းအစားထိုးကုသမှု ခံယူနိုင်ဖို့ ဆရာဝန်နဲ့ဆွေးနွေးပါ။ သွေးဆုံးတာက အမျိုးသမီးတွေရဲ့ ဘဝအစိတ်အပိုင်းတစ်ခုဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုအတွင်း ခံစားနေရတဲ့ လက္ခဏာတွေက တဖြည်းဖြည်း သက်သာသွားမှာဖြစ်ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top