Healthy Life Ad
Q & A

အလှဆုံး သတို့သမီးဖြစ်ချင်လို့ . . .

မေး။ ။ ကျွန်မက ဝါကျွတ်ရင် အိမ်ထောင်ပြုဖို့ စီစဉ် ထားပါတယ်။ အခုတော့ မင်္ဂလာပွဲအတွက် စိတ်ပူနေ လို့လားမသိဘူး၊ ဝက်ခြံအဖုအပိမ့်တွေလည်း ထွက်နေလို့ပါ။ အဲဒါ မင်္ဂလာပွဲမှာ အသားအရေကော ခန္ဓာ ကိုယ်ပါသွယ်လျလှပချင်လို့ ဘယ်လိုအစားအသောက် တွေစားရင် ကောင်းပါသလဲ။

ကေဇင်သွယ်
မင်္ဂလာတောင်ညွန့်မြို့နယ်။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ။ ။ ဝက်ခြံထွက်တာက စိတ်ရှုပ်လို့လည်း ဖြစ်နိုင်ပါတယ်၊ ဟော်မုန်းတွေ ဟန်ချက်မညီတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် မျက်နှာကို ပုံမှန်သန့် စင်ဆေးကြောမှု မလုပ်ဖြစ်လို့လား၊ ချွေးပေါက်တွေ ပိတ်လို့လား ဒီလိုအချက်တွေကိုလည်း ဆန်းစစ်သင့်ပါတယ်။မျက်နှာမှာ အဖုအပိမ့်တွေ ကင်းစင်ပြီး အသားအရေလှပသန့်စင်ဖို့ဆိုရင် အဓိက ဝမ်းမှန်မှန်သွားဖို့ လိုပါတယ်။ ဝမ်းမှန်မှန်သွားဖို့အတွက် အသီးအရွက် များများ စားပေးဖို့လိုပါတယ်။ အရည်ရွှမ်းတဲ့ သစ်သီးတွေကို ညနေစာမှာ စားပေးမယ်ဆိုရင် အသားအရေလည်း လှမယ်၊ ကိုယ်အလေးချိန်လည်း သွယ်လျလှပပါလိမ့်မယ်။

စီးတီးမတ်တွေမှာရောင်းတဲ့ Oatmeal လို့ခေါ်တဲ့ အုတ်ဂျုံကွေကာကိုလည်း စားပေးသင့်ပါတယ်။ ကိုယ်အလေးချိန်က အဝလွန်နေရင် ဒါမှမဟုတ် ကိုယ်အလေးချိန်များနေရင် ညနေစာကို ထမင်းမစားဘဲ သစ်သီးဝလံတွေများများ စားတဲ့နည်းနဲ့ ကိုယ်အလေးချိန် ထိန်းပေးသင့်ပါတယ်။ ဒါမှ ဓာတ်ပုံထဲမှာ ကြည့်ကောင်းနေမှာ ဖြစ်ပါတယ်။ ညနေစာကို ထမင်း မစားဘဲ စွပ်ပြုတ်ရည် သောက်လို့ရပါတယ်၊ အသီး စားလို့ရပါတယ်၊ သစ်သီးဖျော်ရည် သောက်လို့ ရပါတယ်။ ဒါမှမဟုတ် အုတ်ဂျုံကွေကာ တစ်ခွက်သောက် ပေးလို့ရပါတယ်။ လေ့ကျင့်ခန်းကိုလည်း တတ်နိုင်သမျှ လုပ်ပေးသင့်ပါတယ်။ တစ်နေ့မှာ အနည်းဆုံး ၁၅ မိနစ်လောက်အချိန်ပေးပြီး လမ်းလျှောက်ပေးမယ်ဆိုရင်တောင် ကိုယ်အလေးချိန်ကို ထိန်းနိုင်သလို စိတ်ဖိစီးမှုလည်း လျော့ပါးနေမှာ ဖြစ်ပါတယ်။အခုနောက်ပိုင်းမှာ ခေတ်စားလာတဲ့ ယောဂကျင့်တာကလည်း ခန္ဓာကိုယ်ကို ပေါ့ပါးသွက်လက်စေပြီး စိတ်ကို ရွှင်လန်းစေပါတယ်။ဒီနည်းတွေကို လိုက်နာမယ်ဆိုရင် မင်္ဂလာပွဲမှာ အလှဆုံး သတို့သမီးလေး ဖြစ်နေမှာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top