Healthy Life Ad
Life Style

စပရိန်နဲ့ တူတဲ့ သွေးတိုးရောဂါ (၂)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

– ယခင်တစ်ပတ်မှအဆက်

အခုတလော ဒီသွေးတိုးကြောင့် ဆင့်ပွားဖြစ်လာတဲ့ ရောဂါပြဿနာတွေ များလာတာကလည်း ဒီရောဂါတွေအားလုံးဟာ သွေးတိုးရောဂါကို ထိန်းထားပြီး ကာကွယ်လို့ ရပါလျက် ဘာကြောင့် မတားဆီးနိုင်တာလဲဆိုတာ အဖြေရှာမိပါတယ်။ တကယ်တော့ ငွေကုန်ကြေးကျ မများတဲ့ သွေးကျဆေးလေး မှန်မှန်သောက်တာ၊ ထိရောက်အောင် ကုသပေးတာက အခုလို ကိုယ်တွင်း ကလီစာတွေ ပျက်ကုန်မှ လိုက်ကုရတာထက် များစွာလွယ်ကူပြီး နောင်မှ ကုန်ကျခံရမယ့် ဆေးကုစရိတ်ကို အများကြီး ချွေတာရာ ရောက်ပါတယ်။ ဒါတွေဟာ ဘာကြောင့် ဖြစ်ရတာလဲဆိုတာ ပြန်လည် လေ့လာသုံးသပ်ကြည့်မိပါတယ်။

မြန်မာနိုင်ငံမှာ သွေးတိုးရောဂါဟာ လူ ၁၀ဝမှာ ၂၆ ဒသမ၄ ရာခိုင်နှုန်းရှိပြီး သွေးကျဆေး မသောက်ဘဲ နေတဲ့သူ ၉၀ ဒသမ ၈ ရာခိုင်နှုန်းရှိတယ်ဆိုတာကို National Diabetes and NCD risk factors survey (2014) မြန်မာတစ်နိုင်ငံလုံးမှာ ကောက်ယူရရှိတဲ့ စစ်တမ်းအရ သိရှိရပါတယ်။

မြန်မာနိုင်ငံမှာ လူလေးယောက်မှာတစ်ယောက်လောက်က သွေးတိုးရှိနေပါတယ်။ သွေးတိုးရောဂါဟာ အရေးကြီးတဲ့ ကူးစက်ခြင်းကြောင့် မဟုတ်တဲ့ရောဂါ (Non-communicable disease) တစ်ခု ဖြစ်ပါတယ်။ ဘာကြောင့် ဒီသွေးတိုးရောဂါဟာ အရေးကြီးတယ်လို့ ပြောရသလဲဆိုတော့ နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် ပြဿနာတွေဟာ လူတွေကို အသက်တိုစေတဲ့ ဆိုးရွားလှတဲ့ ရောဂါကြီးတွေဖြစ်လို့ပါပဲ။ ဒီပြဿနာတွေကတော့ အများသိရှိပြီးဖြစ်တဲ့ လေဖြတ်ခြင်းနဲ့ လေငန်းရောဂါဖြစ်ခြင်း၊ နှလုံးကြွက်သားထူလာပြီး နှလုံးအားကုန်ခြင်း (မောပြီး ဖောလာခြင်း)၊ နှလုံးသွေးကြောပိတ်ရောဂါဖြစ်ခြင်း၊ ကျောက်ကပ်ပျက်စီးပြီး ကျောက်ကပ်အလုပ် ပုံမှန်မလုပ်ခြင်းကြောင့် ကျောက်ကပ်ဆေးရခြင်း၊ ခြေထောက်အဖျားရှိ သွေးကြောများ ပိတ်ခြင်းကြောင့် ခြေထောက်ပုပ်ရောဂါဖြစ်ခြင်း၊ သူငယ်ပြန် မှတ်ဉာဏ်အားနည်းရောဂါ စသဖြင့် ဖြစ်ပွားလာတတ်ပါတယ်။ ဆီးချိုသွေးချိုရောဂါနဲ့ သွေးတိုးရောဂါတွဲဖြစ်နေရင် အများကြီး ပိုဆိုးတတ်ပါတယ်။

အရှေ့မှာ ဖော်ပြထားတဲ့ လူနာတွေကို မေးမြန်းကြည့်တဲ့အခါတူနေတဲ့ အချက်တွေကို တွေ့ရပါတယ်။ လူနာအားလုံးဟာ သွေးကျဆေးကို စွဲစွဲမြဲမြဲမသောက်ကြပါဘူး။ သွေးတိုးတယ်လို့ စိတ်ထင်ရင်၊ ခေါင်းမူးခေါင်းကိုက်ရင် သွေးပေါင်တိုင်းမယ်၊ သွေးတိုးတာတွေ့မှ သွေးကျဆေး သောက်မယ်၊ ဆေးပေးထားတာ ကုန်ရင် နောက်ထပ် ဆက်မသောက်ဘဲ နေလေ့ရှိပါတယ်။ သွေးပေါင်ပြန်ကျသွားတာ တွေ့ပြီဆိုရင်လည်း ဆေးသောက်တာ ရပ်ထားကြတာ များပါတယ်။

ခေါင်းကိုက်ခေါင်းမူးတာနဲ့သွေးတိုးတာ အမြဲမသက်ဆိုင်ပါဘူး။ တချို့လူတွေမှာ သွေးပေါင် ၂၀ဝ နီးပါး ရှိတာတောင် ခေါင်းထဲက ဘာမှမခံစားရပါဘူး။ ဒါကြောင့် ခေါင်းကိုက်ခေါင်းမူးမှ သွေးတိုးတာလို့ ယူဆကြပြီး အဲဒီတော့မှ ဆေးခန်းမှာ သွေးသွားချိန်မယ်၊ ပြီးမှ သွေးကျဆေးသောက်မယ်ဆိုတဲ့ အယူအဆကို လုံးဝပြုပြင်ရမှာ ဖြစ်ပါတယ် …

ဒီနေရာမှာ တစ်ခု သတိပေးလိုတာက သွေးတိုးရောဂါသက်သက်က ဘာဝေဒနာမှ မပြတတ်ပါဘူး။ ခေါင်းကိုက်ခေါင်းမူးတာနဲ့သွေးတိုးတာ အမြဲ မသက်ဆိုင်ပါဘူး။ တချို့လူတွေမှာ သွေးပေါင် ၂၀ဝ နီးပါးရှိ တာတောင် ခေါင်းထဲက ဘာမှမခံစားရပါဘူး။ ဒါကြောင့် ခေါင်းကိုက် ခေါင်းမူးမှ သွေးတိုးတာလို့ ယူဆကြပြီး အဲဒီတော့မှ ဆေးခန်းမှာ သွေးသွားချိန်မယ်၊ ပြီးမှ သွေးကျဆေး သောက်မယ်ဆိုတဲ့ အယူအဆကို လုံးဝ ပြုပြင်ရမှာ ဖြစ်ပါတယ်။

တခြားတစ်ဖက်မှာလည်း ခေါင်းမူးတိုင်း၊ ခေါင်းမကောင်းဘူးဆိုတိုင်း သွေးတိုးတာကြောင့် မဟုတ်ဘဲ တခြားအကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ တိုက်ဆိုင်တတ်တာတစ်ခုကတော့ တခြားအကြောင်း တစ်ခုခုဥပမာ- ဇက်ကျီးပေါင်းရောဂါကြောင့် ခေါင်းမူးတဲ့အခါ လူနာက လေဖြတ်တော့မယ်ထင်ပြီး လန့် နေချိန်မှာ ဆေးခန်းရောက်လို့ သွေးပေါင်တိုင်းလိုက်ရင် အပေါ်သွေး တိုးနေတတ်ပါတယ်။ လူနာကို အမူးပြေအောင် ဆေးပေးလိုက်တဲ့အခါ ဒါမှမဟုတ် အဖြစ်မှန်ကို ရှင်းပြပြီး စိတ်အေးသွားတဲ့အခါ သွေးပေါင်ပြန်တိုင်းကြည့်ပါက ပုံမှန်ပြန်ဖြစ်သွားတတ်ပါတယ်။ မူးလို့ သွေးပေါင်ယာယီတက်တာ ဖြစ်တတ်ကြောင်းသိစေလိုပါတယ်။ သွေးတိုးတိုင်း အမြဲခေါင်းမကိုက်၊ ခေါင်းမမူးသလို ခေါင်းမူးတိုင်း၊ ခေါင်းကိုက်တိုင်းလည်း အမြဲတမ်းသွေးတိုးရောဂါကြောင့် မဟုတ်ကြောင်း မှတ်သားထားရပါမယ်။ ဒီမှားယွင်းတဲ့ အယူ အဆတွေကို ပြင်ရပါမယ်။

သွေးတိုးရောဂါ တကယ်ရှိပြီဆိုရင် သွေးကျဆေးကို ခေါင်းကိုက်မှ သောက်ရတာ မဟုတ်ပါဘူး။ ခေါင်းက သွေးပေါင်တိုင်းစက်လည်း မဟုတ်ပါဘူး။ မိမိ ဆရာဝန်က ချိန်ဆသတ်မှတ်ပေးထားတဲ့အတိုင်း ပုံမှန်သောက်ရပါမယ်။

သွေးကျဆေး ပုံမှန်မသောက်တဲ့ နောက်အကြောင်းရင်းတစ်ခုကတော့ ဒီလိုစွဲသောက်ရင် သွေးပေါင်က အရမ်းကျသွားမှာ စိုးရိမ်လို့ ဆက်မသောက်ရဲတာ၊ သွေးပေါင်တိုင်းပြီးမှ သောက်ရဲတဲ့သူတွေလည်း အတော်များပါတယ်။ ဝေဒနာမခံစားရတဲ့အတွက် ပေါ့ဆနေတာလည်း ပါပါတယ်။ သွေးကျဆေးကို ခေါင်းကိုက်၊ ခေါင်းအုံတဲ့ ဝေဒနာ သက်သာဖို့အတွက် ရည်ရွယ်ပြီး သောက်တာလို့ ထင်နေသူတွေ လည်း မနည်းပါဘူး။ တကယ်တော့ ဒါက အဓိကမဟုတ်ဘဲ နောင်မှ တဖြည်းဖြည်းပေါ်ပေါက်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေကို ကာကွယ်ဖို့က အဓိက ဖြစ်ပါတယ်။ အခုရောဂါသည်းတဲ့သူတွေထားတဲ့ အခန်းက လူနာ ၉ ယောက် ခံစားနေရတာတွေအားလုံးဟာ သွေးတိုးရောဂါကို လျစ်လျူရှုထားမိလို့ပဲ ဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top