Healthy Life Ad
Life Style

သွေးအားနည်းရောဂါရှိသူတို့အတွက် အာဟာရ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)

သွေးအားနည်းတယ်ဆိုတာ ဖြစ်နိုင်တဲ့အကြောင်းရင်းက အမျိုးမျိုးရှိပေမယ့် မြန်မာနိုင်ငံမှာ သွေးအားနည်းရောဂါဖြစ်ရတဲ့ အဓိကအကြောင်းရင်းက သံဓာတ်ချို့တဲ့လို့ပါပဲ။ သံဓာတ်ချို့တဲ့ပြီးဖြစ်တဲ့ သွေးအားနည်းရောဂါက အတွေ့ရများပါတယ်။

ဥပမာပြောရမယ်ဆိုရင် ကလေးမြို့ကို သွားတုန်းက ဟောပြောပွဲလာတဲ့သူတွေကို သွေးအားနည်းရောဂါ ရှိ၊ မရှိ သွေးအား (Haemoglobin) ကိုစစ်ပါတယ်။ ယေဘုယျအားဖြင့် သွေးအားက အမျိုးသားဆိုရင် 12-13 g ၊ အမျိုးသမီးဆိုရင် 11-12 g လောက်ရှိရပါမယ်။ ဒါပေမဲ့ တချို့မိန်းကလေးတွေက ဘယ်လောက်အထိတောင် သွေးအားနည်းနေသလဲဆိုရင် 6.5 g အထိနည်းနေတာကို တွေ့ရပါတယ်။ အနည်းဆုံးဆိုရင် သွေးအား 6.1 g အထိ တောင်တွေ့ရပါတယ်။ ဒါဆိုရင် သံဓာတ်ချို့တဲ့မှု ပြင်းထန်တဲ့ သွေးအားနည်း ရောဂါ (Severe iron deficiency anaemia)လို့ ပြောရမှာ ဖြစ်ပါတယ်။ လူတစ်ထောင်ကျော် စစ်လိုက်တဲ့အခါမှာ ၅၀ ရာခိုင် နှုန်းလောက်က သွေးအားနည်းနေတာကို တွေ့ခဲ့ရပါတယ်။ စစ်တဲ့အရွယ်တွေကလည်း တက္ကသိုလ်ကျောင်းသူအရွယ်ဆိုတော့ အသက် ၁၈ နှစ်ကနေ ၂၃ နှစ်အတွင်းမှာပဲ ဖြစ်ပါတယ်။ ဒါတောင်စစ်တာ တစ်နေရာတည်းပဲ ရှိပါသေးတယ်။

မြန်မာတစ်နိုင်ငံလုံးအနေနဲ့ စဉ်းစားမယ်ဆိုရင် သွေးအားနည်းရောဂါရှိသူတွေ အတော်လေးများမယ်လို့ ခန့်မှန်းမိပါတယ်။ သွေးအားနည်းရောဂါ ဖြစ်ရတဲ့အကြောင်းရင်းက အဓိက အစားအသောက်နဲ့ ဆိုင်ပါတယ်။

သံဓာတ် အားနည်းနေလျှင် တွေ့ရတတ်သည့် လက္ခဏာများ
သံဓာတ်အားနည်းနေရင် ခေါင်းမူးမယ်၊ ခေါင်းကိုက်မယ်၊ လက်တွေ ခြေတွေထုံတယ်၊ အားမရှိသလို ခံစားရတယ်၊ ရင်တုန်တယ်၊ လက်တွေ ခြေတွေ အေးတယ် စတဲ့လက္ခဏာတွေ တွေ့ရတတ်ပါတယ်။ ခေါင်းကိုက်တာက တစ်ခါတလေ တခြားအကြောင်းကြောင့်လည်း ဖြစ်တတ်ပေမယ့် တကယ် သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းနေရင်လည်း ခေါင်းကိုက်တတ်ပါတယ်။ ရာသီဥတု ဘယ်လောက်ပူပူ ခြေဖျား၊ လက်ဖျားအေးနေတာ၊ မျက်စိကို လှန်ကြည့်လိုက်ရင် ဖျော့တော့နေတာ၊ နှုတ်ခမ်းတွေ ဖြူနေတာတို့လည်း တွေ့ရတတ်ပါတယ်။

သံဓာတ်ချို့တဲ့တဲ့ သွေးအားနည်းရောဂါကို မကုဘဲထားရင် နောင်တစ်ချိန်မှာ ရင်တုန်ပြီး နှလုံး ခုန်မြန်တတ်တယ်၊ နှလုံး ထိခိုက်တတ်တယ်၊ အထူးသဖြင့် ကိုယ်ဝန်ဆောင်နဲ့ ကလေးမွေးထားသူတွေမှာ အဖြစ်များပါတယ်။ ဒီအချိန်မှာ အစားအသောက်ကို သေချာမစားဘူးဆိုရင် အားမရှိသလိုဖြစ်ပြီး တစ်ကိုယ်လုံး ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။

သံဓာတ် ပါဝင်မှုများသည့် အစားအသောက်များ
သံဓာတ်က အဓိက ဘယ်ကရမလဲဆိုရင် အနီရောင်အသားကနေရမှာ ဖြစ်ပါတယ်။ ဥပမာ အမဲသား၊ ဆိတ်သား၊ ဝက်သားတွေက ရနိုင်ပေမယ့် အဆီမပါတဲ့အသားကိုပဲ ရွေးစားသင့်ပါတယ်။

ဟင်းသီးဟင်းရွက်အနေနဲ့ ဟင်းနုနယ်ရွက်၊ ကန်စွန်းရွက်စတဲ့ အစိမ်းရောင်ဟင်းရွက်တွေမှာလည်း သံဓာတ်ပါဝင်မှုများတဲ့အတွက် စားသင့်ပါတယ်။

ခန္ဓာကိုယ်ကနေ သံဓာတ် စုပ်ယူမှုကိုတွန်းအားပေးတဲ့ အစားအသောက်တွေကိုလည်း တွဲဖက်စား သုံးပေးသင့်ပါတယ်။ အဲဒါကတော့ ဗီတာမင်စီပါတဲ့ အစာပါ။ ဒါကြောင့် ဗီတာမင်စီပေါများတဲ့ အသီးအနှံတွေကို စားသင့်ပါတယ်။

ကလေး အသက်ခြောက်လကျော်လို့ ဖြည့်စွက်စာကျွေးတဲ့အရွယ်မှာ အသီးဖျော်ရည် တိုက်သင့်ပါတယ်။ အထူးသဖြင့် လိမ္မော်ရည်၊ ဆန်းကစ်သီးဖျော်ရည်တွေ တိုက်ရပါမယ်။

အပျိုဖော်ဝင်စ အရွယ်၊ အပျိုတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးမွေးထားသူတွေကလည်း ထမင်းစားပြီးတဲ့အခါ အသီးဖျော်ရည်တစ်ခွက် သောက်တာမျိုး၊ အရည်ရွှမ်းတဲ့ သစ်သီးစားပေးတာမျိုး လုပ် ပေးသင့်ပါတယ်။ ဒါဆိုရင် သံဓာတ်စုပ်ယူမှုအားကောင်းပြီး သွေးအားနည်းရောဂါကို ကာကွယ်နိုင်ပါတယ်။

မြန်မာလူမျိုးတွေအရမ်းကြိုက်တဲ့ ရေနွေးကြမ်း၊ လက်ဖက်တွေက သံဓာတ်စုပ်ယူမှုကိုဟန့်တားနေပါတယ်။ ဒါကြောင့် ထမင်းစားတဲ့အခါ ရေနွေးကြမ်းသောက်တာမျိုး မလုပ်သင့်ပါဘူး၊ ရေနွေးကြမ်းသောက်နေကျဖြစ်လို့ မနေနိုင်ဘူးဆိုရင် လက်ဖက်ခြောက် နည်းနည်းလေးပဲ ခတ်ထားတဲ့ ရေနွေးကြမ်းကိုသာ သောက်သင့်ပါတယ်။

သံဓာတ်စုပ်ယူမှု ဟန့်တားပေးသည့် အစားအသောက်များ
ခန္ဓာကိုယ်ကနေ သံဓာတ်စုပ်ယူမှုကို ဟန့်တားပေးတဲ့ အစားအသောက်တွေကို ရှောင်ရပါမယ်။ အဲဒီမှာ မြန်မာလူမျိုးတွေ အရမ်းကြိုက်တဲ့ ရေနွေးကြမ်း၊ လက်ဖက်တွေက သံဓာတ်စုပ်ယူမှုကို ဟန့် တားနေပါတယ်။ ဒါကြောင့် ထမင်းစားတဲ့အခါ ရေနွေးကြမ်းသောက်တာမျိုး မလုပ်သင့်ပါဘူး၊ ရေနွေးကြမ်းသောက်နေကျဖြစ်လို့ မနေနိုင်ဘူးဆိုရင် လက်ဖက်ခြောက်ကို နည်းနည်းလေးပဲ ခတ်ထားတဲ့ ရေနွေးကြမ်းကိုသာ သောက်သင့်ပါတယ်။

လက်ဖက်သုပ်ကိုလည်း ထမင်းစားတုန်းမှာ မစားသင့်ပါဘူး။ လက်ဖက်သုပ်စားမယ်ဆိုရင် ထမင်းစားချိန်နဲ့ နာရီဝက်အနည်းဆုံးခြားပြီးမှ စားသင့်ပါတယ်။ လက်ဖက်သုပ်စားမယ်ဆိုရင် အကောင်းဆုံး အချိန်က သရေစာစားတဲ့ ညနေ သုံးနာရီ-လေးနာရီလောက်ပဲ ဖြစ်ပါတယ်။

အခုကျတော့ မြန်မာလူမျိုးတွေရဲ့ အကျင့်က ထမင်းစားပြီးတာနဲ့ ကော်ဖီလေး တစ်ခွက်သောက် ရမှ၊ လက်ဖက်ရည်လေး တစ်ခွက်သောက်ရမှ . . အဲဒီလို ဖြစ်နေပါတယ်။ ဒီအကျင့်တွေက သံဓာတ်စုပ်ယူ မှုကိုဟန့်တားတဲ့ အကျင့်ဖြစ်နေတဲ့အတွက် အတတ်နိုင်ဆုံး ဆင်ခြင်သင့်ပါတယ်။

အခုနောက်ပိုင်းမှာတော့ သံဓာတ်ပါတဲ့ ဆေးတွေတော့ ရှိနေပါပြီ။ အဲဒီဆေးတွေကို မှီဝဲပေးရင် လည်း အထောက်အကူဖြစ်ပါတယ်။

သံဓာတ်နည်းလွန်းတဲ့သူတွေကို မေးကြည့်လိုက်ရင်အသားကလည်း တစ်နေ့မှ တစ်တုံးလောက်ပဲ စားတာမျိုး၊ အရွက်ကိုလည်း တစ်ဇွန်းလောက်ပဲ စားတာမျိုး တွေ့ရပါတယ်။ အဲဒါက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားနည်းမဟုတ်တဲ့အတွက် ပြင်စေချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top