Healthy Life Ad
Child

သင့်ကလေး ကျန်းမာရွှင်လန်းပါစေ

ဇွန်ခိုင်ဦး ( ဆေးဝါးတက္ကသိုလ် )

ကလေးငယ်တွေက ပန်းလေးတွေနဲ့ တူပါတယ်။ သူတို့တွေ ကျန်းမာပျော်ရွှင်နေချိန်မှာ လန်းစွင့်နေတဲ့ ပန်းပွင့်လေးတွေလို ချစ်စရာကောင်းပေမယ့် ဝေဒနာ တစ်စုံတစ်ရာခံစားရချိန်မှာ ညှိုးနွမ်းနေတဲ့ ပန်းပွင့်လေးတွေလို သနားဂရုဏာသက်စရာပါ။ ကလေးတွေ ဝေဒနာ ခံစားရတဲ့အခါ မိဘ၊ အုပ်ထိန်းသူတွေ စိုးရိမ်ပူပင်မှုကင်းကင်းနဲ့ သက်သာအောင် ပြုစုပေးနိုင်မယ့် အကြံပြုချက်တွေကို ရေးသားလိုက်ရပါတယ်။

(၁) ဝမ်းလျှောခြင်း
ဝမ်းလျှောတာက ကလေးတွေမှာ အဖြစ်များပါတယ်။ ကူးစက်ပိုးဝင်တာ၊ သစ်သီးဖျော်ရည်တွေ အသောက်များတာနဲ့ အစာနဲ့ မတည့်တာတွေကြောင့် ဝမ်းလျှောရတတ်ပါတယ်။

ဘယ်လို လုပ်သင့်သလဲ
ကလေး ဝမ်းလျှောရင် ဝမ်းလျှောတာရပ်တဲ့ အထိရေဓာတ်နဲ့ ဓာတ်ဆား ပြန်ပြည့်အောင် ဓာတ်ဆားရည်ကို အချိုးကျဖျော်ပြီး တိုက်ပေးပါ။ ကလေးက အချိန် ၂၄ နာရီကျော်တဲ့အထိ ဝမ်းလျှောမရပ်သေးရင် ဒါမှမဟုတ် အန်တာ၊ ဝမ်းထဲ သွေးပါတာ၊ ဝမ်းမည်းမည်းသွားတာနဲ့ ဗိုက်အောင့်တာတွေနဲ့တွဲဖြစ်ရင် ဆရာဝန်နဲ့ ပြသဖို့လိုနေပါပြီ။

(၂) ဖျားခြင်း
မွေးကင်းစကလေးတွေမှာ အဖျား အနည်းငယ်ရှိတာက အန္တရာယ်ရှိတဲ့ ကူးစက်ပိုးဝင်တဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။

ဘယ်လို လုပ်သင့်သလဲ
ကလေးကို အရည် များများတိုက်တာ၊ ရေအေးဝတ်နဲ့ ရေပတ်တိုက်ပေးတာ၊ ပေါ့ပါးတဲ့ အဝတ်အစား ဝတ်ပေးတာတွေ လုပ်ပေးပါ။ကလေး အသက်သုံး လအောက်မှာ ကိုယ်အပူချိန်များနေရင် ဆရာဝန်နဲ့ ချက်ချင်းပြသင့်ပါတယ်။ ကလေးကဖျားတာနဲ့အတူ နားကိုက်နေသလား၊ ချောင်းဆိုးနေသလား၊ အနီပြင် တွေပေါ်နေသလား၊ အန်နေသလား၊ ဝမ်းလျှောနေ သလားဆိုတာကို ဂရုစိုက်ပါ။ ဒီလက္ခဏာတွေနဲ့အတူ တွဲပြီး တွေ့ရတယ်ဆိုရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

(၃) အရေပြားနီမြန်းခြင်း
ကလေးတွေရဲ့ အသားအရေက နုနယ်တာကြောင့် ထိလွယ်ခိုက်လွယ်ဖြစ်တတ်ပါတယ်။ကလေး အရေပြားနီမြန်းတာက အဖုသေးတွေကနေ နှင်းခူအထိဖြစ်တတ်ပါတယ်။ ကလေးအနှီးကြောင့်လည်း အရေပြားနီမြန်းတတ်ပါတယ်။

ဘယ်လို လုပ်သင့်သလဲ
ကလေးအနှီးကို မကြာခဏ လဲပေးပါ။ နှင်းခူနဲ့ အရေပြားပြဿနာတွေ မဖြစ်အောင် ကြမ်းတမ်းတဲ့ ဆပ်ပြာတွေကို ရှောင်ပြီး အရေပြားကို အမြဲစိုပြည်နေအောင် ကလေးသုံးလိုးရှင်း လိမ်းပေးပါ။

(၄) ချောင်းဆိုးခြင်း
ကလေးတွေရဲ့ ချောင်းဆိုးတဲ့အမျိုးအစားက အမျိုးမျိုးပါ။ အအေးမိတာ၊ ဖျားတာကြောင့် ချောင်းဆိုးတတ်သလို ရင်ကျပ်ပန်းနာတာ၊ ပိုးဝင်တာကြောင့် လည်း ချောင်းဆိုးတတ်ပါတယ်။

ဘယ်လို လုပ်သင့်သလဲ
ကလေးကို ပူနွေးတဲ့ အရည်တိုက်တာ၊ လေထုကို စိုစွတ်နေအောင် ပြုလုပ်ပေးတာတွေက ကလေးရဲ့ ချောင်းဆိုးဝေဒနာကို သက်သာစေပါတယ်။ ချောင်းဆိုးပျောက်ဆေးတွေကိုတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး မှ ကလေးကို တိုက်ပါ။

(၅) လေအောင့်ခြင်း
ကလေးတွေက လေအောင့်ပြီဆိုရင် စူးစူးဝါးဝါး ငိုကြွေးတတ်ပါတယ်။ တစ်ခါတစ်ရံ ကျောကော့ပြီး ငိုတတ်ပါတယ်။

ဘယ်လို လုပ်သင့်သလဲ
လေအောင့်တာအများစုက အန္တရာယ်မရှိသလို အချိန်အနည်းငယ်အတွင်း သူ့အလိုလို သက်သာသွားပါလိမ့်မယ်။ ကလေးကို သက်သာအောင် ပွေ့ထားပေးပါ။

(၆) သွားပေါက်ချိန် နာကျင်မှု
ကလေးအသက် ခြောက်လအရွယ်မှာ ငယ်သွားလေးတွေ စထွက်လာတတ်ပါတယ်။ အဲဒီအခါ သွားဖုံးတွေနာကျင်တာကြောင့် ကလေးတွေက ငိုယိုဂျီကျ တတ်ပါတယ်။

ဘယ်လို လုပ်သင့်သလဲ
ကလေးကို သွားဖုံးနာတာသက်သာအောင် ပါးစပ်ထဲမှာ ကိုက်ဖို့ သွားကိုက်ကွင်း ပေးထားပါ။ အေးမြစိုစွတ်တဲ့ ပိတ်စသန့်သန့်နဲ့ သွားဖုံးတွေကို ပွတ်တိုက်ပေးပါ။ ကလေးရဲ့ သွားဖုံးတွေကို လက်ချောင်းလေးတွေနဲ့ ညင်ညင်သာသာ နှိပ်ပေးတာကလည်း သက်သာစေပါတယ်။

(၇) ဝမ်းချုပ်ခြင်း
မွေးကင်းစကလေးငယ်တွေက တစ်နေ့မှာ မကြာခဏဝမ်းသွားတတ်ပါတယ်။ တစ်ခါတစ်ရံ တစ်နေ့လုံးဝမ်းမသွားဘဲလည်း နေတတ်ပါတယ်။ ကလေးကို မိခင်နို့ချို တစ်မျိုးတည်းတိုက်နေရင် မစိုးရိမ်ပါနဲ့။ ကလေးတွေ တကယ်ဝမ်းချုပ်တယ်ဆိုတာက ဝမ်းတွေ မာကြောပြီး ဝမ်းသွားရင်နာကျင်နေတာမျိုး ဖြစ်ပါတယ်။

ဘယ်လို လုပ်သင့်သလဲ
ဖြည့်စွက်ဆေးကျွေးတဲ့အရွယ်မှာ ကလေး ဝမ်းချုပ်ရင် ဆီးသီးဖျော်ရည်တိုက်တာ၊ ရေများများ တိုက် တာတွေကို လုပ်ဆောင်ပေးပါ။

(၈) နှာခေါင်းပိတ်ခြင်း
ကလေးတွေ အအေးမိတဲ့အခါ နှာခေါင်းပိတ် တတ်ပါတယ်။

ဘယ်လို လုပ်သင့်သလဲ
ဆားရည်(Saline Drops) အစက်ချပြွန်ကို သုံးပြီး ကလေးရဲ့နှာခေါင်းထဲကိုထည့်ပေးပါ။ နှာခေါင်းမြှေး တွေကိုကျဲသွားစေပြီး နှာခေါင်းပိတ်တာ သက်သာနိုင်ပါတယ်။

(၉) ပျို့အန်ခြင်း
ကလေးတွေက အစာစားပြီးချိန်မှာ မကြာခဏ အန်တတ်ပါတယ်။ ကား၊ သင်္ဘောတွေစီးတဲ့အခါမှာ လည်းလှုပ်ရှားမှုကြောင့် အန်တတ်ပါတယ်။ အန်တာ အများစုက စိုးရမ်စရာမရှိပါဘူး။ အန်တာနဲ့ ဝမ်းလျှောတာတွဲဖြစ်ရင် ဗိုင်းရပ်စ်ပိုးဝင်တာ ဖြစ်နိုင်ပါတယ်။

ဘယ်လို လုပ်သင့်သလဲ
ကလေးဟာ အန်တာကြောင့် ရေဓာတ်ဆုံးရှုံးမှုဖြစ်ရင် ရေဓာတ်ခမ်းခြောက်နိုင်ပါတယ်။ ရေများများ တိုက်ပေးပါ။ ဓာတ်ဆားရည်ကို နည်းနည်းနဲ့ မကြာခဏတိုက်ပေးရင်လည်း ရေဓာတ်ပြည့်ဝနိုင်ပါတယ်။ အန်တာက နာရီအနည်းငယ်ကြာတဲ့ အထိဖြစ်နေရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top