Healthy Life Ad
Life Style

အမျိုးသမီး ကျန်းမာရေး ပြဿနာ အဖြေရှာ

ဒေါက်တာစိုးလွင်(သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

သားအိမ်ခေါင်းကင်ဆာကို ဘယ်လောက်ကြာ တစ်ခါ စမ်းသင့်သလဲ

မေး။ ။ သားအိမ်ခေါင်းကင်ဆာစမ်းသပ်နည်းက ဘယ်လောက်ကြာ တစ်ခါ ပြုလုပ်သင့်ပါသလဲ ဆရာ။

မြတ်လေးခင်၊ ကျောက်မြောင်း။

ဖြေ။ ။ သားအိမ်ခေါင်းကင်ဆာ စစ်တာထက် သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့်ကို စစ်တာဖြစ်ပါတယ်။ အဲဒါကတော့ ပုံမှန်အားဖြင့် အင်္ဂလန်မှာဆိုရင် သုံးနှစ်တစ်ခါ စစ်ကြပါတယ်။ အမေရိကားမှာဆိုရင်တော့ တစ်နှစ်တစ်ခါ စစ်ကြပါတယ်။ အမေရိကားက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်တာကိုး။ ပုံမှန်ပဲဆိုရင် သုံးနှစ်တစ်ခါလောက် စစ်ရင် ရပါတယ်။

သားအိမ်ခေါင်းကင်ဆာ ရှိ၊ မရှိ စစ်ရင် နာကျင်မှာလား

မေး။ ။ သားအိမ်ခေါင်းကင်ဆာရှိ၊ မရှိကို ဘယ်လိုစမ်းသပ်တာပါလဲရှင်။ အများစုပြောကြတာ စစ်ရင်အရမ်းနာကျင်တယ်လို့ပြောကြပါတယ်။ ဟုတ်ပါသလား။

စန္ဒာ(ကမာရွတ်)

ဖြေ။ ။ သားအိမ်ခေါင်းကင်ဆာအကြိုအဆင့်ကို စစ်တာက နာကျင်မှု မရှိပါဘူး။ သားအိမ်ခေါင်းထဲကို မြင်ရ
အောင် ဘဲနှုတ်သီးပုံစံ ပစ္စည်းလေးနဲ့ မွေးလမ်းကြောင်းကို ဟကြည့်ပါတယ်။ သားအိမ်ခေါင်း မြင်ခပြီဆိုရင် သစ်သားပြားနဲ့ အသာလေး ပွတ်လိုက်တာပါပဲ။ ဆေးခန်းထဲမှာပဲ ဒီအတိုင်း လုပ်လို့ရပါတယ်။မေ့ဆေး၊ ထုံဆေးတွေ မလိုပါဘူး။ နည်းနည်းပါးပါးကသိကအောက် ဖြစ်တာလောက်ပါပဲ၊ နာကျင်မှုတော့ မရှိပါဘူး။

ကိုယ်ဝန်ရှိစဉ် ခါးနာခြင်း

မေး။ ။ ကျွန်မ ကိုယ်ဝန် ၄ လရှိပါပြီ။ ဆိုင်ကယ်နဲ့ ရုံးဆင်း၊ ရုံးတက်ပြုလုပ်ပါတယ်။ အခု ခါးတအားနာနေ
လို့ ဆိုင်ကယ်စီးလို့ အဆင်ပြေ၊ မပြေ သိချင်ပါတယ်။ခါးမနာအောင် ဘယ်လို နေထိုင်သင့်ပါသလဲ။

နွယ်မာဝင်း၊ မကွေး။

ဖြေ။ ။ ကိုယ်ဝန်ဆောင်ချိန်မှာ ခါးနာတတ်ပါတယ်။ အလေးအပင်တွေ မတယ်၊ အနေအထိုင်လွဲမှားတယ်ဆိုရင်လည်း ခါးနာတတ်ပါတယ်။ ဆိုင်ကယ်စီးရင်းနဲ့ ခါးကြီး လိမ်သွားတာ၊ လမ်းတွေ ကြမ်းတာ၊ အကြာကြီးရပ်တာ၊ အကြာကြီးထိုင်တာ၊ ဒေါက်မြင့်ဖိနပ်တွေ စီးတာ စသဖြင့် အပြုအမူတွေကြောင့်လည်းခါးနာသွားတတ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ အနေအထိုင်၊ အသွားအလာက သေချာ ဂရုစိုက်ရပါတယ်။ ပစ္စည်းလေး တစ်ခုမတာကအစ ခါးကိုကုန်းပြီး မမသင့်ပါဘူး။ ခါးကို မတ်မတ်ထား၊ ဒူးကိုကွေးပြီးထိုင်ချပြီးမှပစ္စည်းတွေကို ကောက်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ဝန်ဆောင်ရချိန်မှာ ဗိုက်က
ကြီးလာလေလေ၊ ခါးက ပိုကော့လာလေလေပဲ။ အဲဒီလို ခါးကော့လာတော့ အဆစ်လေးတွေကို တွဲထားတဲ့ အရွတ်လေးတွေက လျော့ရဲသွားပါတယ်။ အဲဒီအချိန်မှာ အနေအထိုင် နည်းနည်းလေး မှားယွင်းသွားတာနဲ့ ခါးနာတာ ဖြစ်တတ်ပါတယ်။ ဆိုင်ကယ်စီးရင်လည်း သတိထားဖို့ လိုပါတယ်။ ခါးအနေအထားမှားကြီးနဲ့ ထိုင်စီးမိတာမျိုး မဖြစ်အောင် ဂရုစိုက်ရပါမယ်။ သက်သက်သာသာ စီးလို့ရတဲ့ ပုံစံမျိုး လုပ်ထားသင့်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ် ခေါက်ဆွဲခြောက်ထုပ်စားရင် ဘာဖြစ်တတ်ဘာသလဲ. . .

ဖြေ။ ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဘာမှစားချင်စိတ်မရှိဘူး ဖြစ်နေပါတယ် ဆရာ။ ထမင်း၊ ဟင်းကို ကြည့်ချင်စိတ် မရှိလို့ပါ ဆရာ။ အဲဒါနဲ့ အဆင်သင့် ခေါက်ဆွဲခြောက်ထုပ်တွေကိုပဲ စားနေမိတာ။ ကလေးကို ထိခိုက်မှာလည်း စိုးပါတယ်။ အာဟာရဓာတ် မပါမှာလည်း စိုးတယ်၊ ဘာဖြစ်နိုင်ပါသလဲ ဆရာ။

သဲလေး (FB)

ဖြေ။ ။ မေးခွန်းထဲမှာ ကိုယ်ဝန်က ဘယ်လောက်ရှိပြီလဲမသိပါဘူး။ ကိုယ်ဝန်အစောပိုင်းလား၊ များသောအားဖြင့် ကိုယ်ဝန်အစောပိုင်းအချိန်တွေမှာ အစားအသောက်ပျက်တာ၊ ပျို့အန်တာ စတဲ့ မအီမသာလေးတွေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ များသောအားဖြင့်အချိန်အတိုင်းအတာတစ်ခုရောက်ရင် သူ့ဘာသာကောင်းသွားပြီးတော့ အစားအသောက်တွေ ပြန်ကောင်းလာမှာ ဖြစ်ပါတယ်။အခုလောလောယ်မှာ ထမင်း၊ ဟင်းတွေကို စားချင်စိတ်မရှိဘူးဆိုရင် ထမင်း၊ ဟင်းရယ်လို့မှ မဟုတ်ဘဲ စားချင်စိတ်လည်းရှိတဲ့၊ အာဟာရလည်းရှိတဲ့ အစားအသောက်တွေကို ရွေးချယ်ပြီး နည်းနည်းနဲ့ မကြာခဏ စားသောက်ပေးသင့်ပါတယ်။အစားအသောက်က စုံလင်ရမယ်၊ မျှတရမယ်၊ အာဟာရဖြစ်ရမယ်၊ အစာကြေလွယ်ရမယ်။ခေါက်ဆွဲခြောက်တွေချည်းစားနေတဲ့ အခါကျတော့ ဆော်ဒါတွေ ပါတတ်တယ်၊ အငန်တွေ များတတ်တယ်၊ အာဟာရတန်ဖိုးက အများကြီး ပါချင်မှ ပါမှာဖြစ်တဲ့အတွက် တကယ်တမ်း စားသင့်တာက အာဟာရပြည့်ဝပြီး စုံလင်မျှတတဲ့ အစာတွေကိုစားသင့်တာ ဖြစ်ပါတယ်။ အစားအသောက် ပျက်နေပေမယ့် အဆီအအိမ့်၊ အစပ်တွေကိုလည်း မစားသင့်ပါဘူး။ ခေါက်ဆွဲခြောက်တွေချည်း စားနေရင်တော့အာဟာရဓာတ် သိပ်ရမှာ မဟုတ်ပါဘူး။ လတ်ဆတ်တဲ့ သစ်သီးဝလံတွေ၊ အသီးဖျော်ရည်တွေကို မကြာခဏ စားသောက်ပေးသင့်ပါတယ်။

မမျိုးဥကြွေ၊ မကြွေ စစ်ဆေးခြင်း

မေး။ ။ မမျိုးဥကြွေ၊ မကြွေ စစ်တဲ့ ကိရိယာဆိုတာ ရှိပါသလား ဆရာ။

မေမြတ် (FB)

ဖြေ။ ။ မမျိုးဥကြွေ၊ မကြွေ စစ်တဲ့ ပုံစံက မျိုးစုံရှိတာပေါ့။ အဲဒီအထဲမှာ အလွယ်ကူဆုံးက ဘာလဲဆိုရင်
ရာသီလာတဲ့နေ့က စပြီး Day 21 ဟော်မုန်းကို စစ်ကြည့်တာပါ။ အဲဒီဟော်မုန်းက ဘာလဲဆိုရင် မမျိုးဥကြွေသွားပြီးရင် ကျန်ခဲ့တဲ့ ဥခွံလေးထဲက ထွက်လာတဲ့ ဟော်မုန်းပဲ ဖြစ်ပါတယ်။ ဥကြွေပြီး ထွက်လာတဲ့ ဟော်မုန်းဓာတ်က များနေတယ်ဆိုရင် မမျိုးဥကြွေတယ်ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ သဘောကဘာလဲဆိုရင် ဆင်ကြီးတစ်ကောင် လာလား၊မလာလားဆိုတာ သိချင်ရင် ဆင်ကြီးတစ်ကောင်လုံးကို တွေ့ရမှ မဟုတ်ပါဘူး။ အဲဒီနေရာမှာ ဆင်ခြေရာရှိသလား၊ ဆင်ချေးပုံရှိသလားဆိုတာကို တွေ့ရုံနဲ့ ဆင်လာတာကို သိနိုင်သလိုပါပဲ။ မမျိုးဥကြွေတာကိုလှမ်းမြင်ရမှ ဥကြွေ၊ မကြွေသိနိုင်တာ မဟုတ်ပါဘူး။ ကျန်ခဲ့တဲ့ ဥခွံက ထွက်တဲ့ ဟော်မုန်းရဲ့ပမာဏကိုစစ်တဲ့နည်းဖြစ်ပါတယ်။ ဒါကို Day 21 Progesterone လို့ ခေါ်ပါတယ်။ ဒါက မမျိုးဥကြွေ ၊မကြွေစစ်တဲ့ အလွယ်ဆုံးနည်းပဲ ဖြစ်ပါတယ်။

သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် မစစ်ခင် ဆောင်သင့်၊ ရှောင်သင့်တာလေးတွေ . . .

မေး။ ။ ဆရာ ကျွန်မသားအိမ်ခေါင်းကင်ဆာ စစ်ချင်လို့ပါ။ အသက်က ၃၄ နှစ်ပါ။ အဲ့ဒါသားအိမ်ခေါင်းစစ်ဖို့ဆောင်ရန်၊ ရှောင်ရန်ရှိပါလားဆရာ။ ဥပမာ မစစ်ခင်အမျိုးသားနဲ့ ဘယ်နှစ်ရက်အတူမနေရဘူးဆိုတာမျိုး၊ ဓမ္မတာလာတဲ့ရက်နဲ့ ဘယ်နှစ်ရက်ကွာရမယ်ဆိုတာမျိုးရှိပါသလားဆရာ။

လှိုင်လှိုင်မျိုး၊ ပြည်။

ဖြေ။ ။ သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် မစစ်ခင်မှာ လိုက်နာရမယ့် အရာတွေ ရှိပါတယ်။ အဲဒါတွေ
ကတော့ ရာသီသွေးဆင်းနေတာမျိုး မရှိရပါဘူး။ ၂၄နာရီအတွင်းမှာ အမျိုးသားနဲ့ အတူတူနေမထားရပါဘူး။ ၂၄ နာရီအတွင်းမှာ မွေးလမ်းကြောင်းထဲကို ဆေးတွေ ထည့်တာ၊ ပစ္စည်းတစ်ခုခု ထည့်တာတို့မလုပ်ရပါဘူး။ အဲဒီလိုအချိန်မှာ စစ်မှ ပိုပြီးမှန်မှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top