Healthy Life Ad
Life Style

အိပ်စက်ခြင်းနှင့် ကျောင်းသားလူငယ် (၁)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား)

သက်ရှိသတ္တဝါတွေမှာ သဘာဝအလျောက် တောင့်တလာတဲ့ ဆန္ဒသုံးမျိုးကို “အိပ်၊ စား၊ ကာမ”လို့သိထားကြပါတယ်။ မျိုးဆက်ပြန့်ပွားဖို့အတွက် လိင်ဆန္ဒရှိဖို့လိုတယ်။ ခန္ဓာကိုယ် ကြီးထွားသန်မာဖို့၊ လှုပ်ရှားသွားလာဖို့ အစားအစာလိုပါတယ်။ ခန္ဓာကိုယ်လုပ်ငန်းတွေ ရေရှည်လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ စိတ်ရောကိုယ်ပါ အနားယူဖို့လိုပါတယ်။ ဒါကြောင့် အိပ်စက်မှုကို သဘာဝကဖန်တီးထားတာဖြစ်ပါတယ်။

အိပ်စက်ခြင်း၏ အကျိုးကျေးဇူးများ

(၁) မှတ်ဉာဏ်ဖွဲ့စည်းမှုကို အားပေးတယ်
မှတ်ဉာဏ်ဖွဲ့စည်းတည်ဆောက်မှုမှာ အဆင့်သုံးဆင့်ရှိပါတယ်။ ဦးနှောက်ထဲမှာ အသိပညာဗဟုသုတအသစ်ကို လက်ခံရယူပေးတာက ပထမအဆင့်၊ အဲဒီဗဟုသုတကို ကြာရှည်စွာ သိုလှောင်ထားတာက ဒုတိယအဆင့်နဲ့ သိုလှောင်ထားတဲ့ ဗဟုသုတကိုလိုအပ်တဲ့အခါ ဖော်ထုတ်သုံးစွဲမှုက တတိယအဆင့်တို့ဖြစ်ပါတယ်။ နိုးကြားနေချိန်မှာ ရယူထားတဲ့ ဗဟုသုတအသစ်တွေကို ရေရှည်သိုလှောင်ထားနိုင်ဖို့ အိပ်စက်ခြင်း လိုအပ်ပါတယ်။

ဆည်းပူးသင်ယူတတ်မြောက်မှု မှတ်ဉာဏ်နှစ်မျိုးရှိတယ်လို့ဆိုပါတယ်။ အကြောင်းအရာ၊ အချက်အလက်တွေကို မှတ်မိတဲ့ မှတ်ဉာဏ်နဲ့ ကိုယ်ထိလက်ရောက်လုပ်ကိုင်ရတဲ့ ကျွမ်းကျင်မှုကိုအလိုအလျောက် မှတ်မိတာတို့ဖြစ်ပါတယ်။ ဥပမာ- မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ကို မှတ်မိတာက အကြောင်းအရာ အချက်အလက်ကို မှတ်မိတာဖြစ်ပါတယ်။ စက်ဘီးစီးတတ်လာတာ ဒါမှမဟုတ် ကားမောင်းတတ်လာတာဟာ ကျွမ်းကျင်မှုမှတ်ဉာဏ်နဲ့ သက်ဆိုင်ပါတယ်။ အိပ်မောကျနေချိန်မှာ ဦးနှောက်လျှပ်စီးလှိုင်း လှုပ်ရှားမှုနှုန်းနှေးကွေးလာပါတယ်။

ခြေလက်ကြွက်သားတွေ လှုပ်ရှားမှုနှုန်း နှေးကွေးလာပါတယ်။ ခြေလက်ကြွက်သားတွေ ပြေလျော့နေပါတယ်။ အဲဒီအခြေအနေကို “နက်ရှိုင်းတဲ့ အိပ်စက်ခြင်း” (Deep Sleep)လို့ ခေါ်ပါတယ်။ နက်ရှိုင်းတဲ့အိပ်စက်မှုက အချက်အလက်မှတ်ဉာဏ် သိုလှောင်မှုကို အားပေးပါတယ်။ အိပ်နေချိန်မှာ မျက်ဝန်းလှုပ်ရှားမှုရှိတဲ့ အိပ်စက်ခြင်းမျိုးကို “မျက်ဝန်းလှုပ်ရှားမှုမြန် အိပ်စက်ခြင်း” (Rapid Eye Movement Sleep)လို့ ခေါ်ပါတယ်။ အဲဒီလို အိပ်စက်မှုမျိုးက ကျွမ်းကျင်မှုမှတ်ဉာဏ်ကို အားပေးပါတယ်။

ဒါကြောင့် ကျောင်းသားလူငယ်တွေ မှတ်ဉာဏ်ကောင်းချင်ရင် အိပ်ရေးဝဖို့ လိုပါတယ်။

(၂) အာရုံစူးစိုက်မှုကို အားပေးတယ်
အိပ်ရေးမဝရင် ခေါင်းထဲမှာ နောက်ကျိကျိ ခံစားရတာကို ကြုံတွေ့ဖူးကြပါလိမ့်မယ်။ အိပ်ရေးမဝရင် စဉ်းစားဆင်ခြင်နိုင်မှု၊ ဝေဖန်ဆုံးဖြတ်နိုင်မှုစတဲ့ စိတ်စွမ်းရည်တွေ လျော့နည်းလာပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် မအိပ်ရရင် ကျောင်းသားလူငယ်ဟာ အတန်းထဲမှာ ဆရာသင်ကြားပြသနေတာကို အာရုံစိုက်နိုင်မှာ မဟုတ်ပါဘူး။

(၃) စိတ်ကြည်လင်သာယာစေတယ်
အိပ်ရေးဝ၀အိပ်ပြီးနိုးလာရင် စိတ်ထဲမှာ ကြည်ကြည်လင်လင် ရှိတတ်ပါတယ်၊ အိပ်ရေးပျက်ရင် စိတ်တိုလွယ်တယ်၊ စိတ်ဓာတ်ခံနိုင်ရည်အား လျော့နည်းလာတယ်၊ စိုးရိမ်ကြောင့်ကြမှု ပိုလာတယ်။ ရေရှည်အိပ်ရေးမဝဖြစ်နေရင် စိတ်ကျဝေဒနာ ရရှိလာနိုင်ပါတယ်။

(၄) ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်တယ်
အိပ်ရေးဝရင် အစားအစာ စားလိုတဲ့ ဆန္ဒနဲ့ဆိုင်တဲ့ ဟော်မုန်းဓာတ်တွေ သမမျှတမှု ရှိလာပါတယ်။ အိပ်ရေးမဝရင် ဘာဖြစ်နိုင်သလဲ၊ အိပ်ရေးမဝရင် အစာစားချင်စိတ်ကို အားပေးတဲ့ ဂရီလင် (Ghrelin) ဟော်မုန်းထုတ်လုပ်မှုများလာပါတယ်။ တစ်ချိန်တည်းမှာ အစာဝတဲ့ ခံစားမှု (အီသွားတဲ့ ခံစားမှု)ကို ဖြစ်ပေါ်စေတဲ့ လက်ပ်တင် (Leptin) ဟော်မုန်း နည်းပါးလာတယ်။ ဒါကြောင့် အစားအစာကို စားပြီးရင်း စားချင်စိတ် ဖြစ်ပေါ်နေတတ်ပါတယ်။ ရေရှည်အိပ်ရေးပျက်ရင် အဝလွန်ကဲလာဖို့ အလားအလာ ၃၀ ရာခိုင်နှုန်း ပိုမိုလာတယ်လို့ ဆိုပါတယ်။

(၅) ဆီးချိုသွေးချိုရောဂါကို ကာကွယ်နိုင်တယ်
အိပ်ရေးပျက်ရင် သွေးထဲမှာရှိတဲ့ သကြားဓာတ် (ဂလူးကို့စ်)ကို ခန္ဓာကိုယ်က ရယူသုံးစွဲမှု ပြောင်းလဲလာပါတယ်။ ဒါကြောင့် သွေးထဲမှာ သကြားဓာတ် ပိုမိုများပြားလာနိုင်တယ်။ တစ်နေ့မှာ ငါးနာရီလောက်သာ အိပ်ပျော်တဲ့ ဝေဒနာ ကြာရှည်လာရင် အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါဖြစ်ပွားဖို့ အလားအလာ များလာနိုင်ပါတယ်။

(၆) နှလုံးနဲ့ သွေးကြောအင်္ဂါစုကျန်းမာရေးကို အားပေးတယ်
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ရင် နှလုံးအင်္ဂါကို အနားရပါတယ်။ သွေးကြောနံရံတွေ ပြုပြင်မွမ်းမံဖို့ အချိန်ရတယ်။ ရေရှည် အိပ်ရေးပျက်ရင်ဖြစ်စေ၊ မကြာခဏ အိပ်ရေးပျက်ရင် ဖြစ်စေ သွေးတိုးရောဂါ၊ နှလုံးလေဖြတ်ရောဂါနဲ့ ဦးနှောက်လေဖြတ်ရောဂါတွေ ပိုဖြစ်ပွားဖို့ အလားအလာများပြားလာတယ်လို့ သိရပါတယ်။

(၇) ခန္ဓာကိုယ် ကြီးထွားမှုကို အားပေးတယ်
ကလေးသူငယ်တွေ ကြီးထွားမှုကို တွန်းအားပေးတဲ့ဟော်မုန်းကို “ကြီးထွားဟော်မုန်းဓာတ်” (Growth Hormone)လို့ ခေါ်ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေချိန်မှာ ကြီးထွားဟော်မုန်းဓာတ် အများအပြားထွက်ရှိလာတယ်။ ဒါကြောင့် အိပ်ရေးဝရင် ကလေးသူငယ်တွေ ခန္ဓာကိုယ်ကြီးထွားတိုးတက် ဖွံ့ဖြိုးမှုကို အထောက်အကူပြုပါတယ်။

(၈) ရောဂါခုခံကာကွယ်နိုင်တဲ့ စွမ်းရည်ကို အထောက်အကူပြုတယ်
ခန္ဓာကိုယ်မှာ “ ခုခံကာကွယ်အင်္ဂါစု (Immaune System)”ဆိုတာ ရှိပါတယ်။ အဲဒီအင်္ဂါစုက ရောဂါပိုးမွှားနဲ့ အဆိပ်အတောက်တွေရဲ့ အန္တရာယ်ကို ကာကွယ်တိုက်ဖျက်ပေးပါတယ်။ အိပ်ရေးမဝရင် ခန္ဓာကိုယ် ခုခံကာကွယ်အင်္ဂါစုရဲ့ အာနိသင်စွမ်းအား လျော့နည်းလာနိုင်ပါတယ်။ ရေရှည် အိပ်ရေးမဝရင် တုပ်ကွေးရောဂါ၊ နှာစေးချောင်းဆိုးရောဂါ ကူးစက်ခံစားရဖို့ အခွင့်အလမ်း ပိုမိုလာပါတယ်။

(၉) အသက်ရှည်စေတယ်
ကြွက်တွေကို စမ်းသပ်ထားတဲ့ သုတေသနတစ်ခုရှိတယ်။ သာမန်အားဖြင့် ကြွက်သတ္တဝါရဲ့ သက်တမ်းဟာ ၂ နှစ်မှ ၃ နှစ်အထိ ရှိနိုင်ပါတယ်။ ကြွက်တွေကို အိပ်ရေးပျက်အောင်၊ အိပ်ရေးမဝအောင် ပြုလုပ်ထားရင် အဲဒီကြွက်တွေရဲ့ သက်တမ်းဟာ သိသိသာသာ လျော့နည်းသွားကြောင်း တွေ့ရှိရတယ်။ ဇီဝဗေဒသဘောနဲ့ကြည့်ရင် “ မအိပ်မနေ အသက်ရှည်” ဆိုတဲ့ဆိုရိုးစကားဟာ မမှန်ကန်ပါဘူး။
ကျောင်းသားလူငယ်တွေ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာနေဖို့ နေ့စဉ် အိပ်ရေးဝ၀အိပ်ဖို့ လိုအပ်ပါတယ်။

နေ့စဉ် လိုအပ်သည့် အိပ်ချိန်

အမေရိကန်နိုင်ငံ “ နိုင်ငံလုံးဆိုင်ရာ အိပ်စက်ခြင်းဖောင်ဒေးရှင်း” (National Sleep Foundation) က စာတမ်းပေါင်း ၃၀ဝ ကျော်ကို လေ့လာဆန်းစစ်ပြီး ကောက်ချက်ချထားတဲ့ သဘောထားကို ဖော်ပြပါမယ်။ ကိုယ်စိတ်နှစ်ဖြာကျန်းမာစေဖို့ အသက်အရွယ်အလိုက် လိုအပ်တဲ့အိပ်ချိန်ကို အောက်ပါအတိုင်း ညွှန်ပြထားပါတယ်။

အသက်အရွယ်အိုမင်းသူ (၆၅ နှစ်အထက်) တစ်နေ့ ၇ နာရီမှ ၈ နာရီ၊

၂၅ နှစ်အတွက် လူကြီးပိုင်း တစ်နေ့ ၇ နာရီမှ ၉ နာရီ၊

အသက် ၁၈ နှစ်မှ ၂၅ နှစ်အရွယ် တစ်နေ့ ၇ နာရီမှ ၉ နာရီ၊

အသက် ၁၄ နှစ်မှ ၁၇ နှစ် ဆယ်ကျော်သက်အရွယ် တစ်နေ့ ၈ နာရီမှ ၁၀ နာရီ၊

အသက် ၆ နှစ်မှ ၁၃ နှစ်အရွယ် ကျောင်းသား ကျောင်းလူငယ် တစ်နေ့ ၉ နာရီမှ ၁၁ နာရီ၊

အသက် ၃ နှစ်မှ ၅ နှစ်အရွယ် မူကြိုကျောင်းသား တစ်နေ့ ၁၀ နာရီမှ ၁၃ နာရီ၊

အသက် တစ်နှစ်မှ ၂ နှစ်အရွယ်ကလေး တစ်နေ့ ၁၁ နာရီမှ ၁၄ နာရီ၊

အသက် လေးလမှ ၁၂ လ ကလေး တစ်နေ့ ၁၂ နာရီမှ ၁၅ နာရီ၊

သုံးလသားအထိ မွေးကင်းစကလေး တစ်နေ့ ၁၄ နာရီမှ ၁၇ နာရီ။

အထက်ပါစာရင်းဇယားဟာ အသက်အရွယ် အလိုက်ပျမ်းမျှလိုအပ်တဲ့ အိပ်ချိန်ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ဦးနဲ့တစ်ဦး ကွဲပြားခြားနားမှု ရှိပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ တစ်နေ့လိုအပ်တဲ့ အိပ်ချိန်ဟာ ၈ နာရီမှ ၁၀ နာရီ ဆိုပေမယ့် တချို့လူငယ်တွေဟာ တစ်နေ့ ၇နာရီ အိပ်ရရင် အိပ်ရေးဝပါတယ်။ တချို့ကတော့ တစ်နေ့ ၁၁ နာရီ အိပ်ရမှ အိပ်ရေးဝပါတယ်။ အရွယ်ရောက်သူ လူကြီးပိုင်းမှာလည်း တစ်နေ့ ၆ နာရီ အိပ်ရရင် လုံလောက်သူ ရှိသလို ၉ နာရီအိပ်ရမှ အိပ်ရေးဝတတ်သူတွေလည်း ရှိပါတယ်။ အိပ်စက်ခြင်းနဲ့ပတ်သက်ပြီး သိသင့်တဲ့ အချက်တစ်ခုလည်းရှိပါတယ်။ အဲဒါကတော့ အိပ်စက်ခြင်းနှစ်မျိုးစလုံး အချိုးကျရရှိဖို့ ဖြစ်ပါတယ်။ အိပ်စက်ခြင်း နှစ်မျိုးဆိုတာဘာလဲ။

အိပ်စက်ခြင်းနှစ်မျိုး

အိပ်စက်ခြင်းနှစ်မျိုးကတော့ “မျက်ဝန်းလှုပ် ရှားမှုမရှိတဲ့ အိပ်စက်ခြင်း” (Non-Rapid Eye Movement) (NREM) နဲ့ “မျက်ဝန်းလှုပ်ရှားမှုမြန် အိပ်စက်ခြင်း” (Rapid Eye Movement Sleep) (REM) တို့ ဖြစ်ပါတယ်။

NREM အိပ်စက်ခြင်းမှာ အဆင့်လေးဆင့်ရှိပါတယ်။ အဆင့်(၁)နဲ့ အဆင့်(၂)ဟာ အိပ်ပျော်စ ကာလပိုင်းဖြစ်ပြီး အဆင့်(၃)နဲ့ အဆင့်(၄)ဟာ အိပ်မောကျတဲ့ အဆင့်တွေ ဖြစ်ပါတယ်။ NREM အိပ်စက်ခြင်းမှာ ခန္ဓာကိုယ်တစ်ခုလုံး အနားရနေပါတယ်။ နှလုံးခုန်နှုန်း နှေးလာပါတယ်။ အသက်ရှူနှုန်းလည်း နှေးလာပါတယ်။ သွေးပေါင် လျော့နည်းလာပါတယ်။ ခန္ဓာကိုယ်ကြွက်သားတွေ ပြေလျော့နေပါတယ်။ ကြွက်သားလှုပ်ရှားမှု ပြတ်တောင်းပြတ်တောင်းတော့ အနည်းငယ် ရှိတတ်ပါတယ်။ အိပ်စက်ချိန်အားလုံးရဲ့ ၇၅ရာခိုင်နှုန်းဟာ NREM အိပ်စက်မှုမျိုးဖြစ်ပါတယ်။ NREM အိပ်စက်မှုကို ညဦးပိုင်းမှာ ပိုမိုတွေ့ရှိရပါတယ်။

NREM အိပ်စက်ခြင်းနဲ့ အိပ်ပျော်နေသူကို နှိုးလိုက်ရင် ကယောင်ကတမ်း ဖြစ်နေတတ်ပါတယ်။ အိပ်နေစဉ် ဆီးသွားတာ၊ အိပ်ပျော်နေစဉ် အိပ်ရာကထပြီး လမ်းလျှောက်တာ (Sonambulism)၊ အိပ်ပျော်နေစဉ် အလွန်အမင်း ကြောက်လန့်အော်ဟစ်တာ (Night Terrors) တွေကို NREM အိပ်ချိန်တွေမှာ တွေ့ရှိရပါတယ်။
ဒုတိယအိပ်စက်ခြင်း အမျိုးအစားကတော့ မျက်ဝန်းလှုပ်ရှားမှုမြန်အိပ်စက်ခြင်း (REM) ဖြစ်ပါတယ်။ အိပ်စက်ချိန်အားလုံးရဲ့ ၂၅ ရာခိုင်နှုန်းဟာ REM အိပ်စက်ခြင်းမျိုးဖြစ်ပါတယ်။ REM အိပ်စက်ခြင်းကို အိပ်ချိန်နောက်ပိုင်းအချိန်မှာ ပိုမိုတွေ့ရှိရပါတယ်။ အိပ်ပျော်ပြီး မိနစ် ၉၀ ပတ်ဝန်းကျင်မှာ REM အိပ်စက်ခြင်း ပေါ်လာပါတယ်။ တစ်ကြိမ်မှာ ၁၀ မိနစ်မှ မိနစ် ၄၀ အထိ ကြာနိုင်ပါတယ်။ တစ်ညလုံး မိနစ် ၉၀ တစ်ကြိမ် ပေါ်ပေါက်လာနိုင်ပါတယ်။

REM အိပ်စက်ချိန်မှာ နှလုံးခုန်နှုန်းမြန်တယ်၊ အသက်ရှူနှုန်းမြန်တယ်၊ သွေးပေါင်တက်လာတယ်၊ ဦးနှောက်ကအောက်ဆီဂျင်ဓာတ်သုံးစွဲမှု ပိုမိုများပြားလာတယ်၊ REM အိပ်စက်ချိန်မှာ ခန္ဓာကိုယ်က အပူချိန် ထိန်းချုပ်နိုင်တဲ့စွမ်းရည် အားနည်းလာပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်ရာသီဥတုက အေးနေရင် ခန္ဓာကိုယ်အပူချိန် ကျလာနိုင်ပါတယ်။ REM အိပ်စက်ချိန်မှာ မျက်လုံးက လှုပ်ရှားနေတယ်။ မျက်လုံးကစားနေတယ်။ ဒါပေမဲ့ ကိုယ်လုံးကြွက်သားတွေကတော့ သေသလို ဖြစ်နေတယ်။ REM က အိပ်စက်ချိန်မှာ အိပ်မက်မက်တာများတယ်၊ အိပ်မက်ဆိုးမက်ပြီး လန့်နိုးလာတတ်ပါတယ်။ ယောကျာ်းတိုင်းလိုလို REM အိပ်ချိန်မှာ လိင်တံတောင့်တင်းလာတာကို တွေ့ရှိရတယ်။

အိပ်စက်ခွင့် မရရင် ဘာဖြစ်နိုင်သလဲ

ကြွက်တွေကို အိပ်ခွင့်မပေးဘဲ စမ်းသပ်ကြည့်တာ ရှိပါတယ်။ မအိပ်ရတာကြာတဲ့အခါ ကြွက်တွေဟာ အစားအစာကို အလွန်အမင်း စားသုံးလာပါတယ်။ ဒါပေမဲ့ ကိုယ်အလေးချိန် ကျလာတယ်၊ ခန္ဓာကိုယ်က စွမ်းအင် သုံးစွဲမှုများလာတယ်၊ ကိုယ်အပူချိန် ကျသွားတယ်၊ အရေပြားနာတွေ ပေါ်လာတယ်၊ သက်တမ်းတိုလာတယ်။

အကြောင်းအမျိုးမျိုးကြောင့် အိပ်ခွင့်မရတဲ့ လူတွေကို လေ့လာကြည့်တဲ့အခါ စိတ်နွမ်းနယ်ခြင်း၊ စိတ်တိုလာခြင်း၊ တွေးတောဆင်ခြင်နိုင်မှု လျော့နည်းကျဆင်းလာခြင်း၊ သံသယစိတ်လွန်ကဲလာခြင်း၊ အကြောင်းမဲ့မြင်ခြင်း၊ အကြောင်းမဲ့ အသံကြားခြင်းတို့ကို တွေ့ရှိရပါတယ်။

နိဂုံး
အခုဆောင်းပါးမှာ အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူးတွေနဲ့ အိပ်စက်ခြင်းနှစ်မျိုးအကြောင်းကို နောက်ခံဗဟုသုတအဖြစ် ဖော်ပြခဲ့ပါတယ်။ ရှေ့လာမယ့် အပတ်မှာ ကျောင်းသားလူငယ်တွေ အိပ်ရေးမဝရင် ဖြစ်ပေါ်လာနိုင်တဲ့ လက္ခဏာတွေနဲ့ အိပ်ရေးမဝတာကို ဖြစ်စေတဲ့ အကြောင်းရင်းတွေကို ဆွေးနွေးတင်ပြပါမယ်။ အဲဒီ့နောက် အိပ်ရေးမဝတဲ့ ကျောင်းသားကို ဘယ်လိုကူညီနိုင်သလဲ၊ ပြုပြင်ပေးနိုင်သလဲဆိုတဲ့ အချက်တွေကို ဖော်ပြပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top