Healthy Life Ad
Life Style

ကိုးတန်းကျောင်းသူဘဝက ကင်ဆာစဖြစ်ခဲ့ပြီး ယခု အသက် ၄၉ နှစ်အရွယ်တွင် ကျန်းမာနေဆဲ ဒေါ်သီတာထွေး

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ကိုးတန်းကျောင်းသူလေး သီတာထွေးသည် ငယ်စဉ်ကစ၍ သာမန်အပရိက ဖျားနာခြင်းကလွဲပြီး ရောဂါကြီးကြီးမားမား မဖြစ်ဖူးခဲ့ပေ။ ကစားလိုက်၊ မုန့်စားလိုက်၊ စာကျက်လိုက်နှင့် ကလေးပီပီ အပူအပင် ကင်းစွာဖြတ်သန်းခဲ့သူ သီတာထွေး၏လည်ပင်းတွင် အကျိတ်ထွက်လာသည်ကိုလည်း သူကိုယ်တိုင် သတိမပြုမိခဲ့ပါ။ ပိန်သွယ်သော ခန္ဓာကိုယ်ပိုင်ရှင် သီတာထွေး၏လည်ပင်းတွင် အကျိတ်ဖောင်းဖောင်းလေးထွက်နေသည်ကို အိမ်နီးနားချင်း အန်တီကြီးက စတင်သတိပြုမိခဲ့သည်။

“နင့်လည်ပင်းက ဖောင်းဖောင်းလေး ဖြစ်နေတယ်နော်” အန်တီကြီး၏ သတိပေးချက်ကို သီတာထွေးနားမလည်။

“ကိုယ်ကလည်း ကလေးဆိုတော့ ဘာမှနားမလည်ဘူး၊ အလေးထားရကောင်းမှန်းလည်း မသိခဲ့ပါဘူး၊ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ အကျိတ်လေးက ပိုပိုကြီးလာခဲ့တယ်၊ ပိုသိသာလာတော့ ဘေးကလူတွေက ဝိုင်းပြောကြတယ်၊ အစ်ကိုက ဆရာဝန်ဆိုတော့ အစ်ကိုကလည်ပင်းကို စမ်းကြည့်လိုက်တယ်၊ အကျိတ်ဖြစ်နေတယ်လို့တွေ့တာနဲ့ ခွဲစိတ်ဆရာဝန်ကြီးဆီ သွားပြဖြစ်ခဲ့ပါတယ်။

ပထမတော့ ၁၅နှစ်အရွယ်မှာ အကျိတ်တွေ့တယ်ဆိုတော့ တီဘီကျိတ်ဖြစ်တယ်ထင်ပြီး တီဘီဆေးတွေကို တစ်လလောက် ထိုးခိုင်းပါတယ်။ ဒါပေမဲ့ အကျိတ်ကလည်း လျော့မသွားဘူး၊ လူကလည်း အားနည်းသွားတယ်၊ တီဘီမဟုတ်တော့ဘူးဆိုတာနဲ့ ခွဲစိတ်ဆရာဝန်ကြီးက အဲဒီအကျိတ်ကို အသားစယူ စစ်ဆေးမှု (Biopsy) ယူလိုက်ပါတယ်။ အဲဒီမှာ အဖြေက CA Thyroid (သိုင်းရွိုက်ကင်ဆာ)ဆိုပြီး ထွက်လာပါတယ်”ဟု ဒေါ်သီတာထွေးက ဆိုသည်။

၁၅ နှစ်အရွယ်တွင် သိုင်းရွိုက်ကင်ဆာ ဖြစ်သည်ဆိုသည်ကို ခွဲစိတ်ဆရာဝန်ကြီးက သံသယဝင်ခဲ့သည်။ သို့ဖြစ်ရာ သေချာစေရန်အတွက် ထပ်မံ၍ အသားစယူစစ်ဆေးမှု (Biopsy) ပြုလုပ်ခဲ့သည်။ ထိုအခါတွင်လည်း သိုင်းရွိုက်ကင်ဆာဆိုသော အဖြေပင်ထွက်လာခဲ့သည်။ “ကဲ . . အဖြေကတော့ ကင်ဆာသေချာနေပြီဆိုပြီး ဆရာဝန်ကြီးကလည်း ခြောက်လပဲခံတော့မယ်၊ ဘာညာဆိုပြီး ပြောတာကို အစ်မနားစွန်နားဖျား ကြားရပါတယ်။ ဒါပေမဲ့ ကလေးဆိုတော့ ကြောက်ရ ကောင်းမှန်းလည်းမသိပါဘူး။ အိမ်က ဘုရား၊ တရားလုပ်ခိုင်းတာနဲ့ ဘုရား၊ တရားတွေလုပ်တယ်၊ ဒီလောက်ပဲ . . သိပ်လည်း မစိုးရိမ်တတ်ဘူး။

အလုံးထွက်လာရင် ခွဲရတယ်၊ ခွဲပြီး နောက်တစ်ခါ အလုံးထွက်လာရင် ထပ်ခွဲပြန်တယ်၊ ၁၀ တန်း ကျောင်းတက်နေတဲ့ တစ်နှစ်လုံးလိုလိုကို ခွဲနေရတာ၊ ခွဲလိုက်၊ ထုတ်လိုက်၊ ပြန်ထွက်လာလိုက်၊ ထပ်ခွဲလိုက်နဲ့ . . သိုင်းရွိုက်လည်း ထုတ်ပစ်လိုက်တယ်၊ သိုင်းရွိုက်ထုတ်တော့ သိုင်းရွိုက်ဆေးတွေ စားရပါတယ်။ သိုင်းရွိုက်ထုတ်လိုက်ပြီးတဲ့အခါမှာတောင် အကျိတ်ကထပ်ထပ်ထွက်နေခဲ့တယ်။ မပျောက်သွားပါဘူး”ဟု ဒေါ်သီတာထွေးက ပြောသည်။

သိုင်းရွိုက်အကျိတ် အသားစယူစစ်ဆေးခြင်းကို ထုံဆေးဖြင့် နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး အကျိတ်ခွဲထုတ်ခြင်းကို မေ့ဆေးဖြင့် လေးကြိမ်ပြုလုပ်ခဲ့ရသည်။ “ဒီလိုသာခွဲနေမယ်ဆိုရင် အန္တရာယ်များတယ်” ဆိုပြီး တခြားဆရာဝန်တွေကလည်း အစ်ကို့ကို ဝိုင်းအကြံဉာဏ်ပေးကြတယ်။ အဲဒီတုန်းက ၁၉၈၂ ခုနှစ်ဝန်းကျင်ဆိုတော့ ရန်ကုန်မှာ အဏုမြူရောင် ခြည်ဌာနရှိတယ်၊ မန္တလေးမှာတော့ မရှိသေးဘူး။ အဲဒါနဲ့ ရန်ကုန်ကို သွားပြပါလားဆိုပြီး ဆရာဝန် အတော်များများက အကြံပေးပါတယ်။

အဲဒါနဲ့ အစ်ကိုက သူ့ဆရာဖြစ်တဲ့ ခွဲစိတ်ဆရာဝန်ကြီးကို သွားတိုင်ပင်ပြီး အစ်မကို ရန်ကုန်ခေါ်သွားခဲ့ပါတယ်။ အဏုမြူဌာနကိုသွားပြတော့ အဏုမြူရောင်ခြည်ဆေးက ခြောက်လမှတစ်ခါ ရန်ကုန်ကိုရောက်တာ . . လေယာဉ်နဲ့ရောက်ပြီး မြန်မာနိုင်ငံမှာ ထားတယ်ဆိုရင်တောင် တစ်ပတ်အပြင် ပိုထားလို့မရဘူးလို့ သိရပါတယ်။ ဆေးအရှိန်က ပြယ်သွားတယ်လို့ ပြောတယ်။

သာမန်လူတွေတင်မကဘူး၊ ဆရာဝန်တွေကတောင် ငယ်ငယ်လေးနဲ့ ကင်ဆာဖြစ်တယ်ဆိုပြီး ယုံတောင်မယုံနိုင်ပါဘူး၊ မယုံတာနဲ့ ရန်ကုန်မှာ ထပ်စစ်ပြန်တော့လည်း CA Thyroid (သိုင်းရွိုက်ကင် ဆာ)ဆိုပြီးပဲ ထွက်ပါတယ်။

ကံကောင်းချင်လို့လားတော့ မသိဘူး၊ အစ်မသွားတဲ့အချိန်မှာပဲ အဏုမြူရောင်ခြည်ဆေးရောက် ချိန်နဲ့သွားတိုးတယ်။ တခြားကင်ဆာလူနာတွေဆိုရင် ၈ ရာခိုင်နှုန်းပဲ တိုက်ရတယ်တဲ့။ အများဆုံး ၁၀ ရာခိုင်နှုန်း အလွန်ဆုံးပဲ။ အစ်မကျတော့ ၈၀ ရာခိုင်နှုန်းကိုတိုက်ပါတယ်။ အဲဒီအချိန်တုန်းက ကင်ဆာဖြစ်တဲ့သူတွေထဲမှာ အစ်မက အသက်ကလည်းအငယ်ဆုံး၊ အဏုမြူရောင်ခြည်သောက်ရတဲ့ ပမာဏကလည်း အများဆုံး။ သီရိလင်္ကာက ဆရာဝန်ကြီးက စက်ကိုင်တာပါ။ အဲဒီဆရာကြီးက “ဒီမှာမပျောက်ရင် ငါတို့နိုင်ငံခေါ်ပြီးကုပေးမယ်လို့တောင် ပြောခဲ့ပါသေးတယ်”ဟု ဒေါ်သီတာထွေးက ပြောပြခဲ့သည်။

ရန်ကုန်ဆေးရုံကြီး၊ ကင်ဆာကုဌာနတွင် ဆေးရုံတက်ခဲ့ရာ အခန်းထဲတွင်တစ်ယောက်တည်း သီးသန့်နေခဲ့ရပြီး အဏုမြူရောင်ခြည်ဆေး သောက်ခဲ့ရကြောင်းနှင့် ဆေးရုံတွင် အပြင်လူနှင့်မတွေ့ရဘဲ ၁၀ ရက်နေခဲ့ရကြောင်း သိရသည်။ “အပြင်လူတွေနဲ့ မတွေ့ရဘူး၊ ရောင်ခြည်ကပြင်းပြီး အစ်မကိုတိုက်တဲ့ အချိုးအစားကလည်းများတဲ့အတွက် အခန်းကလည်း သီးသန့်၊ အိမ်သာကလည်း သီးသန့်၊ ၁၀ရက်နေခဲ့ရတယ်။

ရောင်ခြည်သောက်ပြီးရင် ‘ဆံပင်ကျွတ်လာမယ်၊ ကတုံးဖြစ်နိုင်တယ်’လို့ ပြောပေမယ့် အစ်မက ကတုံးဖြစ်တဲ့အထိတော့ ဆံပင်မကျွတ်ပါဘူး၊ နည်းနည်းလောက်ပဲကျွတ်ခဲ့တယ်၊ ဆရာဝန်တွေက ဖျော်ရည်တို့၊ ရေတို့ များများသောက်ခိုင်းပါတယ်၊ သောက်နိုင်သလောက် သောက်လို့ပြောတယ်။ အစ်မကပူတော့ ရေလည်း ခဏခဏကို ချိုးတယ်၊ ရေလည်း အများကြီးသောက်တယ်၊ ဖျော်ရည်တွေသောက်တယ်၊ အဲဒါတွေကြောင့် လားတော့မသိဘူး၊ ဆံပင်သိပ်မကျွတ်လိုက်ဘူး၊ ဒါပေမဲ့ ဘာဖြစ်လာလဲဆိုတော့ မျက်နှာမှာ အပူဖုကြီးတွေ အကြီးကြီးထွက်လာပါတယ်”ဟု ဒေါ်သီတာထွေးကဆိုသည်။

အဏုမြူရောင်ခြည်ဆေးသောက်ပြီးချိန်မှစ၍ လည်ပင်းအကျိတ်များ ထပ်ထွက်လာခြင်းမရှိတော့ကြောင်း သိရသည်။ “သိုင်းရွိုက်မရှိတော့တဲ့အတွက် သိုင်းရွိုက်ဆေးကိုတော့ ညတိုင်း တစ်ညတစ်လုံး မသေမချင်း သောက်သွားဖို့ ဆရာဝန်တွေက ညွှန်ကြားထားပါတယ်။ အရင်က တစ်နေ့နှစ်လုံးသောက်လိုက်၊ ဆေးရုံပြန်ပြလိုက်၊ ဆေးပြန်စစ်လိုက်နဲ့ အခုနောက်ပိုင်းကျတော့ တစ်နေ့တစ်လုံးပဲသောက်ဖို့ ညွှန်ထားပါတယ်။

ဆရာဝန်တွေက အစပိုင်းမှာ ဆေးရုံကို တစ်ပတ်တစ်ခါ၊ နောက်ပိုင်း တစ်လတစ်ခါ၊ နောက်ပိုင်း နှစ်လတစ်ခါ လာပြခိုင်းတယ်၊ အခုနောက်ပိုင်းဆိုရင် တစ်နှစ်တစ်ခါလောက်ပဲ ပြခိုင်းတယ်၊ ပြတဲ့အခါမှာလည်း သိုင်းရွိုက်ဆေးကိုပဲ အတိုးအလျှော့လုပ်ပေးတာပါပဲ။ တခြား ထူးထူးခြားခြား ညွှန်ကြားချက်မျိုးတော့ မရှိပါဘူး”ဟု ဒေါ်သီတာထွေးက ပြောပြခဲ့သည်။

ရောဂါပျောက်ပြီး အသက် ၂၅နှစ်အရွယ်တွင် အိမ်ထောင်ပြုခဲ့သည့် ဒေါ်သီတာထွေးသည် သားသမီးယူမည်ဟု ဆုံးဖြတ်ချိန်တွင် အဏုမြူရောင်ခြည် ဆေးသောက်ထားသည့်အတွက် သားသမီးယူ၍ ရ၊ မရ သိချင်ခဲ့သည်။ “ဆေးရုံက ဆရာဝန်ကြီးကို မေးလိုက်တော့ ကလေးယူလို့ရတယ်၊ ဒါပေမဲ့ ကလေးမွေးရင် လာပြပါဆိုတာနဲ့ ကလေးတစ်ယောက် မွေးတိုင်းမွေးတိုင်း ကလေးရဲ့ချက်က သွေးကိုဖောက်ပြီး အဏုမြူရောင်ခြည်ဌာနကို ပို့ရတယ်။ ဘာမှမဖြစ်ဘူးဆိုတဲ့ အဖြေရပါတယ်”

သားသမီး သုံးယောက်မွေးဖွားခဲ့ရာ သားသမီးအားလုံး ကျန်းမာပြီး ဉာဏ်ရည်ကလည်း ပုံမှန်ပင်ရှိကြကြောင်း သိရသည်။ “အစ်မလည်း အပူဖုတွေ ထွက်လိုက်တာတစ်ခုပါပဲ၊ ကျန်တာတော့ ဘာမှ ထူးထူးခြားခြား မဖြစ်ပါဘူး။ နောက်ပိုင်း ကိုယ်အလေးချိန်ကလည်း တက်လာတယ်။ သိုင်းရွိုက်ဆေးသောက်ဖို့ မေ့သွားရင် အသက်ရှူကျပ်တာ၊ ရင်တုန်တာတို့ ဖြစ်တတ်ပါတယ်။ အစားအသောက်ဆိုလည်း အကုန်လုံးကို မျှတအောင် စားနေတာပဲ၊ ရှောင်တာလည်း သိပ်မရှိပါဘူး။ အခုတော့ နေကောင်းနေတာပါပဲ”ဟု ဒေါ်သီတာထွေးက ပြောပြခဲ့သည်။

ကင်ဆာဖြစ်လျှင် ကုသမှုခံယူရန်အတွက် စိုးကြောက်နေသူတို့အား ဒေါ်သီတာထွေးက ‘မကြောက်ပါနဲ့၊ ခွဲစရာရှိရင် ခွဲလိုက်ပါ၊ အစ်မဆို နှစ် ၃၀ကျော် တောင် ကြာတဲ့အထိ ကျန်းကျန်းမာမာပါပဲ’ဟု သူ့အတွေ့အကြုံကို နမူနာပြ၍ အားပေးစကားပြောကြားခဲ့သည်။

ခွဲပြီးတိုင်း ဆရာဝန်ကြီးတွေ ကတော့ ‘သမီးစကားပြောနိုင် လား၊ ပြောစမ်း၊ ပြောစမ်း’ဆိုပြီး ပြာပြာသလဲလာမေးကြပါတယ်။ ဘာမှမထိခိုက်ခဲ့ဘူး။ ရန်ကုန် အဏုမြူရောင်ခြည်ဌာနမှာ အစ်မကိုကုပေးခဲ့တဲ့ ဆရာဝန်တွေထဲမှာ ဆရာဝန်ဦးကြည်မြင့် လည်းပါတယ်။ အခုပြန်တွေ့တဲ့အခါ ‘အရင်က ပိန်ပိန်လေး၊ အခုတော့ဝလို့’ဆိုပြီး လက်မောင်းကြီးညှစ်ပြီး ‘အခုထိ သမီးအကြောင်းကို ရန်ကုန်မှာ စာသင်တုန်း’လို့ အံ့သြတကြီး ဖြစ်နေခဲ့တာ . . .

“အစ်မဖြစ်တုန်းက အခုလိုတောင် ခေတ်မမီသေးဘူးလေ၊ ဒါပေမဲ့ မကြောက်ပါဘူး၊ ကလေးမို့လို့လားလည်း မသိပါဘူး၊ ခွဲဆိုလည်း ခွဲလိုက်တာပဲ၊ မနက်ဖြန်ဆေးရုံတက်ဆိုလည်း တက်လိုက်တာပဲ၊ ဆရာဝန်တွေ ပြောတဲ့အတိုင်းလုပ်လိုက်တာပဲ၊ အခုကြီးမှ ‘တော်သေးတယ်၊ လေးခါခွဲတာ ဘာမှ မထိခိုက်ခဲ့ဘူး’ဆိုပြီး တွေးမိတာ၊ အစ်မကံကောင်းတယ်ပဲ ပြောရမယ် … ။

မန္တလေးဆေးရုံကြီး ခွဲစိတ်ရုံ(၃)မှာ ခွဲစိတ်ဆရာဝန်ကြီး ဆရာဦးသန်းအောင်က လေးကြိမ်စလုံးခွဲပေးခဲ့တယ်၊ သူ့အမျိုးသမီးက မေ့ဆေးဆရာဝန်ကြီး ဒေါက်တာရှီလာစန်းစန်းမြင့်ဖြစ်ပါတယ်။ ခွဲပြီးတိုင်း ဆရာဝန်ကြီးတွေကတော့ “သမီး စကားပြောနိုင်လား၊ ပြောစမ်း၊ ပြောစမ်း”ဆိုပြီး ပြာပြာသလဲလာမေး ကြပါတယ်။ ဘာမှမထိခိုက်ခဲ့ဘူး။ ရန်ကုန်အဏုမြူရောင်ခြည်ဌာနမှာ အစ်မကိုကုပေးခဲ့တဲ့ ဆရာဝန်တွေထဲမှာ ဆရာဝန်ဦးကြည်မြင့်လည်းပါတယ်။ အခုပြန်တွေ့တဲ့အခါ ‘အရင်က ပိန်ပိန်လေး၊ အခုတော့ဝလို့’ဆိုပြီး လက်မောင်းကြီးညှစ်ပြီး ‘အခုထိ သမီးအကြောင်းကို ရန်ကုန်မှာ စာသင်တုန်း’လို့ အံ့သြတကြီးဖြစ်နေခဲ့တာ’ဟု ဒေါ်သီတာထွေးက သူ့အတွေ့အကြုံကို ပြောပြခဲ့ပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top