Healthy Life Ad
Child

ကျောင်းသားလူငယ်နှင့် စိတ်ကျန်းမာရေး

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား)

နိဒါန်း

“ စိတ်ကျန်းမာရေးဆိုတာ စိတ်ရောဂါကင်းစင်တဲ့ အခြေအနေရရှိရုံသာ မဟုတ်ပါဘူး။ စိတ်ကျန်းမာရေး ပြည့်ဝသူဟာ မိမိမှာရှိတဲ့ စွမ်းရည်ကို အပြည့်အစုံ ဖော်ထုတ်နိုင်ရမယ်။ နေ့စဉ် ကြုံတွေ့ရမယ့် ပြဿနာလေးတွေကို လျော်ကန်သင့်မြတ်သလို ဖြေရှင်းနိုင်စွမ်း ရှိရမယ်။ ပတ်ဝန်းကျင် လူ့အဖွဲ့အစည်း ကောင်းကျိုးကို ကာကွယ်နိုင်စွမ်း ရှိရမယ် ”လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အနက်အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။

ကျောင်းသားလူငယ် စိတ်ကျန်းမာရေးဆိုတာ ဘာလဲ
စိတ်ကျန်းမာရေး ပြည့်စုံတဲ့ ကျောင်းသားလူငယ်ဟာ မိမိမှာရှိတဲ့ ပင်ကိုဉာဏ်ရည်ကို အပြည့်အဝ အသုံးချနိုင်ရမယ်။ ကျောင်းတွင်းကျောင်းပြင်မှာ နေ့စဉ်ကြုံတွေ့ရမယ့် အခက်အခဲတွေကို သင့်လျော်သလိုဖြေရှင်းနိုင်ရပါမယ်။ မိမိဆည်းပူးတတ်မြောက်ရမယ့် သင်ခန်းစာတွေကို အောင်မြင်စွာ လေ့လာသင်ကြားနိုင်ရမယ်။ စာရိတ္တဗလနဲ့ စိတ်ခံစားမှုဖွံ့ ဖြိုးတိုးတက်စေရမယ်။ ပေါင်းသင်းဆက်ဆံရေး ပြေပြစ်ရမယ်။ ကျောင်းပတ်ဝန်းကျင်မှာ အများအကျိုး ပြုလုပ်ငန်းတွေကို ပါဝင်ဆောင်ရွက်နိုင်ရမယ်။

ကျောင်းစိတ်ကျန်းမာရေး တိုးတက်မှုအစီအစဉ်ဆိုတာ ဘာလဲ
ကျောင်းစိတ်ကျန်းမာရေး တိုးတက်မှု အစီအစဉ်ဆိုတာ အထက်ဖော်ပြပါ စိတ်ဓာတ် အရည်အသွေးတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ကျောင်းသား လူငယ်တွေကို မြေတောင်မြှောက်ပေးတာ ဖြစ်ပါတယ်။ ကျောင်းစိတ်ကျန်းမာရေးဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်တွေကို ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ အရေးထားဆောင်ရွက်နေကြပါတယ်။ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို ကွဲလွဲချက်တွေတော့ ရှိပါတယ်။

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ် ပညာရေးဌာနက ချမှတ်ထားတဲ့ ကျောင်းစိတ်ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ကို နမူနာအဖြစ် ဖော်ပြလိုပါတယ်။
အဲဒီအစီအစဉ်မှာ အဓိက ရည်မှန်းချက် ငါးမျိုး သတ်မှတ်ထားပါတယ်။ အဲဒါတွေကို အကျဉ်းချုံးပြီး ဖော်ပြပါမယ်။

(၁) ကျောင်းသားလူငယ်ကို တန်ဖိုးထားသော၊ လုံခြုံမှုပေးသော ကျောင်းပတ်ဝန်းကျင် ဖန်တီးပေးရန်၊
အဲဒီရည်မှန်းချက်အောင်မြင်နိုင်ဖို့ ဂရုပြုဆောင်ရွက်တဲ့ အစီအစဉ်တွေကတော့ ကျောင်းပတ်ဝန်းကျင်မှာ ထိခိုက်ဒဏ်ရာရရှိမှု လျော့နည်းအောင် စီစဉ်တာ၊ ကျောင်းသားအချင်းချင်း အနိုင်ကျင့်မှု ပပျောက်အောင် ဆောင်ရွက်တာ၊ တစ်ဦးက တစ်ဦးကို ရိုသေလေးစားတတ်အောင် လေ့ကျင့်ပညာပေးတာ၊ လူမျိုးဘာသာ၊ ရုပ်ရည်ပုံပန်းသဏ္ဌာန်၊ လူမှုရေးအဆင့်အတန်း အသွင်မတူ ခြားနားချက်ရှိတဲ့ ကျောင်းသားလူငယ်အချင်းချင်း သာတူညီမျှ ပေါင်းသင်းဆက်ဆံဖို့ သတိပေးတာ/ပညာပေးတာ၊ ခွဲခြားဆက်ဆံတတ်တဲ့ အပြုအမူမျိုးကို လက်မခံတာ၊ ကျောင်းသားအချင်းချင်း အနိုင်ကျင့်တာ ခံရရင် ဖွင့်ဟပြော ဆိုတိုင်တန်းနိုင်တဲ့ အခွင့်အရေး ရရှိအောင် အစီအစဉ် ချမှတ်ထားတာ၊ အဲဒီလို ဖွင့်ဟပြောဆို တိုင်တန်းဖို့ ပညာပေးတာ/ အားပေးတာ စတာတွေ ဖြစ်ပါတယ်။

(၂) ပေါင်းသင်းဆက်ဆံရေး ဖွံ့ဖြိုးရန်နှင့် စိတ်ခံစား တုံ့ပြန်မှု ရင့်ကျက်သန်မာစေရန်
အဲဒီရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိဖို့ လုပ်ကိုင်ဆောင်ရွက်တဲ့ အစီအစဉ်တွေကတော့ မိမိရဲ့ စိတ်ခံစားမှုနဲ့ ပင်ကိုအရည်အသွေးကို သိရှိနားလည်နိုင်အောင် ပညာပေးတာ၊ လိုအပ်သလို ဆုံးဖြတ်ချက် ချနိုင်အောင်/ဆုံးဖြတ်ချက်ချတတ်အောင် သင်ကြားပြသပေးတာ၊ စိန်ခေါ်မှုတွေကို တာဝန်သိသိ ဖြေရှင်းတတ်အောင် လေ့ကျင့်သင်ကြားပေးတာ၊ ကျောင်းသား လူငယ်အချင်းချင်း တစ်ဦးနဲ့ တစ်ဦး ယုံကြည်လေးစားမှု ရှိဖို့/အပြုသဘောပါတဲ့ ဆက်ဆံရေးမျိုး ထွန်းကားဖို့အတွက် အစီအစဉ်ချမှတ်ဆောင်ရွက်တာ စတာတွေဖြစ်ပါတယ်။

(၃) စာသင်ကျောင်း၊ မိသားစု၊ ရပ်ကွက်လူထုနှင့် ဝန်ဆောင်အဖွဲ့အစည်း အချင်းချင်း ပူးပေါင်း ဆောင်ရွက်ရန်
အဲဒီရည်မှန်းချက် ပြည့်ဝစေဖို့ ဆောင်ရွက်တဲ့ အစီအစဉ်တွေကတော့ ရပ်ကွက်လူထုအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး ပူးပေါင်းဆောင်ရွက်တာ၊ ကျောင်းသားလူငယ်ရဲ့ မိဘအုပ်ထိန်းသူနဲ့ ဆက်သွယ်ဖို့ အားပေးတာ၊ ၄င်းတို့ရဲ့ သဘောထားနဲ့ အကြံဉာဏ်တွေကို တန်ဖိုးထားလေးစားတာ၊ ကျောင်းသားလူငယ်ရဲ့ မိဘအုပ်ထိန်းသူကို လိုအပ်သလို ပံ့ပိုးပေးတာ၊ စိတ်ကျန်းမာရေး ချို့ယွင်းလာတဲ့ ကျောင်းသားလူငယ်ကို လက်ဦးအောင် ဖော်ထုတ်နိုင်ဖို့ မိဘအုပ်ထိန်းသူတွေကို ပညာပေးတာ၊ စိတ်ကျန်းမာရေး ချို့ယွင်းလာတဲ့ ကျောင်းသား လူငယ်ကို ပြုစုပျိုးထောင်ပေးတဲ့ လုပ်ငန်းမှာ မိဘအုပ်ထိန်းသူတွေနဲ့ ပူးတွဲဆောင်ရွက်တာ စတာတွေ ဖြစ်ပါတယ်။

(၄) ကျောင်းစိတ်ကျန်းမာရေးလုပ်ငန်းကို အခြား ကျောင်းလုပ်ငန်းအစီအစဉ်များတွင် ပူးတွဲ ဆောင်ရွက်ရန်
အဲဒီရည်မှန်းချက်ပြည့်ဝစေဖို့ လုပ်ဆောင်တဲ့ အစီအစဉ်တွေကတော့ ကျောင်းစိတ်ကျန်းမာရေးအစီအစဉ်တွေကို သီးသန့်အစီအစဉ်အဖြစ် သဘောမထားဘဲ အထွေထွေ ကျောင်းကျန်းမာရေးလုပ်ငန်းမှာ ပူးတွဲလုပ်ဆောင်တာ၊ စာသင်ခန်းတွင်း ပညာပေးပြသရာမှာ လည်းကောင်း၊ အပန်းဖြေ လှုပ်ရှားမှု အစီအစဉ်တွေမှာလည်းကောင်း စိတ်ကျန်းမာရေး အခန်းကဏ္ဍကို ထည့်သွင်းဆောင်ရွက်တာ စတာတွေ ဖြစ်ပါတယ်။

(၅) ကျောင်းဆရာ၊ ဆရာမနှင့် ကျောင်းဝန်ထမ်း အားလုံးတွင် စိတ်ကျန်းမာရေး ပညာဗဟုသုတ တိုးပွားစေရန်
အဲဒီရည်မှန်းချက် ပြည့်ဝစေဖို့ ဆောင်ရွက်တဲ့ အစီအစဉ်တွေကတော့ ကျောင်းဆရာ၊ ဆရာမနဲ့ ကျောင်းဝန်ထမ်းတွေအတွက် စိတ်ကျန်းမာရေးပညာ ပေးလုပ်ငန်းတွေ ဆောင်ရွက်တာ၊ ကျောင်းသားလူငယ် စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ သဘောထားအယူအဆတွေ တိုးတက်အောင် ဆောင်ရွက်တာ၊ စိတ်ကျန်းမာရေး အားနည်းတဲ့ ကျောင်းသား လူငယ်ကို လက်ဦးအောင် သိရှိဖော်ထုတ်နိုင်ဖို့ လိုအပ်တဲ့ အသိပညာနဲ့ ကျွမ်းကျင်မှု တိုးပွားစေတာ၊ စိတ်ကျန်းမာရေး ချို့တဲ့လာတဲ့ ကျောင်းသားလူငယ်ကို အကူအညီပေးနိုင်တဲ့ ပညာရှင်တွေ၊ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပေးတာ၊ အဲဒီလို အကူအညီပေးနိုင်တဲ့ “ ဆက်သွယ်ရေးကွန်ရက်” ကို ကြိုတင်စီမံထားတာ စတာတွေ ဖြစ်ပါတယ်။

ကျောင်းသားလူငယ်နှင့် စိတ်ဝေဒနာ

အနောက်တိုင်းနိုင်ငံတွေမှာ လေ့လာထားချက်အရ ကျောင်းသားလူငယ် ငါးဦးမှာ တစ်ဦးဟာ “ စိတ် ကျန်းမာရေး ပြဿနာ” ရှိတယ်လို့ သိရပါတယ်။ အသက် ၉ နှစ်မှ ၁၇ နှစ်အရွယ် ကျောင်းသားလူငယ် ငါးရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းဟာ စိတ်ကျန်းမာရေး ချို့ယွင်းမှုကြောင့် ပညာရေးမှာ ထိခိုက်နစ်နာမှု ရှိပါတယ်။ ကျောင်းသားလူငယ်တွေထဲမှာ ၁၅ ရာခိုင်နှုန်းဟာ မိမိကိုယ်ကိုယ် အန္တရာယ် ပြုလိုစိတ်ပေါ်ပေါက်ကြောင်း သိရပါတယ်။ တစ်နှစ်အတွင်းမှာ ကျောင်းသားလူငယ်တွေရဲ့ ၇ ရာခိုင်နှုန်းဟာ မိမိအသက်ကို အန္တရာယ်ပြုဖို့ ကြိုးစားတယ်လို့ ဆိုပါတယ်။

ကျောင်းသားလူငယ်တွေထဲမှာ ဖြစ်ပွားတတ်တဲ့ စိတ်ကျန်းမာရေးချို့ယွင်းမှုတွေကို အသေးစိတ်လေ့လာထားတာ ရှိပါတယ်။ ကျောင်းသားလူငယ်တွေထဲမှာ ဖြစ်ပွားမှုနှုန်းများတဲ့ စိတ်ကျန်းမာရေး ပြဿနာတွေကတော့ အနှောင့်အယှက်ဖြစ်စေတဲ့ အပြုအမူ၊ ကြမ်းတမ်းခက်ထန်တဲ့ အပြုအမူ၊ အနိုင်ကျင့်တဲ့ အပြုအမူရှိသူ ၁၇ ရာခိုင်နှုန်း၊ သင့်တော်သလို ညှိနှိုင်းနိုင်မှု ချို့ယွင်းတဲ့ ဝေဒနာရှိသူ ၁၀-၁၇ ရာခိုင်နှုန်း၊ စိုးရိမ်ကြောင့်ကြစိတ်လွန်ကဲဝေဒနာ အမျိုးမျိုးရှိသူ ၅-၁၄ ရာခိုင်နှုန်း၊ စိတ်ကျစိတ်ညစ်ကာ ပူဆွေးတမ်းတတဲ့ ဝေဒနာရှိသူ ၁၀ ရာခိုင်နှုန်း စတာတွေ ဖြစ်ပါတယ်။ လူမှုရေး ပြဿနာ၊ မိသားစုတွင်းပြဿနာကို ရင်ဆိုင်နေရတဲ့ ကျောင်းသားလူငယ်တွေကတော့ ၄၄ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ရှိနိုင်ပါတယ်။

အဲဒီလို စိတ်ကျန်းမာရေး ပြဿနာတွေနဲ့ ကြုံတွေ့နေရတဲ့ ကျောင်းသားလူငယ်တိုင်းဟာ လိုအပ်တဲ့ အကူအညီတွေ မရရှိပါဘူး။ ၅၀ ရာခိုင်နှုန်းကျော်သာ လိုအပ်တဲ့ ကုသမှု၊ ပံ့ပိုးမှု ရရှိကြောင်း တွေ့ရှိရပါတယ်။

စိတ်ကျန်းမာရေး ချို့ယွင်းတဲ့ ကျောင်းသားလူငယ်တွေကို လက်ခံကုသပေးတဲ့ ကျောင်းစိတ်ကျန်းမာရေးဆေးခန်းမှာ တက်ရောက်ကုသမှု ခံယူသူတွေထဲမှာတော့ စိုးရိမ်ကြောင့်ကြစိတ်လွန်ကဲဝေဒနာ အမျိုးမျိုး -၇၃ ရာခိုင်နှုန်း၊ စိန်ခေါ်တဲ့ အပြုအမူရှိဝေဒနာအမျိုးမျိုး (ဥပမာ အော်တစ်ဇင်ရောဂါ၊ အာရုံစိုက်မှုချို့ယွင်းကာ လှုပ်ရှားမှု လွန်ကဲရောဂါ (ADHD)၊ မူးယစ်ဆေးသုံးစွဲခြင်း၊ စည်းဖောက်အပြုအမူ- ၆၅ ရာခိုင်နှုန်း၊ အပေါင်းအသင်း သူငယ်ချင်းတွေနဲ့ အဆင်မပြေတဲ့ ဆက်ဆံရေး ပြဿနာ အခက်အခဲတွေ -၅၉ ရာခိုင်နှုန်း၊ အကြမ်းဖက်တာနဲ့ အနိုင်ကျင့်တဲ့ အပြုအမူ -၄၁ ရာခိုင်နှုန်းတို့ ဖြစ်ပါတယ်။

နိဂုံး

အခုဆောင်းပါးမှာ ကျောင်းသားလူငယ် စိတ်ကျန်းမာရေး ဖွံ့ဖြိုးဖို့အတွက် ကျောင်းတွေမှာ ဆောင်ရွက်သင့်တဲ့ အစီအစဉ်ကို နမူနာအဖြစ် ဖော်ပြခဲ့ပါတယ်။ ကျောင်းသားလူငယ်တွေထဲမှာ ဖြစ်ပွားမှုနှုန်းများတဲ့ စိတ်ကျန်းမာရေး ဝေဒနာတွေကို တစေ့တစောင်း ညွှန်ပြခဲ့ပါတယ်။
(ရှေ့လာမယ့်အပတ်မှာတော့ ကျောင်းသားလူငယ်တွေမှာ စိတ်ကျန်းမာရေး ချို့ယွင်းစေတဲ့အကြောင်း ရင်းတွေကိုဆွေးနွေးပါမယ်။)

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top