Healthy Life Ad
Life Style

မလိုအပ်ဘဲ ဆေးထိုးခြင်း (၄) (Unnecessary Injection)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

(၁) ဆေးထိုးအပ်နဲ့ ဆေးထိုးကိရိယာတွေ မသန့်ရှင်းတာကြောင့် (Unsterilized Syringes And Needles) ပဲဖြစ်ဖြစ်၊ ပိုးမသတ်ဘဲ တစ်ဦးသုံးပြီးသားအပ်နဲ့ တခြားသူတွေကို သုံးမိလို့ပဲဖြစ်ဖြစ်၊ ဆေးရည်တစ်ပုလင်းထဲက ဆေးကို အများအတွက်သုံးရရင် ထိုးပြီးသားအပ်နဲ့ ဆေးစုပ်ယူမိတာကြောင့်ပဲဖြစ်ဖြစ် ရောဂါပိုးတွေကူးစက်စေနိုင်ပါတယ်။ အပ်ကို တစ်ဦးတည်း တစ်ကြိမ်တည်းမသုံးဘဲ ပြန်သုံးမယ်ဆိုရင် ပိုးသေအောင်သတ်ဖို့ အပ်တွေ၊ ပြွန်တွေကို နာရီဝက်ပြုတ်မှ စိတ်ချရပါတယ်။ ကမ္ဘာပေါ်မှာ တစ်နှစ်လုံးမှာ မလုံခြုံတဲ့ (unsafe injection) ကြောင့် သန်းပေါင်းများစွာသောလူတွေမှာ အသည်းရောင်အသားဝါဘီပိုးနဲ့ စီပိုးတွေ ကူးစက်ခံခဲ့ရတယ်လို့ ပြောပါတယ်။ အလားတူ တစ်ကမ္ဘာလုံးမှာ နှစ်စဉ် လူနှစ်သိန်းခွဲလောက်ဟာ HIV ခုခံအားကျဆင်းတဲ့ ပိုးကူးစက်ခံရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။

အထူးသဖြင့် မူးယစ်ဆေးသုံးစွဲသူတွေမှာ ဖြစ်တတ်ပါတယ်။ ဒါတွေက တစ်ခါသုံးအပ် မသုံးကြလို့ဖြစ်ပါတယ်။ တစ်ခါသုံးအပ်သုံးတာကြောင့် ဒါတွေလျော့သွားစေပါတယ်။ အများဆုံးဆေးထိုးလေ့ရှိခဲ့တဲ့ နယ်တွေက လူနာတွေမှာ အသည်းရောင်အသည်းဝါပိုး၊ အထူးသဖြင့် စီပိုးအများဆုံးဖြစ်တာကို ဆရာဝန်တွေ အသိဆုံးဖြစ်ပါတယ်။ ဒါကြောင့် လုံခြုံစိတ်ချရတဲ့ ဆေးထိုးစနစ်နဲ့ ဆေးထိုးကိရိယာတွေ၊ တစ်ခါသုံး ဆေးထိုးအပ်တွေသုံးဖို့ အလွန်အရေးကြီးပါတယ်။

ဆေးထိုးလို့ ဆေးမတည့်ရင် သောက်တာထက် မြန်ဆန်ပြင်းထန်တတ်ပြီး အသက်ကယ်ဆေးမရှိရင် အတွေ့အကြုံမရှိသူ လက်ထဲမှာဆိုရင် မိနစ်ပိုင်းအတွင်း အသက်သေဆုံးသွားနိုင်ပါတယ် . . .

(၂) ဆေးထိုးလို့ ဆေးမတည့်ရင် သောက်တာထက် မြန်ဆန်ပြင်းထန်တတ်ပြီး အသက်ကယ်ဆေးမရှိရင် အတွေ့အကြုံမရှိသူ လက်ထဲမှာဆိုရင် မိနစ်ပိုင်းအတွင်း အသက်သေဆုံးသွားနိုင်ပါတယ်။ အထူးသဖြင့် ပဋိဇီဝပိုးသတ်ဆေးတွေ၊ အကိုက်အခဲပျောက်ဆေး၊ အားဆေးတွေမတည့်ရင် သွေးပေါင် ချက်ချင်းကျစေတတ်ပါတယ်။ (Shock) ဒါကြောင့် ဆေးထိုးပေးရင် ဒါမှမဟုတ် ဆေးထိုးခံယူရင် မမျှော်လင့်နိုင်တဲ့ ဆေးမတည့်တဲ့ Shock ဖြစ်ခဲ့ရင် ပြန်ကယ်ဖို့ ဆေးတွေအဆင်သင့် အမြဲရှိရပါမယ်၊ ဆောင်ထားရပါမယ်။

အရင်ခေတ်က ပင်နဆလင်ဆေး (Penicillin)ဟာ ထိုးဆေးအဖြစ်ပဲရှိခဲ့ဖူးလို့ ရှေးလူကြီးတွေ ငယ်စဉ်က လူတိုင်းနီးပါး ဒီဆေးကိုဖျားတာနဲ့ အထိုးခံရဖူးပါလိမ့်မယ်။ ဒီဆေးကတော့ ဆရာဝန်တွေ အကြောက်ဆုံးထိုးဆေးတစ်ခုပါပဲ။ ဆေးမတည့်တဲ့ ပြဿနာရှိတတ်လို့ပါပဲ။ ဒါပေမဲ့ ဘယ်ဆေးမဆို မတည့်တာဖြစ်တတ်ပါတယ်။ အရေးပေါ်ပြန်ကယ်တဲ့ ဆေးမပါဘဲ လူနာအိမ်မှာ ဆေးသွင်းပေးတာကလည်း အန္တရာယ်မကင်းကြောင်း ရှေ့မှာဖော်ပြထားတဲ့ လူနာဒေါ်စမ်းရီရဲ့ ခင်ပွန်းဖြစ်စဉ်ကိုကြည့်ရင် သိသာပါတယ်။

(၃) ဆေးခန်းတွေမှာ အသုံးများတဲ့ ထိုးဆေးတွေကိုကြည့်ရင် Diclofenec, Analgesin, Vitamin, Burplex, B12, B6, Vitamin C,25% နဲ့ 50% Glucose, Calcium gluconate (ဒိုင်ကလိုဖန်နက်၊ အရင်ကဆို အင်နာဂျက်စင်၊ ဗီတာမင်တွေ-ဥပမာ- ဘားပလက်၊ ဘီတွဲလ်၊ ဘီစစ်၊ ဗီတာမင်စီ၊ ၂၅ ရာခိုင်နှုန်းနဲ့ ၅၀ ရာခိုင်နှုန်း ဂလူးကို့စ်၊ ကယ်လ်ဆီယမ်ဂလူကိုးနိတ်)စတာတွေကို အသုံးပြုတာများပါတယ်။ စောစောက အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ကြည့်မယ်ဆိုရင် ဒိုင်ကလိုနဲ့ အနာဂျက်ဆင်ဟာ အာနိသင်တူတဲ့ စားဆေးတွေရှိပြီး ဖြစ်ပါတယ်။ ဆေးထိုးရင် ဝေဒနာမြန်မြန်သက်သာပေမယ့် စားဆေးနဲ့နှိုင်းစာရင် အာနိသင်ပြတာ မိနစ်ပိုင်းပဲ အချိန်ကွာခြားပါတယ်။

ထိရောက်မှုကလည်း မကွာလှပါဘူး။ ဒါဆို diclofenec ဆေးထိုးတာဟာ မလိုအပ်ဘဲ ဆေးထိုးရာ ရောက်ပါတယ်။ ဒါပေမဲ့ လူနာအများကတော့ ဆေးထိုးပြီး မိနစ်ပိုင်းမှာသက်သာသွားတာကို လိုချင်ကြပါတယ်၊ ဆရာဝန်ကလည်း လူနာရဲ့ဝေဒနာကို ချက်ချင်းသက်သာအောင် လုပ်ပေးချင်တာကြောင့် ဆေးထိုးပေးကြတာ ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့ သတ်မှတ်ချက်အရဆိုရင်တော့ သောက်ဆေးရှိလျက် ထိုးဆေးကို ရွေးချယ်တာက မလိုအပ်ဘဲ ဆေးထိုးရာရောက်တယ်လို့ ဆိုပါတယ်။ လူနာကလည်း ဆေးထိုးဖို့ လိုလားကြတာလည်း ပါပါတယ်။

(၄) ဆေးဆိုတာ ကောင်းကျိုးတွေ အနည်းနဲ့အများရှိသလို ဆိုးကျိုးတွေလည်း အနည်းနဲ့အများ ရှိကြပါတယ်။ သုံးသင့်တဲ့ နေရာမှာသုံးလို့ အသက်ကယ်နိုင်တဲ့အထိ အစွမ်းထက်သလို ဒီဆေးကိုပဲ မသုံးအပ်သူတွေမှာ သုံးမိတာ ဒါမှမဟုတ် သိရက်နဲ့ တခြားအကျိုးကို လိုချင်လို့ (ဥပမာ- ချက်ချင်းသက်သာတာမျိုး ပြသချင်လို့) သုံးမိတာကြောင့် ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဥပမာ- အဖျားနဲ့ ရောင်ရမ်းမှုကျစေတဲ့ ဒက်ဆာမီသာစုန်းဆိုတဲ့ ဆေးတွေဖြစ်ပါတယ်။ (Anti-inflammatory drugs) ဒါဟာလည်း မလိုအပ်ဘဲ ဆေးထိုးလိုခြင်းရဲ့ ဆိုးကျိုးတွေဖြစ်ပါတယ်။ ဒီသာဓကကို ရှေ့မှာဖော်ပြထားတဲ့ လူနာဒေါ်ကြည်နဲ့ ကိုအေးမြင့်တို့ကို လေ့လာနိုင်ပါတယ်။

(၅) ဆေးထိုးခံရသူတွေသာမကဘဲ ဆေးထိုးခြင်းပြုလုပ်သူ ဆေးဝန်ထမ်းတွေမှာလည်း လူနာထိုးပြီးသား အပ်မတော်တဆ စူးမိတာကြောင့် ဒီရောဂါပိုးတွေ ကူးစက်ခံရတာရှိပါတယ်။ ဒါက အကိုင်အတွယ်ပေါ့ဆလို့ ဒါမှမဟုတ် ကျွမ်းကျင်မှုလိုအပ်သေးလို့ ဖြစ်တတ်ကြပါတယ်။ သုံးပြီးသားအပ်ကို စနစ်တကျစွန့်တတ်ဖို့လိုပါတယ်။ အပ်အစွပ်ကိုပြန်စွပ်ဖို့ ကြိုးစားစဉ် မိမိလက်ကို စူးမိတာများပါတယ်။ အပ်ကို သီးသန့်ဘူးတစ်ခုထဲမှာ ဒီအတိုင်းထည့်လိုက်ပြီး စနစ်တကျစွန့်ရပါမယ်။ သာမန်အမှိုက်တွေထဲရောပြီး ပစ်လိုက်ရင် အမှိုက်သိမ်းသူတွေစူးမိပြီး ရောဂါကူးစက်နိုင်ပါတယ်။ ဒါကြောင့် ဆေးထိုးရင်ရရှိတဲ့ အကျိုးကျေးဇူးနဲ့ ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ချိန်ဆပြီးမှ မိမိရဲ့လူနာတွေကို ဆေးထိုးပေးမယ်၊ ဆေးထိုးဖို့ တောင်းဆိုမယ်ဆိုရင် အကျိုးအများဆုံးရရှိမှာ ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ အကျိုးကျေးဇူးများပြီး ဘေးထွက်ဆိုးကျိုးနည်းစေဖို့ မလိုအပ်ဘဲ ဆေးမထိုးပါနဲ့။

ဆေးထိုးရင်လည်း လုံခြုံစိတ်ချရမှုမရှိတဲ့ ဆေးထိုးခြင်းစနစ် (unsafe injection) တွေကို ရှောင်ကြဉ်ပါ။ ပိုးသန့်ပြီး တစ်ခါသုံးဆေးထိုးကိရိယာကိုပဲသုံးပါ။ တစ်ဦးကိုထိုးထားတဲ့အပ်နဲ့ တခြားတစ်ဦးတစ်ယောက်ကို မျှဝေကာ ပြန်မသုံးပါနဲ့။ သုံးပြီးသားအပ်နဲ့ စူးရှနိုင်တဲ့ ဆေးထိုးကိရိယာတွေကို မိမိကိုယ်တိုင်သာမက အမှိုက်သိမ်းသူတွေ မစူးမိစေဖို့ စနစ်တကျစွန့်ပစ်ပါ။

မတည့်တာဖြစ်တတ်တဲ့ ဆေးတွေကို စမ်းသပ်ပြီးမှထိုးပါ။ မထင်မှတ်ဘဲ ရုတ်တရက် ရှော့ခ်ဖြစ်လာမယ်၊ ဆေးမတည့်တာ ဖြစ်လာမယ်ဆိုရင် အသက်ကယ်မယ့်ဆေးဝါးတွေ လက်တစ်ကမ်းစာမှာ အဆင်သင့်ရှိစေရပါမယ်။ နောက်ဆုံးဖြစ်နိုင်ရင် ထိုးတဲ့ဆေးရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုး ဘာတွေရှိတတ်သလဲဆိုတာ လူနာသိလိုရင်၊ သိသင့်ရင် ကြိုတင်ရှင်းပြပြီးမှ ထိုးပေးသင့်ပါတယ်။ လူနာတွေကလည်း ဒီမေးခွန်းကို ဆရာဝန်၊ ဆရာမတွေ၊ ဆေးမှူးတွေထံမှာ မေးမြန်းပိုင်ခွင့်ရှိပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top