Healthy Life Ad
Life Style

မြန်မာလူမျိုးတို့ အဖြစ်များသည့် လေပွခြင်း

ပါမောက္ခဦးအေးမွန် (ခွဲစိတ်ဆရာဝန်ကြီး)

မေး. လေပွခြင်းက ဘာကြောင့်ဖြစ်တတ်ပါသလဲ ဆရာ။

ဖြေ. လေပွတာက ရောဂါမဟုတ်ပါဘူး။ ရောဂါလက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။ လေပွရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ပုံမှန်ဆိုရင် အစာအိမ်နဲ့ အူလမ်းကြောင်းမှာ သဘာဝလေတွေရှိပါတယ်။ ပုံမှန်ထက် လေတွေတအားများနေတဲ့အခြေအနေမှာ လေပွတတ်ပါတယ်။ မြန်မာလူမျိုး တွေ ပြောလေ့ရှိတဲ့ လေပွတယ်ဆိုတာက သုံးပိုင်းပါဝင်ပါတယ်။ အောက်ကနေ လေခဏခဏ လည်တာလည်းပါတယ်၊ အပေါ်ကနေ လေတွေအန်ပြီး လေချဉ်တက်တာလည်းပါတယ်၊ အလယ်မှာ ဗိုက်ကြီးဖောင်းပြီး ပုတ်လိုက်ရင် လေတွေနဲ့ ပွနေတတ်ပါတယ်။

ပုံမှန်ထက် လေများပြီး လေပွရတဲ့အကြောင်းရင်းက လူတစ်ယောက်ရဲ့ နေထိုင်စားသောက်မှု အလေ့အကျင့်နဲ့လည်း ဆိုင်ပါတယ်။ သူက ထမင်းစားရင်း စကားတွေအများကြီးပြောတယ်၊ အစားအသောက်တွေ စားတဲ့အခါ ရှူးရှူးဆိုပြီး စုပ်သောက်တယ်၊ အအေးကို ပိုက်နဲ့စုပ်သောက်တယ် . . အဲဒီလို စားသောက်တဲ့အကျင့်ရှိသူ တွေက ဗိုက်ထဲလေတွေ အများကြီး ဝင်သွားပါတယ်။ တချို့အစားအသောက်တွေကြောင့်လည်း လေပွစေပါတယ်။ နောက်တစ်ခုက ဗိုက်ထဲမှာ အစာမခြေနိုင်လို့ လေထတာဖြစ်နိုင်တယ်၊ ဗိုက်ထဲမှာ ဘက်တီးရီးယားပိုးတွေ ပွားနေလို့ လေထတာ ဖြစ်နိုင်တယ်၊ အစာမချက်နိုင်လို့ အစာမကြေဘဲ လေပွတာ ဖြစ်နိုင်တယ်၊ အူပိတ်ရာက လေတွေအောက်မဆင်းနိုင်ဘဲ ဖောင်းနေတတ်ပါတယ်။

မေး. လေပွတာက ဘယ်လို အစားအသောက်တွေကြောင့် ဖြစ်နှုန်းများတတ်ပါသလဲ ဆရာ။

ဖြေ. ကာဗွန်ဖြည့်ထားတဲ့ အမြှုပ်ထအချိုရည်တွေ သောက်တာများရင် လေပွတတ်ပါတယ်။ ပဲမျိုးစုံ၊ ဂေါ်ဖီထုပ်၊ ပန်းမုန်လာ စတာတွေကိုစားရင် လေပွတတ်ပါတယ်။ ဖရဲသီးစားရင် တချို့လူတွေမှာ လေပွတတ်ပါတယ်။ ပီကေဝါးတာများရင်လည်း လေပွတတ်ပါတယ်။ တချို့လူတွေက နို့နဲ့ နို့ထွက်ပစ္စည်းတွေ မတည့်တာ ရှိတတ်ပါတယ်။ အဲဒီလိုမတည့်ရင် ရှောင်ရပါမယ်။

မေး. မကြာခဏ လေပွတတ်တဲ့သူတွေဟာ ဘယ်လိုရောဂါတွေကို စစ်ဆေးကြည့်သင့်ပါသလဲ ဆရာ။

ဖြေ. အကြမ်းဖျင်းအားဖြင့် လေပွတာက ရောဂါကြောင့်မဟုတ်ကြပါဘူး။ နေ့စဉ် လူထောင်နဲ့ချီပြီး ဖြစ်နေကြတာကိုး။ စိတ်ဖိစီးမှုများတာနဲ့ ရာသီဥတုအခြေအနေကြောင့် အစာမခြေတာကြောင့်လည်း ဖြစ်နိုင်သလို အစားအသောက်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လူနည်းစုမှာတော့ ရောဂါတွေနဲ့ ဆက်စပ်နေ တတ်ပါတယ်။ အဓိကဆက်စပ်နေတာကတော့ အစာအိမ်အနာ (Peptic Ulcer)၊ အသည်းနဲ့ ပန်ကရိယအလုပ် သိပ်မလုပ်တဲ့ ရောဂါတွေ၊ ပိုကြောက်ဖို့ကောင်းတာက အစာအိမ်နဲ့ အူလမ်းကြောင်းပိတ်တဲ့ အခြေအနေတွေဖြစ်ပါတယ်။ ဝမ်းတအားချုပ်ရင်လည်း လေပွတတ်ပါတယ်။

မေး. မြန်မာနိုင်ငံမှာ လေပွတာနဲ့တွဲပြီး ဘယ်လိုရောဂါကို အများဆုံးတွေ့ရလေ့ရှိပါသလဲ ဆရာ။

ဖြေ. မြန်မာနိုင်ငံမှာတော့ မကြာခဏ လေပွတတ်သူတွေက အစာအိမ်အနာ (Peptic Ulcer)၊ အသည်းနဲ့ ပန်ကရိယအလုပ် သိပ်မလုပ်တဲ့ရောဂါတွေ၊ အစာအိမ်နဲ့ အူလမ်းကြောင်းပိတ်တဲ့ အခြေအနေ၊ ဝမ်းချုပ်တာတွေနဲ့တွဲပြီး တွေ့ရတတ်ပါတယ်။ အူပိတ်တယ်ဆိုတာက ကင်ဆာကြောင့်လည်း ဖြစ်နိုင်သလို ရိုးရိုးအကျိတ်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အူကျလို့ လေပွတာလည်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက ဆီးချိုရောဂါရှိတဲ့သူတွေလည်း လေပွတတ်ပါတယ်။ နိုင်ငံခြားမှာတော့ Celiac ရောဂါ၊ လက်တို့စ်နဲ့ မတည့်တာ (Lactose Intolerance)တွေနဲ့တွဲပြီး တွေ့ရတာများပါတယ်။

မေး. တချို့မိသားစုတွေမှာ ဖခင်လေပွတတ်ရင် သားသမီးတချို့ လေပွတာမျိုးတွေ့ဖူးပါတယ်။ လေပွတာက မျိုးရိုးလိုက်ပြီး ဖြစ်တတ်ပါသလား ဆရာ။

ဖြေ. လေပွလေထတာက ရောဂါမဟုတ်တဲ့အတွက် မျိုးရိုးလိုက်တယ်လို့တော့ ပြောလို့မရပါဘူး။ မိသားစုမှာ တစ်ယောက်လေပွရင် နောက်တစ်ယောက် လေပွတယ်ဆိုတာက အစားအသောက်ကြောင့် ဖြစ်နိုင်ပါတယ်။ ပဲတွေ၊ ဂေါ်ဖီထုပ်၊ ပန်းမုန်လာ စတာတွေ အစားများတာ၊ စားတဲ့အကျင့် တူညီတာတွေကြောင့် ဖြစ်ပါလိမ့်မယ်။

အရေးကြီးဆုံးက ဘယ်အစာက ကိုယ့်ကို လေထစေတာလဲဆိုတာ သိဖို့ပဲဖြစ်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် လေထစေတဲ့ အစာတွေက မတူညီတတ်ပါဘူး။ တချို့က ပဲတွေစားရင် လေပွတတ်တယ်၊ တချို့က ဖရဲသီးစားလိုက်ရင် လေပွတတ်တယ်။ အဲဒီလိုသိရင် ရှောင်ဖို့ပဲဖြစ်ပါတယ် …

မေး. လေပွခြင်းမဖြစ်အောင် ဘယ်လိုကာကွယ်လို့ရပါသလဲ ဆရာ။

ဖြေ. အဓိကကတော့ အစားအသောက် စားသောက်ရာမှာ လောလော လောလော မစားရပါဘူး။ ဖြည်းဖြည်းချင်း စားရပါမယ်။ ပိုက်နဲ့ မသောက်သင့်ပါဘူး။ လေကို စုပ်သွင်းတဲ့ပုံစံမျိုး မစားသောက်သင့်ပါဘူး။ စားသောက်တဲ့အခါ ဗိုက်အင့်နေအောင် မစားသင့်ပါဘူး။ အစာကို တစ်နေ့သုံးကြိမ် စားမယ့်အစား အဲဒီအစာကိုပဲ ငါးကြိမ်လောက် ခွဲစားပေးရင် ပိုကောင်းပါတယ်။ ဝမ်းချုပ်မခံဘဲ ဝမ်းမှန်မှန်သွားရပါမယ်။ ပူစပ်ပြီး မာတဲ့၊ ကြမ်းတဲ့အစာတွေကိုရှောင်ပြီး အစာကြေလွယ်တဲ့ အစာတွေကို စားပေးရပါမယ်။

အရေးကြီးဆုံးက ဘယ်အစာက ကိုယ့်ကို လေထစေတာလဲဆိုတာသိဖို့ပဲ ဖြစ်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် လေထစေတဲ့ အစာတွေက မတူညီတတ်ပါဘူး။ တချို့ကပဲတွေစားရင် လေပွတတ်တယ်၊ တချို့က ဖရဲသီးစားလိုက်ရင် လေပွတတ်တယ်။ အဲဒီလိုသိရင် ရှောင်ဖို့ပဲဖြစ်ပါတယ်။ နဂိုက အစာအိမ်အနာရှိရင် လက်ဖက်ရည်သောက်တဲ့အခါ လေပွတတ်ပါတယ်။

မေး. လေပွတဲ့ လူနာတွေက ဘယ်အခါမှာ ဆရာဝန်နဲ့ ပြသင့်ပါသလဲ ဆရာ။

ဖြေ. လေပွတာက ထပ်ခါတလဲလဲ ဖြစ်နေမယ်ဆိုရင်၊ ဥပမာ ငါးရက်- တစ်ပတ်ကြာတဲ့အထိ လေပွနေရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ေလပွတာအပြင် ဗိုက်အောင့်နေတယ်၊ လေပွတာအပြင် အန်တယ်၊ လေပွတာအပြင် ဝမ်းချုပ်တာက သုံးလေးရက်ရှိနေပြီ .. လေပွတာအပြင် ဗိုက်ကဖောင်းနေတယ်၊ လေပွတာအပြင် ဗိုက်မှာအလုံးအကျိတ်တွေ စမ်းမိနေတယ်၊ လေပွပြီး ဖျားတယ်၊ လေပွတာနဲ့တွဲပြီး ဝမ်းသွားရင် သွေးပါတယ်/ဝမ်းမည်းမည်းသွားတယ်၊ လေပွပြီး အကြောင်းရင်းမယ်မယ်ရရမရှိဘဲ ပိန်ပိန်လာတယ်. . ဒီလိုအခါတွေမှာ ဆရာဝန်နဲ့ မဖြစ်မနေပြသင့်ပါတယ်။

မေး. မကြာခဏ လေပွတဲ့လူနာက ဘယ်လိုကျန်းမာရေး စစ်ဆေးမှုတွေကို ခံယူသင့်ပါသလဲ ဆရာ။

ဖြေ. မကြာခဏ လေပွနေတယ်၊ လေပွတာနဲ့တွဲပြီး တခြားလက္ခဏာတွေလည်း ခံစားနေရတယ်ဆိုရင် အရင်ဆုံး အာထရာဆောင်းရိုက်ရမှာ ဖြစ်ပါတယ်။ အသည်း၊ ပန်ကရိယတို့ စစ်ဆေးရမယ်၊ ဗိုက်ထဲ အလုံးအကျိတ်တွေ ရှိနေသလား စစ်ဆေးရပါမယ်။ လိုအပ်လာရင် အစာအိမ်မှန်ပြောင်း ကြည့်ရပါမယ်။ ဒါမှ အစာအိမ်ရောင်နေသလား၊ အစာအိမ်ထွက်ပေါက်ပိတ်နေသလား စတာတွေကို ဆန်းစစ်နိုင်မှာ ဖြစ်ပါတယ်။

မေး. လေပွခြင်းနဲ့ပတ်သက်ပြီး အများပြည်သူကို ထပ်မံပညာပေးလိုတာရှိရင် သိပါရစေ ဆရာ။

ဖြေ. လေပွတာက အဖြစ်များပါတယ်။ အများအားဖြင့် ဆရာဝန်ဆီတောင်မရောက်ဘဲ ကိုယ့်ဘာသာ အနေအထိုင်၊ အစားအသောက် ဆင်ခြင်လိုက်ရုံနဲ့ သက်သာသွားတာများပါတယ်။ လေပွတဲ့ လူနာ ၁၀ဝ မှာ ၉၀ လောက်က သဘာဝအတိုင်းဖြစ်တာပါ။ ဒါပေမဲ့ လေပွတာက မကြာခဏဖြစ်နေရင်၊ ရက်ရှည်နေရင်၊ စောစောကပြောတဲ့ လေပွတာနဲ့တွဲပြီး တခြားလက္ခဏာတွေဖြစ်နေရင် ဆရာဝန်နဲ့ မဖြစ်မနေပြသသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top