Healthy Life Ad
Life Style

အိပ်ရာထဲ လဲနေသူ၊ လေဖြတ်နေသူများအတွက် သွားနှင့် ခံတွင်းကျန်းမာရေးစောင့်ရှောက်မှု

ပါမောက္ခဦးကိုကိုမောင် (မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး။ ။ အိပ်ရာထဲ လဲနေသူတွေကို သွားနဲ့ ခံတွင်း ကျန်းမာအောင် ဘယ်လို ဂရုစိုက်ပေးသင့်ပါသလဲ ဆရာ။
ဖြေ။ ။ လေဖြတ်နေတဲ့အခါ၊ အိပ်ရာထဲ လဲနေတဲ့အခါ တစ်ကိုယ်ရေ သန့်ရှင်းရေးကို ကိုယ့်ဘာသာကိုယ် မလုပ်နိုင်ကြပါဘူး။ ဒီအထဲမှာ လေဖြတ်နေတဲ့သူတွေအပြင် လက်မသန်တဲ့ သူတွေ၊ ဦးနှောက်မဖွံ့ဖြိုးတဲ့ ကလေးတွေ၊ ဒေါင်းရောဂါစု (Down Syndrome) ကလေးတွေ၊ CP(Cerebral Palsy) ကလေးတွေကျတော့ လူကြီးတွေပြောတိုင်းလုပ်တတ်တာ မဟုတ်ပါဘူး။ အဲဒီလိုသူတွေကျတော့ ဘာလုပ်ပေးရမလဲ ဆိုရင် သူတို့ကိုပြုစုစောင့်ရှောက်တဲ့သူတွေက ခံတွင်းသန့်ရှင်းရေးကိုပါ အလေးထားပြီး ဆောင်ရွက်ပေးရပါမယ်။ သွားပွတ်တံနဲ့ တိုက်ပေးလို့ရတဲ့ အရွယ်ဆိုရင် သွားပွတ်တံနဲ့ သွားတွေကို တိုက်ပေးရပါမယ်။ ပလုတ်ကျင်းခိုင်းရပါမယ်၊ ပလုတ်မကျင်းနိုင်ဘူးဆိုရင် ရေလေးနဲ့ လောင်းပြီး ပါးစပ်ထဲကနေ ထွက်သွားအောင် ထုတ်ပေးရပါမယ်။ ဒီလိုနည်းနဲ့ ခံတွင်းသန့်သွားအောင် ပြုစုစောင့်ရှောက်ပေးရပါမယ်။

မေး။ ။ သွားပွတ်တံနဲ့ တိုက်ပေးဖို့ကိုတောင် ပါးစပ်ကောင်းကောင်းမဟနိုင်ရင် ဘယ်လိုနည်းနဲ့ သွားနဲ့ ခံတွင်း ကျန်းမာရေး စောင့်ရှောက်ပေးသင့်ပါသလဲဆရာ။
ဖြေ။ ။ သွားပွတ်တံနဲ့ တိုက်ပေးဖို့ကိုတောင် ပါးစပ်ကို ကောင်းကောင်းမဟနိုင်တဲ့ လူနာတွေ၊ သွားပွတ်တံ တိုက်ပေးရင် နာတယ်ဆိုပြီး ခံစားနေရတဲ့ လူနာတွေဆိုရင် လက်မှာ ပိတ်စိမ်းပါးလေးပတ်ပြီး သွားတွေကို ပွတ်ပေးရပါမယ်။ ပိတ်စိမ်းပါးနဲ့ ပွတ်ပေးတဲ့အခါမှာ သွားအပြင်ဘက် မျက်နှာပြင်ရယ်၊ ကြိတ်ဝါးတဲ့ မျက်နှာပြင်ရယ်၊ အတွင်းဘက် မျက်နှာပြင်ရယ် . . အဲဒါတွေသန့်သွားအောင် ပွတ်ပေးရပါမယ်။ ကလေးငယ်ငယ်လေးတွေဆိုရင်လည်း သူတို့က သူတို့ဘာသာ ဘာမှမလုပ်နိုင်တဲ့အတွက် ဒီလိုပဲ ပိတ်စိမ်းပါးလေးနဲ့ သွားတွေကို ပွတ်ပေးရပါတယ်။

တစ်ကိုယ်ရေသန့်ရှင်းရေးကို ကိုယ်တိုင်မလုပ်နိုင်တဲ့ ဒီလိုလူနာတွေမှာ ဖလိုရိုက်ပါတဲ့ ငုံဆေးရည် (Mouth Wash)ကို တစ်နေ့တစ်ခါ အနည်းဆုံး ငုံခိုင်းရပါမယ်။ ငုံခိုင်းပြီး ထွေးထုတ်ခိုင်းရပါမယ်။ ကလေးတွေဆိုရင်လည်း ထွေးထုတ်တတ်တဲ့အရွယ်မှာ ဖလိုရိုက်ပါတဲ့ ငုံဆေးရည်ကို ငုံပြီး ထွေးထုတ်ခိုင်းရပါမယ်။ ထွေးပြီး မထုတ်တတ်တဲ့ အရွယ်တွေကိုတော့ မလုပ်ခိုင်းရပါဘူး။

Anti-septic Mouth Wash သုံးမယ်ဆိုရင် အဲဒါက ပူတတ်တယ်၊ အဲဒီအခါ ပါးစပ်မှာ အနာတွေ ရှိနေရင် မခံနိုင်ပါဘူး။ အဲဒီအခါ ဆော်ဒါမှုန့်ရယ်၊ ရိုးရိုးဆားရယ် လက်ဖက်ရည်ဇွန်းတစ်ဇွန်းဆီကို ဖန်ခွက်ကြီးကြီးထဲ ရေနဲ့ ရောထည့်ပြီး အဲဒီရေကို ငုံငုံပြီး ထွေးခိုင်းရပါမယ်။

သွားပွတ်တံနဲ့တိုက်ပေးဖို့ကိုတောင် ပါးစပ်ကို ကောင်းကောင်းမဟနိုင်တဲ့ လူနာတွေ၊ သွားပွတ်တံတိုက်ပေးရင် နာတယ်ဆိုပြီး ခံစားနေရတဲ့ လူနာတွေဆိုရင် လက်မှာ ပိတ်စိမ်းပါးလေးပတ်ပြီး သွားတွေကို ပွတ်ပေးရပါမယ်။ ပိတ်စိမ်းပါးနဲ့ ပွတ်ပေးတဲ့အခါမှာ သွားအပြင်ဘက် မျက်နှာပြင်ရယ်၊ ကြိတ်ဝါးတဲ့ မျက်နှာပြင်ရယ်၊ အတွင်းဘက် မျက်နှာပြင်ရယ် . . အဲဒါတွေသန့်သွားအောင်ပွတ်ပေးရပါမယ် . . .

မေး။ ။ သွားတွေမှာ အစာကပ်ငြိနေရင် ဘယ်လိုထုတ်ပေးသင့်ပါသလဲ ဆရာ။
ဖြေ။ ။ သန့်ရှင်းရေးလုပ်ပြီးတဲ့အခါ သွားတွေမှာ ဘယ်လိုအစာတွေမှ ကပ်ငြိမနေရပါဘူး။ အဲဒါတွေကို ထုတ်ပေးရပါမယ်၊ ဘယ်လိုနည်းနဲ့ ထုတ်ပေးသင့်သလဲဆိုတော့ ကိုယ်ကျွမ်းကျင်တဲ့ နည်းလမ်းနဲ့ ထုတ်ပေးလို့ ရပါတယ်။ ဥပမာ- သွားကြားထိုးတံလေးနဲ့ သွားကြားထဲက စားကြွင်းစားကျန်တွေကို ဖယ်ထုတ်ပေးလို့ ရပါတယ်။ သွားပွတ်တံလေးနဲ့ ဆွဲထုတ်ပေးလို့ ရပါတယ်။ အရေးကြီးတာက သွားမှာ ဘာမှကပ် မနေဖို့ပါပဲ။ Hand Pump လို့ ခေါ်တဲ့ ရေပြွန်ပိုက်လေးနဲ့ ထိုးပြီး ဖယ်လို့ရပါတယ်။

မေး။ ။ အိပ်ရာထဲ လဲနေတဲ့ လူနာတွေမှာ ဘယ်လို သွားနဲ့ ခံတွင်း ကျန်းမာရေး ပြဿနာ ဖြစ်တတ်ပါသလဲ ဆရာ။
ဖြေ။ ။ တစ်ကိုယ်ရေသန့်ရှင်းမှု မရှိတဲ့အပြင် သွားကိုမှန်မှန် မတိုက်ဖြစ်တဲ့အတွက် အဓိက ဖြစ်တတ်တာကတော့ သွားပိုးစားတာပဲ ဖြစ်ပါတယ်။ သွားပိုးစားတာက သွားကြားထဲက ပိုးစားတာရှိသလို သွားဝါးတဲ့ မျက်နှာပြင်မှာ ပိုးစားတာလည်း ရှိပါတယ်။ အဲဒီလို ပိုးစားတဲ့အခါ အပေါက်တွေက ပိုပိုကြီးလာပြီး အထဲအထိ ပေါက်သွားရာက သွားကိုက်တာနဲ့ သွားနာတာတို့ ဖြစ်တတ်ပါတယ်။ နဂိုကတည်းက သွားအပေါက် ရှိပြီးသားဆိုရင် သွားနဲ့ ခံတွင်းသန့်ရှင်းရေးမကောင်းတဲ့အတွက် ပိုဆိုးလာမယ်၊ မျက်နှာတွေ ရောင်လာမယ်၊ အဲဒီလို ဖြစ်တတ်ပါတယ်။

မေး။ ။ အံကပ်တပ်ထားရတဲ့ လူနာတွေဆိုရင် ဘယ်လိုမျိုး စောင့်ရှောက်ပေးသင့်ပါသလဲ ဆရာ။
ဖြေ။ ။ အံကပ်မှာ နှစ်မျိုးရှိပါတယ်။ ခံတွင်းထဲမှာ သွားတစ်ချောင်းမှ မရှိဘဲ တပ်ရတဲ့ အံပုံရှိသလို လိုအပ်တဲ့ သွားနေရာပဲ လုပ်ထားတဲ့ အံပုံလည်း ရှိပါတယ်။ အဲဒီအံကပ်က ပါးစပ်ထဲ တပ်မယ်ဆိုရင် ဖြုတ်ထားပြီး ဆေးကြောပြီးမှ ပြန်တပ်ရပါမယ်။ ဖြုတ်ထားတဲ့ အချိန်နဲ့ တပ်တဲ့အချိန်ဆိုရင် တပ်တဲ့အချိန်က နည်းရပါမယ်။ စကားပြောဆိုတဲ့အချိန်နဲ့ စားမယ့်အချိန် တွေမှာပဲ တပ်သင့်ပြီး ကျန်တဲ့ အချိန်တွေမှာ ဖြုတ်ထားရပါမယ်။ ပြီးရင် အံကပ်ကိုဆေးကြောပြီး ရေထဲစိမ်ထားရပါမယ်။

မရှိတဲ့ သွားနေရာတွေမှာ အစားထိုးတပ်ရတဲ့ အံကပ်ဆိုရင် စားပြီးတာနဲ့ ဖြုတ်ဖြုတ်ပြီး ဆေးရပါမယ်။ ဆေးပြီးမှ ပြန်တပ်ရပါမယ်။ ညအိပ်တဲ့အချိန်မှာ ဖြုတ်ထားရပါမယ်။ အမြဲတမ်း စင်ကြယ်အောင် ဆေးကြောပေးဖို့ လိုပါတယ်။

မေး။ ။ သွားတွေက ရွှေသွား၊ ကြွေသွားစသဖြင့် စွပ်ထားရင် ဘယ်လို ဂရုစိုက်ပေးသင့်ပါသလဲ ဆရာ။
ဖြေ။ ။ သွားတွေမှာ အံကပ်မဟုတ်ဘဲ ကြွေသွား၊ ရွှေသွား၊ ပလက်တီနပ်စသဖြင့် စွပ်ထားရင် အဲဒီနေရာတွေက ပိုပြီး သန့်ရှင်းဖို့ ဂရုစိုက်ရပါတယ်။ မသန့်ရှင်းရင် သွားဖုံးနဲ့ သွားစွပ်ထားတဲ့ ကြားထဲမှာ အစာတွေဝင်ပြီး သွားဖုံးရောင်နိုင်ပါတယ်။ အဲဒါတွေကို ဂရုစိုက်ရပါမယ်။

မေ။ ။ အိပ်ရာထဲ လဲနေရတဲ့ လူနာတွေကို သွားဆရာ ဝန်ဆီ ဘယ်လောက်ကြာတစ်ကြိမ် ပြသပေးဖို့လိုအပ်ပါသလဲ ဆရာ။
ဖြေ။ ။ တတ်နိုင်ရင် ဒီလို အိပ်ရာထဲ လဲနေတဲ့ လူတွေကို ဘီးတပ်ကုလားထိုင်နဲ့ပဲဖြစ်ဖြစ် သွားဆရာဝန်ဆီ သုံးလတစ်ခါ၊ ခြောက်လတစ်ခါဆိုသလို သွားပြဖို့ လိုပါတယ်။ မလုပ်နိုင်ရင်တော့ သွားနဲ့ ခံတွင်း စောင့်ရှောက်မှုကို ဆရာ စောစောက ပြောတဲ့နည်းတွေအတိုင်း စနစ်တကျ လုပ်ဆောင်ပေးပါ။ သွားတွေ ဒုက္ခမပေးမချင်းတော့ သွားဆရာဝန်နဲ့ ပြသဖို့ မလိုသေးပါဘူး။ ဒုက္ခပေးလာရင်တော့ သွားဆရာဝန်နဲ့ ပြသပေးရပါမယ်။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top