Healthy Life Ad
Health Tips

မိန်းကလေးတိုင်း နေ့စဉ်ပြုလုပ်သင့်သည့် အခြေခံ အသားအရေထိန်းသိမ်းနည်း

အရင်ဆုံး မျက်နှာကို ဓာတုပစ္စည်းပါဝင်မှုနည်းတဲ့ အပျော့စား မျက်နှာသစ်ဆေးနဲ့ ကြက်သီးနွေးရေသုံးပြီးသစ်ပါ။

ပြီးရင် မျက်နှာကို နူးညံ့တဲ့ မျက်နှာသုတ်ပဝါနဲ့ ညင်ညင်သာသာ သုတ်ပေးပါ။

မျက်နှာ လန်းဆန်းသွားအောင် အယ်လ်ကိုဟောမပါတဲ့ ချွေးပေါက်ကျဉ်းဆေးရည် တိုနာလိမ်းပေးပါ။ မျက်နှာသန့်စင်ပြီး လိမ်းတဲ့ တိုနာရည်ဟာ အရေပြားရဲ့ သဘာဝစံဓာတ်ကို ထိန်းပေးပါတယ်။ အရေပြားရဲ့ စံဓာတ်က ၄ ဒသမ ၅ ရှိနေမှ ပုံမှန်ရှိနေတာပါ။ တချို့သန့်စင်ဆေးတွေကြောင့် အရေပြားရဲ့စံက ၁၄ အထိရောက် သွားနိုင်တဲ့အတွက် စံမျှခြေပျက်ပြယ်သွားပြီး အသားအရေ ခြောက်သွေ့တာနဲ့ မာတင်းတာတို့ ဖြစ်တတ်ပါတယ်။

တိုနာရည်ဟာ အသားအရေကို အစိုဓာတ်ပြန်ဖြည့်ပေးပြီး အသားအရေ စိုပြည်နူးညံ့ချောမွေ့စေပါတယ်။ တိုနာလိမ်းတာကြောင့် အသားအရေနူးညံ့တာ၊ အရေးကြောင်းပါးပါးကို လျော့ပါးစေတာ၊ ရောင်ရမ်းမှုလျော့နည်းတာ၊ အဆီနဲ့ အညစ်အကြေးတွေ ကင်းစင်တာနဲ့ မျက်နှာပေါ်က မိတ်ကပ်အကြွင်းအကျန်တွေ ကင်းရှင်းတာ စတဲ့ ကောင်းကျိုးတွေလည်း ရရှိတတ်ပါတယ်။

အဲဒီနောက် နေရောင်ကာကွယ်နိုင်တဲ့ အဆ ၁၅ဆ ပါဝင်တဲ့ နေရောင်ကာ ခရင်မ်ကိုလိမ်းပါ။

နေရောင်ကာခရင်မ်လိမ်းပြီး အချိန်အနည်းငယ်ကြာမှ အရေပြား အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းပေးပါ။ အစိုဓာတ်ထိန်းခရင်မ်ဟာ အရေးကြောင်းနဲ့ အသားအရေ ခြောက်သွေ့ကြမ်းတမ်းမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အစိုဓာတ်ထိန်းခရင်မ်ကို မှန်မှန်လိမ်းတာကြောင့် အသားအရေ နုပျိုစိုပြည်စေပြီး မိတ်ကပ်လိမ်းရ လွယ်ကူစေပါတယ်။

နောက်ဆုံးမှာ မျက်ဝန်းအောက်က အရေးကြောင်းမဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ အိုင်းခရင်မ်ကို လိမ်းပေးသင့်ပါတယ်။ နံနက်ပိုင်း မျက်နှာသစ်ပြီးချိန်မှာ ဒီအတိုင်းပြုလုပ်ပြီး ညဘက်မှာဆိုရင် နေရောင်ကာ ခရင်မ်အစား ညဘက်လိမ်းရတဲ့ ညလိမ်းခရင်မ်ကို လိမ်းပေးပါ။ ညဘက်မှာ အပျင်းထူပြီး မျက်နှာမသစ်ဘဲ မအိပ်လိုက်ပါနဲ့။ နေ့ခင်းဘက်မှာ ထိခိုက်ထားတဲ့ အသားအရေဟာ ညဘက်မှာ ပြန်လည်ပြုပြင်ပေးနိုင်တာကြောင့် ညဘက်အသားအရေထိန်းသိမ်းမှုကလည်း အရေးပါပါတယ်။ အိပ်ရေးဝ၀ အိပ်စက်အနားယူတာက မျက်နှာအသားအရေကို ပြန်လည်တင်းရင်း လန်းဆန်းလာစေပါတယ်။

– သဘာဝနည်းလမ်းများကိုသုံးပြီး ပေါင်းတင်ပေးပါ
အသားအရေကို အလွယ်တကူ ဖြူစင်လှပလာစေမယ့် သဘာဝပေါင်းတင်နည်းကို တစ်ပတ်မှာ တစ်ကြိမ် – နှစ်ကြိမ်လောက် ပြုလုပ်ပေးနိုင်ပါတယ်။

ဆဲလ်သေတွေ ကွာကျသွားအောင် သံပရာရည်နဲ့ မျက်နှာကို ဆေးကြောပေးပါ။

မျက်နှာမှာ အရေးကြောင်းပါးပါးထင်နေရင် နွားနို့တစ်ခွက်၊ သခွားသီးစိတ်ပါးပါးတို့ကို မွှေစက်ထဲရောမွှေကာ လိမ်းပေးပါ။ အချိန် ၁၅ မိနစ်ကြာမှ မျက်နှာကို ကြက်သီးနွေးရေနဲ့ ဆေးချလိုက်ပါ။

ပြီးရင် မျက်နှာသုတ်ပဝါနဲ့ ညင်ညင်သာသာသုတ်ပြီး အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးပါ။

Most Popular

Healthy Life Ad
To Top