Healthy Life Ad
Health Tips

အိမ်မှာနေရင်း ပန်းနုရောင်သမ်းတဲ့ နှုတ်ခမ်းသား အလှ ပိုင်ဆိုင်စေဖို့ . . .

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

မိန်းကလေးတချို့ရဲ့ နှုတ်ခမ်းသားတွေက ပင်ကိုအရ ညိုမည်းနေတတ်သလို တချို့မိန်းကလေးတွေကျတော့ အရည်အသွေးနိမ့်တဲ့ နှုတ်ခမ်းဆိုး ဆေးတွေကို ကြာရှည်ဆိုးတာကြောင့် နှုတ်ခမ်းသားက ညိုမည်းနေတတ်ပါတယ်။ ဖြစ်ရတဲ့ အကြောင်းရင်းက နှုတ်ခမ်းနီထဲက ကြမ်းတမ်းတဲ့ ဓာတုပစ္စည်းကြောင့် အရောင်ညိုမည်းရတာပါ။ နှုတ်ခမ်းသား နူးညံ့ပြီး ပန်းရောင်သန်းတာက ကျန်းမာရေးကောင်းမွန်တဲ့ သင်္ကေတတစ်ရပ်ပါ။ ရာသီဥတုမကောင်းတာ၊ ရေဓာတ်ခမ်းခြောက်တာ၊ အာဟာရမပြည့်ဝတာ စတဲ့အကြောင်းတွေကြောင့် နှုတ်ခမ်းသားညိုမည်း ခြောက်သွေ့တတ်ပါတယ်။ ဒါကြောင့် မိန်းကလေးတိုင်းဖြစ်လိုတဲ့ ပန်းသွေးရောင်နှုတ်ခမ်းအလှပိုင်ရှင် ဖြစ်စေဖို့သဘာဝနည်းလမ်းတွေကို အကြံပြုချင်ပါတယ်။

– ရေများများ သောက်ပါ

အသားအရေ လှပစေမယ့် သော့ချက်တစ်ခုက ရေသောက်တာပါ။ နေ့စဉ် ရေရှစ်ဖန်ခွက် သောက်ပေးပါ။ ရေဓာတ်ပြည့်ဝတာက အသားအရေကို သာမက နှုတ်ခမ်းသားကိုပါ စိုပြည်လှပစေပါတယ်။

– သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်အစုံအလင်စားပါ

နေ့စဉ် သင်စားတဲ့ အစာထဲမှာ ဗီတာမင်အီးနဲ့ ဗီတာမင်ဘီပါဝင်တဲ့ အစိမ်းရောင်သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်များများ စားပေးပါ။ အသားအရေသာမက နှုတ်ခမ်းသားပါ ကြည်လင်တောက်ပနေပါလိမ့်မယ်။

– နှုတ်ခမ်းကို မကြာခဏ အစိုဓာတ်ထိန်းပါ

သင့်လက်ကိုင်အိတ်ထဲမှာ နှုတ်ခမ်းဆိုးဆေးအဆီကို အမြဲထည့်ထားပါ။ သင့်နှုတ်ခမ်း ခြောက်သွေ့နေရင် လေးနာရီကြာတိုင်း ရေနံဂျယ်လီ ဒါမှမဟုတ် နှုတ်ခမ်းဆိုးဆေးအဆီကို သုတ်လိမ်းပေးပါ။ ဒါဆိုရင် နှုတ်ခမ်းသားညိုမည်းမှုကို ကာကွယ်ပေးနိုင်ပါတယ်။

– လျှာဖြင့် မလျက်ပါနှင့်

နှုတ်ခမ်းခြောက်တယ်ထင်တိုင်း လျှာနဲ့လျက် တာကဆိုးရွားတဲ့အကျင့်ပါ။ နှုတ်ခမ်းကိုက်တာကလည်း နှုတ်ခမ်းသားကွဲအက်တာနဲ့ ညိုမည်းတာကို ဖြစ်စေနိုင်ပါတယ်။ နှုတ်ခမ်းကို တံတွေးတွေနဲ့ ရက်လေလေ၊ နှုတ်ခမ်းသားပိုခြောက်သွေ့လေလေ ဖြစ်တတ်ပါတယ်။

– နှုတ်ခမ်းနီမဆိုးမီ နှုတ်ခမ်းဆိုးဆေးအဆီကြည် သို့မဟုတ် ဗက်ဆလင်းအလှဆီ လိမ်းပေးပါ

နှုတ်ခမ်းသားပေါ်မှာ နှုတ်ခမ်းနီမဆိုးခင် နှုတ်ခမ်းဆိုးဆေးအဆီကြည် ဒါမှမဟုတ် ဗက်ဆလင်းအလှဆီကို အရင်ဆုံး သုတ်လိမ်းပေးရင် နှုတ်ခမ်းသားစိုပြည်စေသလို နှုတ်ခမ်းနီကြောင့် နှုတ်ခမ်းသား ထိခိုက်မှုလည်း မဖြစ်နိုင်တော့ပါဘူး။

– နှုတ်ခမ်းသား ထိခိုက်စေသော နှုတ်ခမ်းနီကို ဆက်မသုံးသင့်ပါ

အရင်က သုံးခဲ့တဲ့ နှုတ်ခမ်းနီတွေက သင့်နှုတ်ခမ်းသားကို ထိခိုက်တယ်ဆိုရင် အဲဒီနှုတ်ခမ်းဆိုးဆေးတောင့်ကို ဆက်မသုံးသင့်တော့ပါဘူး။

– ကြေးချွတ်သန့်စင်ပါ

နှုတ်ခမ်းသားကို သွားတိုက်တံအဟောင်းတစ်ချောင်း ဒါမှမဟုတ် နူးညံ့ပျော့ပျောင်းတဲ့ သွားတိုက်တံနဲ့ ပွတ်တိုက်ကာ သန့်စင်ပေးပါ။ ဒီနည်းကို နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် မျက်နှာသစ်တိုင်း သုံးသင့်ပါတယ်။

– သံပရာရည်နှင့် ပျားရည်သုံးပါ

သံပရာရည်၊ ပျားရည်နဲ့ ဂလစ်ဆရင်း အလှဆီတို့ကို သမအောင် ရောမွှေပြီး နှုတ်ခမ်းသားပေါ် ပုံမှန်လိမ်းပေးရင် သီတင်းပတ်အနည်းငယ်အကြာ သိသာထင်ရှားတဲ့ ရလဒ်ကို တွေ့မြင်နိုင်ပါတယ်။ပျားရည်ဟာ နှုတ်ခမ်းသားပေါ်က အညိုရောင်နဲ့ အမည်းရောင် ရောင်ခြယ်ပစ္စည်းတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ နှုတ်ခမ်းသားပေါ် ပျားရည်သုတ်လိမ်းတာကြောင့် နှုတ်ခမ်းသား နူးညံ့ပြီး ပန်းရောင် သန်းလာပါလိမ့်မယ်။ နှုတ်ခမ်းသားကို ပျားရည်လိမ်းပြီး သွားတိုက်တံတစ်ချောင်းနဲ့ ညင်ညင်သာသာ ကြေးချွတ်ပွတ်တိုက်ပေးတာကြောင့် ပိုကောင်းတဲ့ ရလဒ်ရရှိစေပါတယ်။

– သကြားကို သုံးပါ

သကြားက အကောင်းဆုံး သဘာဝ ကြေးချွတ်ပစ္စည်းပါ။ သကြားကို မျက်နှာကြေးချွတ်ဆေးအဖြစ် သုံးနိုင်သလို နှုတ်ခမ်းကိုလည်း ကြေးချွတ်သန့်စင်နိုင်ပါတယ်။ ပျားရည် ထမင်းစားဇွန်းတစ်ဇွန်းနဲ့ သကြားကို ရောမွှေပြီး နှုတ်ခမ်းသားပေါ် စက်ဝိုင်းပုံလှည့်လည်ကာ ပွတ်တိုက်ပေးပါ။ မဆေးကြောခင် အချိန် ၁၀ မိနစ်လောက် ထားရမှာ ဖြစ်ပါတယ်။

– သခွားသီးစိတ် သုံးပါ

သခွားသီးကို ပါးပါးလှီးပြီး နှုတ်ခမ်းသားပေါ်ကပ်ကာ စက်ဝိုင်းပုံလှည့်လည် ပွတ်တိုက်ပေးပါ။ ပြီးရင် ပျားရည် ဒါမှမဟုတ် ဗက်ဆလင်းအလှဆီလိမ်း ထားလိုက်ပါ။ သခွားသီးက နှုတ်ခမ်းသားပေါ်က အညိုရောင်ရောင်ခြယ်ပစ္စည်းတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပြီး ပန်းရောင်သန်းသွားစေပါတယ်။

– ရှားစောင်းလက်ပပ်အနှစ်သား သုံးပါ

ရှားစောင်းလက်ပပ်အနှစ်သားတချို့ကိုယူပြီး နှုတ်ခမ်းသားပေါ်တင်ကာ စက်ဝိုင်းပုံလှည့်လည် ပွတ်တိုက်ပေးပါ။ ခြောက်သွေ့တဲ့အခါ ရေနဲ့ဆေးလိုက်ရင် သင့်နှုတ်ခမ်းသား နူးညံ့ပျော့ပျောင်းနေမှာပါ။

– သံလွင်ဆီသုံးပါ

သံလွင်ဆီကို ပျားရည်၊ သကြားတွေနဲ့ ရောမွှေပြီး နှုတ်ခမ်းသားပေါ်သုတ်လိမ်းကာ စက္ကန့် ၃၀ လောက်ထားပါ။ နှစ်ရက်ဆက်တိုက်လုပ်ပေးရင် သိသာတဲ့ကောင်းကျိုးကို တွေ့ရမှာ ဖြစ်ပါတယ်။

– နှုတ်ခမ်းသားကို အစိုဓာတ်ထိန်းပါ

နှုတ်ခမ်းသားကို သန့်စင်ကြေးချွတ်ပြီးရင် ဗက်ဆလင်းအလှဆီ ဒါမှမဟုတ် သံလွင်ဆီလိမ်းကာ အစိုဓာတ်ထိန်းပါ။

– သံပရာသီး၊ ရှောက်သီးသုံးပါ

သံပရာရည်၊ ရှောက်ရည်မှာအရေပြားကို လင်းလက်စေတဲ့ အာနိသင်ရှိပါတယ်။ သံပရာရည်၊ ဒိန်ချဉ်နဲ့ ပျားရည်တို့ကို ဆတူရောပြီး နှုတ်ခမ်းသားပေါ် လိမ်းကာ နာရီဝက်ခန့်ထားပြီး ရေနဲ့ ဆေးပါ။

– စတော်ဘယ်ရီ သုံးပါ

ကြိတ်ချေထားတဲ့ စတော်ဘယ်ရီသီးလက်ဖက် ရည်ဇွန်းတစ်ဇွန်းကို ရေနံဂျယ်လီ နှစ်ဇွန်းစာ ပမာဏနဲ့ ရောမွှေပြီး နှုတ်ခမ်းသားပေါ်လိုသလောက် သုတ်လိမ်းပေးပါ။ ကျန်တဲ့အရည်ကို နေ့တိုင်း သုတ်ပေးရင် ပန်းရောင်သန်းတဲ့ နှုတ်ခမ်းသားစိုစိုလေးကို ပိုင်ဆိုင်စေမှာဖြစ်ပါတယ်။

– နှုတ်ခမ်းသားကို နေရောင်ကာကွယ်ပါ

နှုတ်ခမ်းသားကို နေရောင်ကာနိုင်ဖို့ နေရောင်ကာနိုင်တဲ့အစွမ်းရှိ နှုတ်ခမ်းဆိုးဆေးကို ဆိုးသင့်ပါတယ်။

– နှုတ်ခမ်းသား ညိုမည်းစေသော အရာတို့ကို ရှောင်ပါ

စီးကရက်၊ ဆေးရွက်ကြီး စတာတွေက နှုတ်ခမ်းသားကိုညိုမည်းကာ အစွန်းထင်စေတဲ့အရာတွေ ဖြစ်တာကြောင့် ရှောင်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top