Healthy Life Ad
Life Style

တကယ်ကြင်နာမယ့်သူ

စူး ( ဆေးဝါးတက္ကသိုလ် )

ဂျွန်တစ်ယောက် မေရီကို ချစ်မြတ်နိုးနေပါတယ်။ မေရီက သိပ်လှလို့လား၊ ဟင့်အင်း . . အလှဆုံးမိန်းကလေးတော့လည်း မဟုတ်ပါဘူး။ ဒါ ဆိုရင် ကျက်သရေရှိလို့လား၊ စာဖွဲ့ရလောက်အောင်လည်း မဟုတ်ပါဘူး၊ ဒါပေမဲ့ ဂျွန့်အတွက်တော့ မေရီက မိန်းကလေးတိုင်းထက်၊ အရာရာတိုင်းထက် ပိုမိုချစ်မြတ်နိုးတန်ဖိုးထားစရာ ကောင်းနေခဲ့ပါတယ်။ ညအိပ်တိုင်း မေရီ့ကို အိပ်မက်မက်လေ့ရှိတဲ့ ဂျွန်က ကျန်ရှိနေတဲ့ သူ့ဘဝသက်တမ်းမှာ မေရီနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားဖို့ပဲ မျှော်လင့်နေပါတော့တယ်။

ဂျွန်ဟာ နေ့နေ့ ညည မေရီကို စွဲလမ်းစိတ်နဲ့ ရူးသွပ်နေတော့ သူ့သူငယ်ချင်းတွေက-
“ သူက မင်းကို ချစ်လား၊ မချစ်ဘူးလား မသိသေးဘဲနဲ့ သူနဲ့အတူနေရင် ဘယ်လိုဂရုစိုက်မယ်.. ဘယ်လိုယုယမယ်ဆိုပြီး ဒီလောက် စိတ်ကူးယဉ်နေရသလား အရူးရဲ့ . . အရင်ဆုံး မင်းခံစားချက်ကို သူ့ကိုပြောပြ . . ပြီးတော့ သူက မင်းကို ပြန်ချစ်၊ မချစ်အဖြေရအောင် ကြိုးစား . . ပြီးမှ အနာဂတ် အကြောင်းတွေးပေါ့၊ အခုတော့ မင်းဟာက အဆင့်ကျော်လွန်းတယ် ”လို့ အကြံဉာဏ်ပေးကြပါတယ်။

ဂျွန်ရဲ့ စိတ်ထဲမှာ မေရီက သူချစ်နေတယ်ဆိုတာ သိပြီးသားလို့ ထင်နေခဲ့တာပါ။ တစ်ရက်မှာတော့ သူငယ်ချင်းတွေ အကြံပေးတဲ့အတိုင်း ဂျွန်က မေရီကို ချစ်ခွင့်ပန်ခဲ့ပါတယ်။ ဒါပေမဲ့ သူမျှော်လင့်ထားသလို မေရီက သူ့အချစ်ကို လက်မခံခဲ့ပါဘူး၊ ခါးခါးသီးသီးကို ငြင်းပယ်ခဲ့တာပါ။

ဒီသတင်းကြားကြားချင်း မေရီကို အရူးအမူး စွဲလမ်းနေတဲ့ ဂျွန်တော့ မေရီငြင်းလိုက်တဲ့အတွက် အတော်လေးခံစားသွားရပြီး အရက်သောက်နေလိမ့်မယ်၊ မူးယစ်ဆေး သုံးလိမ့်မယ်၊ ကလပ်သွားလိမ့်မယ် . . ဒီလိုနဲ့ ဂျွန်တော့ ဘဝပျက်သွားတော့မှာပဲလို့ ဂျွန်ရဲ့ သူငယ်ချင်းတွေက ထင်မြင်ယူဆခဲ့ကြပါတယ်။ ဂျွန်က သူ့ဘဝတစ်ခုလုံးရင်းပြီး မေရီကို ချစ်မြတ်နိုးနေတာကိုး။ ဒါပေမဲ့ အံ့အားသင့်စရာ ကောင်းတာက ဂျွန်က ပုံမှန်အတိုင်း သွားလာနေထိုင်ပြီး ဘာမှ မခံစားရသလိုပါပဲ။

ဟန်မပျက်တဲ့ ဂျွန့်ကို ကြည့်ပြီး သူငယ်ချင်းတွေက မနေနိုင်၊ မထိုင်နိုင် ဖြစ်လာရာက-
“ မေရီကို မင်းဘယ်လောက် ချစ်မှန်း ငါတို့ သိထားတော့ ဝမ်းနည်းနေမယ် ထင်နေတာ၊ မင်းနည်းနည်းလေးမှ စိတ်မကောင်းမဖြစ်ဘူးလား၊ မေရီကို တကယ်ချစ်တာမှ ဟုတ်ရဲ့လားကွာ ”လို့ မေးလိုက်ပါတယ်။

“ ငါက ဘာလို့စိတ်မကောင်းဖြစ်ရမှာလဲ၊ တကယ်တော့ ငါ့ဘဝမှာ ငါ့ကို လုံးဝမချစ်တ သူတစ်ယောက် ဆုံးရှုံးသွားရုံပဲလေ. . သူကမှ သူ့ကို တကယ်ချစ်ပြီး ဂရုစိုက်ကြင်နာမယ့်သူကို ဆုံးရှုံးသွားခဲ့တာ . . ဒီတော့ ဘယ်သူက စိတ်မကောင်း ဖြစ်ရမှာလဲ”

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top