Healthy Life Ad
International

ပူညံပူညံလုပ်တတ်သည့်ဇနီးသည်ကြောင့် ယောကျာ်းများဆီးချိုရောဂါ ကင်းဝေးစေနိုင်

၊ မိုးမင်းထွန်း ၊

ယောကျာ်းအများစုဟာ ပူညံပူညံလုပ်တတ်တဲ့ဇနီးသည်ကြောင့် သေချင်စော်နံတယ်လို့ ပြောတတ်ကြပါတယ်။ ဒါပေမဲ့ ဆူပူတဲ့ အိမ်ထောင်ရေးရှိတဲ့ယောကျာ်းတွေဟာ တခြားသာယာတဲ့ အိမ်ထောင်ရေးရှိတဲ့သူတွေထက် ကျန်းမာရေး ပိုကောင်းတယ်လို့ လေ့လာမှုတစ်ခုကဆိုပါတယ်။ မချောမွေ့တဲ့အိမ်ထောင်ရေးကြောင့် ယောကျာ်းတွေဟာ ဆီးချိုဖြစ်ဖို့ ရာခိုင်နှုန်းနည်းပါးပြီး ရောဂါရှိခဲ့ရင်လည်း ပိုမိုကောင်းမွန်စွာထိန်းချုပ်နိုင်တယ်လို့ သိရပါတယ်။

အကြောင်းကတော့ ဇနီးသည်တွေဟာ သူတို့ ရဲ့ယောကျာ်းတွေကို ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ်နေထိုင်အောင် နားပူနားဆာလုပ်တတ်ကြလို့ပဲလို့ မစ်ချီဂန်စတိတ်တက္ကသိုလ်က ပြုလုပ်တဲ့လေ့လာမှုမှာ ဖော်ပြထားပါတယ်။

အမျိုးသမီးတွေအတွက်တော့ ဆန့်ကျင်ဘက်ဖြစ်ပြီး သာယာတဲ့အိမ်ထောင်ရေးကြောင့် ဆီးချိုရောဂါဖြစ်နှုန်း လျော့ကျတာကို တွေ့ရှိခဲ့ပါတယ်။

လူမှုဗေဒတွဲဖက်ပါမောက္ခ ဒေါက်တာဟွီလျူနဲ့အဖွဲ့ဟာ အမေရိကန်ပြည်ထောင်စုတစ်ဝှမ်း လက်ထပ်ပြီးသားစုံတွဲ ၁,၂၂၈တွဲအပေါ် ၅နှစ်ကြာစစ်တမ်း ကောက်ယူခဲ့ကြတာ ဖြစ်ပါတယ်။

အနုတ်လက္ခဏာပြတဲ့ အိမ်ထောင်ရေးကြောင့် ကျန်းမာရေးဆိုးရွားနိုင်တယ်ဆိုတဲ့ အစဉ်အလာယူဆချက်ကို ဒီတွေ့ရှိမှုက စိန်ခေါ်လိုက်တာပါလို့ လျူကပြောပါတယ်။

မိသားစုရေးရာ ကျွမ်းကျင်သူတွေကို အိမ်ထောင်ရေးတန်ဖိုးတွေရဲ့ မတူညီတဲ့အရင်းအမြစ် ပုံစံတွေသရုပ်ခွဲနိုင်အောင် အားဖြည့်ပေးတာလည်း ဖြစ်ပါတယ်။ တစ်ခါတလေကျတော့ ပူညံပူညံလုပ်တာကလည်း ဂရုစိုက်ခြင်းတစ်မျိုးပါပဲလို့ သူကဆက်ပြောပါတယ်။

မကြာသေးခင်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ လေ့လာမှုအရ ဆီးချိုရောဂါရှိသူရေအတွက်ဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်လေးခုအတွင်း လေးဆတိုးလာခဲ့ ပြီး ၄၂၂ သန်းအထိရောက်လာခဲ့ပြီလို့ သိရပါတယ်။

အပြည်ပြည်ဆိုင်ရာ ဆီးချိုရောဂါဖက်ဒရေးရှင်း ကလည်း ၂၀၄၀ခုနှစ်အရောက်မှာ ၆၄၂ သန်းအ ထိမြင့်တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာလည်း ဆီးချိုကြောင့် သေဆုံးမှုနှုန်းဟာ တစ်နိုင်ငံလုံးအတိုင်းအတာအရ အဆင့်-၇ဖြစ်ကြောင်း သိရပါတယ်။

(Ref; DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top