Healthy Life Ad
Life Style

ဘယ်သူ ပျော်ရွှင်သလဲ . . .

စူး ( ဆေးဝါးတက္ကသိုလ် )
ကျီးကန်းတစ်ကောင်က သစ်တောထဲနေပြီး ဘဝမှာ ကျေနပ်မှုအပြည့်ရှိနေပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ သူကငန်းတစ်ကောင်ကို တွေ့တော့ “ ဒီငန်းက အသားဖြူလိုက်တာ၊ ငါကတော့ မည်းလွန်းတယ်၊ ဒီငန်းက ကမ္ဘာပေါ်မှာ အပျော်ဆုံး ငှက်ပဲဖြစ်ရမယ် ”လို့ တွေးသတဲ့။

သူ့အတွေးကို ငန်းကိုပြောပြတော့ ငန်းက ပြန်ဖြေတယ်။
“ တကယ်တော့ ငါ့ကိုယ်ငါ အပျော်ဆုံး ငှက်လို့ထင်ခဲ့တာ နှစ်ရောင်စပ်ကြက်တူရွေးကို မတွေ့ခင်အထိပေါ့ . . အခုတော့ ကြက်တူရွေးက ကမ္ဘာပေါ်မှာ အပျော်ဆုံး ငှက်ဖြစ်လိမ့်မယ်လို့ ငါထင်တာပဲ ”

အဲဒါနဲ့ ကျီးကန်းလည်း ကြက်တူရွေးဆီ သွားမေးခဲ့ပြန်တယ်။
“ ငါလည်း ကိုယ့်ဘဝကို သိပ်ပျော်ခဲ့တယ်။ ဒါပေမဲ့ ဒေါင်းကို မြင်ခဲ့တော့ ပြောင်းသွားတယ်။ ငါ့မှာ အရောင်နှစ်ရောင်ပဲ ရှိတာလေ၊ သူ့မှာ ရောင်စုံပဲ ”

ကျီးကန်းလည်း တိရစ္ဆာန်ရုံထဲက ဒေါင်းဆီသွားတော့ ဒေါင်းကိုကြည့်နေတဲ့ လူရာပေါင်းများစွာကို တွေ့ခဲ့ရတယ်။ အဲဒီလူတွေကြားထဲကနေ တိုးဝင်ပြီး ကျီးကန်းက ဒေါင်းကို မေးခဲ့တယ်။
“ အသင် ဒေါင်း . . သင်က သိပ်လှတာပဲ၊ နေ့တိုင်း လူထောင်ပေါင်းများစွာက အသင့်ကို လာကြည့်ရတယ်နော်။ အသင်က ကမ္ဘာပေါ်မှာ အပျော်ဆုံးငှက် ဖြစ်မှာပဲ ”

ဒေါင်းက ပြန်ဖြေခဲ့တာက- “ ငါက ကမ္ဘာပေါ်မှာ အလှဆုံးနဲ့ အပျော်ဆုံးငှက် ဖြစ်တယ်လို့ အမြဲထင်ခဲ့တာ . . ဒါပေမဲ့ ဒီအလှကြောင့် တိရစ္ဆာန်ရုံထဲ ပိတ်မိနေခဲ့တာ၊ ဒီတိရစ္ဆာန်ရုံထဲကို ကြည့်စမ်း . . ကျီးကန်းဆိုတာ လှောင်အိမ်ထဲ ပိတ်လှောင်ခံထားရတဲ့ ငှက်မျိုးမဟုတ်ဘူး၊ ဒါကြောင့် ငါသာကျီးကန်းတစ်ကောင်ဖြစ်ခဲ့မယ်ဆိုရင် နေရာတိုင်းကို ပျော်ပျော်ရွှင်ရွှင် ပျံသန်းသွားလာနိုင်မှာပဲလို့ ငါတွေးနေခဲ့တယ် ”

စာဖတ်ပရိသတ်ကို ပေးချင်တဲ့ သင်ခန်းစာ
ဒါက ကျွန်မတို့တစ်တွေရဲ့ ပြဿနာလည်း ဖြစ်နိုင်ပါတယ်။ ကျွန်မတို့တစ်တွေ တခြားသူတွေနဲ့ မလိုအပ်ဘဲ နှိုင်းယှဉ်ရင်း စိတ်မကောင်းဖြစ်ရတယ်။ ကိုယ့်မှာပိုင်ဆိုင်တဲ့ အရာတွေကို တန်ဖိုးမထားကြဘူး။ ဒီလိုနဲ့ မပျော်ရွှင်မှု သံသရာဝဲဂယက်ထဲကနေ မရုန်းထွက်နိုင်တော့ပြန်ပါဘူး။ ကိုယ့်မှာ မရှိတာထက် ရှိတာကိုကြည့်ပြီး ပျော်ပျော်နေလိုက်ပါ . . ကိုယ့်ဘဝကို ကျေနပ်တဲ့သူဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးလူသား ဖြစ်နေမှာပါ။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top