Healthy Life Ad
Life Style

ကျန်းမာ ပျော်ရွှင် အောင်မြင် ငြိမ်းချမ်းသော ဘဝပန်းတိုင်ဆီသို့ . . .(၁)

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)

ဘဝရဲ့ အဓိပ္ပာယ် . . .
ကျွန်တော်က အသက် ၅၆ နှစ်ရှိပါပြီ။ ကိုယ်လျှောက်လှမ်းလာတဲ့ ဘဝက ကြာလာတာနဲ့အမျှ ဘဝဆိုတာ ဘာလဲ၊ ဘဝရဲ့ အဓိပ္ပာယ်က ဘာလဲ၊ ဘဝရဲ့ ပန်းတိုင်ဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းတွေကို မကြာခဏ မေးမြန်းဖြစ်ခဲ့ပါတယ်။ အဲဒီအခြေအနေတွေကို မသိနိုင်လောက်အောင် ခက်ခဲနက်နဲတယ်၊ တစ်ခါတလေ လျှောက်လှမ်းရင်း ပန်းတိုင်ပျောက်သွားတဲ့ လူတစ်ယောက်လိုပဲလောကကြီးမှာ ဒီလိုနေရတာ အဓိပ္ပာယ်ကော ရှိရဲ့လားဆိုပြီး ဖြစ်ဖူးတယ်၊ လူတိုင်းလူတိုင်း ဘဝမှာ စိတ်ဓာတ်တွေကျ၊ စိတ်တွေညစ်ဖြစ်ဖူးမှာပါ။ ဘဝက အလကားပဲ . . ဘာမှ အဓိပ္ပာယ်မရှိဘူးလို့ ခံစားရတဲ့အချိန်တွေလည်း ကြုံဖူးပါတယ်။

ဘဝဆိုတာ ဘကုန်းနဲ့ ဝ ဆိုတဲ့ စာလုံးလေး နှစ်လုံးသာရှိပေလို့သာပဲ။ ဒီလို စာလုံးနှစ်လုံးလေး ရှိတာတောင် ရေးတာမှားသွားခဲ့ရင်တောင် ‘ဝဘ’လို့ ဖြစ်သွားနိုင်သလို’ဘိ’လို့လည်း ဖြစ်သွားနိုင်ပါတယ်။ ပြောချင်တာက ဘဝဆိုတဲ့ စာလုံးလေး နှစ်လုံးကို မှန်အောင် ရေးတတ်ဖို့ အရေးကြီးပါတယ်။

APPLE ကုမ္ပဏီက CEO စတိဗ်ဂျော့ဆိုတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ရှိခဲ့တယ်။ စတိဗ်ဂျော့ဆိုတာ ပိုက်ဆံတွေ ထားစရာမရှိလောက်အောင် ကြွယ်ဝတဲ့ သူဌေးကြီးတစ်ယောက် ဖြစ်တယ်၊ သူ့ကို မသိသူမရှိ လောက်အောင် အောင်မြင်တဲ့သူ ဖြစ်တယ်၊ ဒါပေမဲ့ သူသေဆုံးခါနီးမှာ သူဟာ သူရဲ့လူနာခုတင်ဘေးမှာ ရှိတဲ့ စက်ကိရိယာမီးရောင်လေးတွေကို ကြည့်ရင်းနဲ့ စဉ်းစားမိတယ်တဲ့ . . ပိုက်ဆံတွေက သူ့ဘဝရဲ့ အဓိပ္ပာယ်လား ဒါမှမဟုတ် အောင်မြင်ကျော်ကြားမှုက သူ့ဘဝရဲ့ အဓိပ္ပာယ်လား၊ ဒါတွေကို စဉ်းစားလိုက်တဲ့ အခါ လုံးဝမဟုတ်ဘူးဆိုတဲ့ အဖြေတစ်ခုကို သူရခဲ့တယ်။ ဒါပေမဲ့ သူဟာ သူရရှိခဲ့တဲ့ ငွေ၊ အောင်မြင်ကျော်ကြားမှုတွေက ဘဝရဲ့ အဓိပ္ပာယ်မဟုတ်ဘူးဆိုရင် ဘယ်ဟာက ဘဝအဓိပ္ပာယ်လဲဆိုတာကို သိဖို့အတွက် အချိန်က နောက်ကျသွားခဲ့ပြီ။ အဲဒီစာလေး ရေးပြီးချိန်မှာ သူက သေဆုံးသွားခဲ့တယ်။

နောက်တစ်ယောက်က စစ်နဲ့ ငြိမ်းချမ်းရေးဝတ္ထု ကို ရေးသားခဲ့တဲ့ လီယိုတော်စတွိုင်းက ရုရှမှာ မြေပိုင်ရှင်သူဌေးကြီး၊ ကမ္ဘာကျော်စာရေးဆရာကြီး ပိုက်ဆံတွေ ထားစရာနေရာမရှိဘူး။ ဒါပေမဲ့ သူ့ဘဝကို တဖြည်းဖြည်းကြည့်ရင်းကြည့်ရင်း ဘဝက အဓိပ္ပာယ်မရှိဘူးလို့ ခံစားရတယ်။ နောက်ဆုံးအချိန်မှာ သူဟာ အိမ်က ရုတ်တရက်ပျောက်ကွယ်သွားပြီး နှင်းတောကြီးထဲမှာ ဘဝရဲ့ အဓိပ္ပာယ်က ဘာလဲဆိုတာကို ရှာရင်း ရှာရင်း ဘူတာရုံလေးတစ်ခုနားမှာ လဲကျသေဆုံး သွားခဲ့ပါတယ်။ သူသေသွားတဲ့အချိန်မှာ ဘဝရဲ့ အဓိပ္ပာယ်က ဘာလဲဆိုတာ သူမသိခဲ့ပါဘူးတဲ့။ကမ္ဘာကျော် အဆိုတော် အဲလ်ဗစ်ပရက်စလေ ဆိုရင်လည်း သေခါနီးအချိန်မှာ အကြီးအကျယ် စိတ်ဓာတ်ကျဝေဒနာခံစားရပြီး စိတ်ဆင်းရဲကြီးစွာနဲ့ သေဆုံးသွားခဲ့ရတယ်။

ကျွန်တော်ဟာ အခုဆိုရင် ရန်ကုန်မြို့ ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ သားဖွားမီးယပ်အထူးကု ဆရာဝန်တစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်နေပါတယ်။ တစ်ချိန်တည်းမှာ ကျွန်တော်က ကျောင်းဆရာတစ်ယောက်လည်း ဖြစ်တယ်။ တစ်ချိန်တည်းမှာ စာပေကို ချစ်မြတ်နိုးစွာ ရေးသားနေတဲ့ စာရေးဆရာတစ်ယောက်လည်း ဖြစ်ပါတယ်။ ကျွန်တော့်အချိန်၊ ကျွန်တော့်ဘဝကို ပြန်ကြည့်လိုက်တော့ မနက်ဆိုရင် ကျွန်တော် အစောကြီး အိပ်ရာထရပါတယ်။ အိပ်ရာထပြီး ဆေးရုံ၊ ဆေးခန်းတွေ ပြေးရတယ်၊ လူနာတွေကို ခွဲစိတ်ကုသရတယ်။ ကျွန်တော်က ခွဲစိတ်ရတဲ့ ပညာကို အင်မတန် စိတ်ဝင်စားတဲ့ သူတစ်ယောက်ပါ။ ခွဲခန်းထဲမှာ ချွေးတွေ ဘယ်လောက်ထွက်ထွက် မောတယ်ဆိုတာမရှိဘူး။ ခွဲစိတ်ပြီး ဆေးရုံကို ပြေးပြီး လူနာတွေကို ကြည့်တယ်၊ စာသင်တယ်၊ ညနေဆိုရင်လည်း ဆေးခန်းတွေကို ပြေးပြီး လူနာတွေကို ကြည့်ရတယ်။ အဲဒီလောက်မအားတဲ့ ကြားက မရရတဲ့အချိန်လေးမှာ ကျွန်တော် စာတွေရေးတယ်။ တစ်ခါတလေကျရင် ကျွန်တော့်လူနာတွေက အံ့သြတယ်။ လူနာတွေကော ကျောင်းသားလေးတွေကပါ “ဘယ်အချိန်မှာ စာရေးသလဲ”လို့ တအံ့တသြ မေးကြတယ်။ ကျွန်တော် တစ်ညမှ အိပ်ရရင် လေးနာရီ လောက်ပဲ၊ တစ်ခါတလေအဲဒီလောက်တောင် မအိပ်ရဘူး။ အိပ်ရင်လည်း ဘေးမှာဖုန်းချထားရတယ်။ လူနာတွေက တစ်ချိန်လုံး အရေးပေါ်ဖြစ်နေလို့ ဖုန်းကို ဖွင့်ထားရတယ်။ ဒါပေမဲ့ ကျွန်တော့်ပုံစံက အိပ်ရေးပျက်တဲ့ ပုံလည်း မပေါ်ဘူးဆိုပြီး မေးကြပါတယ်။

ကျွန်တော်အခု အသက် ၅၆ နှစ်ရောက်လာတဲ့ အချိန်မှာ “ဘဝကဘာလဲ”ဆိုတာ ရေးရေးလေး သိလာပြီလို့ ခံစားရပါတယ်။ “ဘဝဆိုတာ ခဏလေး၊ အဲဒီရတဲ့ခဏလေးမှာ ကျန်းမာရမယ်၊ ပျော်ရွှင်ရမယ်၊ အောင်မြင်ရမယ်၊ ငြိမ်းချမ်းရမယ်၊ ဒါဟာ ဘဝပန်းတိုင်ပဲ”လို့ သိလာရပါတယ်။ ဒီသိလာတဲ့ အသိလေးကို ကျွန်တော် ချစ်ခင်တဲ့သူတွေဆီ ဝေမျှချင်ပါတယ်။

ဘဝမှာ ကျန်းမာရမယ် . . .

ကျန်းမာတယ်ဆိုတာ ဘာလဲ . . ဘာရောဂါမှမရှိရင် ကျန်းမာတာပေါ့လို့ လူအများက ထင်ထားကြတယ်။ အဲလောက်တော့ မကဘူးထင်ပါတယ်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO)က ထုတ်ထားတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်အရ ခန္ဓာကိုယ်မှာ ရောဂါမရှိတာ၊ အနာမရှိတာနဲ့တင် ကျန်းမာတယ်လို့ မခေါ်ပါဘူး။ ခန္ဓာကိုယ်က ကျန်းမာရမယ်၊ စိတ်က ချမ်းသာ ပျော်ရွှင်ရမယ်၊ လူမှုရေးသုခပြည့်စုံပြီး လူတွေရဲ့ အကျိုးကို တကယ် ပြုနိုင်ရမယ်၊ ဒါကြောင့် ကျွန်တော် စောစောကပြောတဲ့ ကျန်းမာပျော်ရွှင်အောင်မြင်ငြိမ်းချမ်းတဲ့အချက်တွေ ပိုင်ဆိုင်မှသာ ကျန်းမာတဲ့ သူလို့ ဆိုနိုင်တာပါ။

ပထမဆုံးအချက်ဖြစ်တဲ့ ခန္ဓာကိုယ် ကျန်းမာရမယ်ဆိုတာပိုင်ဆိုင်ဖို့ လူတစ်ယောက်က အရမ်းကြီးလည်း မဝရဘူး၊ အရမ်းကြီးလည်း မပိန်ရဘူး၊ အရပ်အမောင်းနဲ့ ကိုက်ညီတဲ့ ဖျတ်လတ်သွက်လက်ပြီး အချိုးကျတဲ့ ခန္ဓာကိုယ်ရှိရမယ်။ သိပ်ဝနေရင် ဒါကရောဂါတစ်ခု ဖြစ်နေပြီလို့ ပြောရမယ်၊ “ဝတာက လှတာ မဟုတ်ပါဘူး၊ ရှိသမျှ ရောဂါဝေဒနာတွေက ဝတဲ့ သူတွေရဲ့ ခန္ဓာကိုယ်ထဲ ဝင်ဖို့ချောင်းနေတာပါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်တာ၊ အဆစ်ရောင်တာ၊ ဒူးနာတာ၊ ကင်ဆာ စတဲ့ ရောဂါဝေဒနာတွေက ဝတဲ့ သူတွေမှာ အဖြစ်များပါတယ်။ ခန္ဓာကိုယ်လေးလံပြီး ရောဂါထူလာတော့ စိတ်ကပါ စိတ်ညစ်တာ၊ စိတ်ဓာတ်ကျတာတွေ ပိုပြီး ဖြစ်လာတတ်ပါတယ်။

ကိုယ်ဝန်ဆောင်ပြီဆိုရင် ဝတဲ့သူတွေက မျိုးစုံသော ဒုက္ခတွေ ကြုံတွေ့ရတတ်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့လို ခွဲစိတ်ဆရာဝန်တွေက ဝတဲ့ သူတွေကို ခွဲရမှာ သိပ်ကြောက်ပါတယ်။ ဝတဲ့သူကို ခွဲရင် ပိုခက်သလို ခွဲစိတ်တဲ့အခါမှာ အန္တရာယ်မျိုးစုံနဲ့ ရင်ဆိုင်ရတတ်လို့ပါပဲ။ အနာမကျက်တာ၊ မေ့ဆေး ပေးရခက်တာတွေ ကြုံရနိုင်တယ်။

ကဲ . . ဒီလိုဆိုတော့ သိပ်ပိန်လွန်းတော့ရော ကောင်းသလား။ လမ်းလျှောက်လို့ လေတိုက်ရင် တောင်လွင့်သွားနိုင်ပါတယ်။ ပိန်လွန်းရင်လည်း ရောဂါဒဏ်မခံနိုင်ဘူး၊ သွေးအားနည်းတတ်တယ်၊ အမျိုးသမီးတွေ သိပ်ပိန်ရင် ရာသီမှန်မှန်မလာဘူး၊ ရာသီမှန်မှန်မလာတော့ ကလေးရဖို့ခက်မယ်၊ ရရင်လည်း ကလေးပျက်ကျနိုင်တယ်၊ ပေါင်မပြည့်လမစေ့ မွေးနိုင်တယ်၊ အရိုးပွအရိုးပါးရောဂါတွေ ဖြစ်တတ်တယ်၊ မပိန်မဝဖျတ်လတ်သွက်လက်ပြီး အချိုးကျတဲ့ ခန္ဓာကိုယ်ရှိဖို့ဆိုတာ ပထမဆုံးအရေးကြီးတဲ့ အ ချက်ပဲဖြစ်ပါတယ်။

ကျွန်တော် မကွေးဆေးရုံမှာ တာဝန်ကျတုန်းက ရှိသင့်တဲ့အလေးချိန်ရဲ့ ၁၀ ပေါင်လောက် တက်သွားခဲ့ပါတယ်။ အဲဒီအခါ လူဝများအဖွဲ့ဆိုပြီး အဖွဲ့တစ်ဖွဲ့ ဖွဲ့လိုက်တယ်၊ “အဆီကျ အချိုးကျ သွက်လက်ဖျတ်လတ်တဲ့ ခန္ဓာကိုယ်နဲ့ ကြည်လင်ရွှင်ပြ ငြိမ်းချမ်းလှပတဲ့ စိတ်ဓာတ်ပိုင်ဆိုင်ရမယ်”ဆိုပြီး စာရွက်လေး တစ်ရွက်ကပ်ပြီး ဆောင်ပုဒ်နဲ့အညီ ငါတို့ ကြိုးစားကြမယ်လို့ ဆုံးဖြတ်ကြတယ်၊ ပိန်အောင် လုပ်ကြတယ်၊ တစ်ပတ်တစ်ခါ ဒီနေရာမှာ ပေါင်ချိန်မယ်၊ ဘယ်နှပတ်အတွင်း ပေါင်ဘယ်လောက်ဖြစ်အောင် လုပ်ကြမယ်ဆိုပြီးကြိုးစားခဲ့ကြပါတယ်။ အထူးသဖြင့် အစားအသောက်နဲ့ပတ်သက်ရင် ဆင်ခြင်သိထားရမယ့် အရာတွေရှိပါတယ်။ ကိုယ်စားမယ့် အစားအသောက်က ကိုယ့်အတွက်တကယ်အာဟာရဖြစ်ပြီး ကျန်းမာရေးအထောက်အကူဖြစ်ဖို့လိုပါတယ်။ ဒါပေမဲ့ တစ်ခုပဲ . . လက်တွေ့ကျဖို့ လိုပါတယ်။ ညနေစာ မစားဘူး ဒါမှမဟုတ် အရွက်တွေချည်းပဲစားမယ် . . ဘယ် နှနပ်စားနိုင်မှာမလို့လဲ၊ ကိုယ်စားတဲ့ အစားအသောက်က တစ်ရက်နှစ်ရက်တည်းမဟုတ်ဘဲ တစ်သက်လုံး စားနိုင်မယ့် အစားအသောက်မျိုးကို စဉ်းစားပြီး ဆုံး ဖြတ်ရပါမယ်။ အရေးကြီးတာက အမျှင်ဓာတ်(Fiber) များများပါတဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို များများစားပေးရမယ်၊ တစ်ခါစားရင် နည်းနည်းနဲ့ ခဏခဏစားပေးရမယ်၊ ဗိုက်ဆာတယ်ဆိုပြီး စားကောင်းကောင်းနဲ့ ပြည့်အင့်နေအောင် စားတာမျိုးမလုပ်ရပါဘူး။ တော်ရုံသင့်ရုံစားပြီး ဖြည်းဖြည်းချင်းကြေညက် အောင်ဝါးစားပေးရပါမယ်။ စားတဲ့အခါ ဗိုက်ပြည့်သွားပြီဆိုတဲ့ ခံစားချက်ရရှိဖို့ ဦးနှောက်က မိနစ် ၂၀ အချိန်ယူပါတယ်။ ၁၀ မိနစ်အတွင်းမှာ ထမင်းသုံးပန်းကန် အမြန်စားပြီး စားချင်နေတုန်းပဲဆိုတာ အဓိပ္ပာယ်က ဘာလဲဆိုတော့ ဦးနှောက်က မဝသေးဘူးလို့ထင်နေလို့ပါပဲ။ ဒါကြောင့် အစာကို ဖြည်းဖြည်း နဲ့ကြေညက်အောင် ဝါးစားရပါမယ်။

အခုဆိုရင် အလွယ်ရတဲ့ အစားအသောက်တွေကို သိပ်စားနေကြတယ်၊ ဒါလည်း မကောင်းပါဘူး။ အစာဆိုတာ တန်ဆေး၊ လွန်ဘေးပါ၊ ဆေးတောင်မှ လိုတာထက် ပိုသွားရင် အဆိပ်ဖြစ်သွားပါသေးတယ်၊ ဒါကြောင့် အစာစားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ပြန်မေးဖို့ လိုပါတယ်။ ဒီအစာက ကိုယ့်အတွက် လိုအပ်လို့ စားတာလား၊ အားနာလို့ စားတာလား၊ အလကားရလို့ စားတာလား၊ မတည့်ဘဲနဲ့ ကြိုက်လို့ စားတာလား၊ နှမျောလို့ စားတာလား ဆိုတာ သတိထားရပါမယ်။

ခန္ဓာကိုယ် ကျန်းမာဖျတ်လတ်သွက်လက်နေအောင် အရေးကြီးတဲ့ နောက်တစ်ချက်က လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ဆရာကြီး ရွှေဥဒေါင်းရဲ့ စာတွေထဲမှာ ဖော်ပြထားချက်အရ လူတစ်ယောက် ကျန်းမာသလား၊ မကျန်းမာဘူးလားဆိုတာ ဘာနဲ့ ပိုင်းဖြတ်ရမလဲဆိုရင် မနက်မိုးလင်း အိပ်ရာထလို့ အဲဒီလူက မိုးကိုတောင်ဒူးနဲ့တိုက်ချင်လောက်အောင် ဖျတ်လတ်တက်ကြွနေရင် ဒါကျန်းမာတဲ့ သူပါပဲတဲ့။ ဒီလို မဟုတ်ဘဲ အိပ်ရာကနိုးလို့ ငူငူငေါင်ငေါင် ဖြစ်နေရင် ဒါမကျန်းမာသေးဘူးတဲ့။ ဒါကြောင့် ကျန်းမာဖျတ် လတ်တက်ကြွလန်းဆန်းတဲ့ သူဖြစ်ဖို့ဆိုရင် လေ့ကျင့်ခန်းက အရေးကြီးပါတယ်။ Gym သွားကစားမှ၊ ရေကူးကန်သွားပြီး ရေကူးမှလေ့ကျင့်ခန်း လုပ်တယ်လို့ ထင်နေကြပါတယ်။ လုံးဝ မှားပါတယ်။ တကယ်တမ်းကျတော့ ကိုယ်နေ့တိုင်း သွားလာလှုပ်ရှားနေတာကလည်း လေ့ကျင့်ခန်းပါပဲ။ ကျွန်တော့် သူငယ်ချင်းဆိုရင် လမ်းလျှောက်တဲ့ စက်ဝယ်ထားတယ်တဲ့၊ ဒါပေမဲ့ အဲဒီစက်က မိန်းမအဝတ်လှန်းတဲ့ စက်ဖြစ်နေပြီလို့ဆိုတယ်။ တကယ်တော့ လမ်းလျှောက်တဲ့ စက်က အဓိကမဟုတ်ပါဘူး။ လမ်းလျှောက်ချင်တဲ့ စိတ်က အဓိကကျပါတယ်။ တစ်နေ့လုံး မအားလပ်တဲ့ ကျွန်တော်ဆိုရင် ရေကူးကန်သွားဖို့၊ ဂေါက်သီးရိုက်ဖို့ ဘယ်အချိန်ပေးနိုင်ပါ့မလဲ။ ကျွန်တော်လုပ်လေ့ရှိတာကတော့ ဘယ်သွားသွား ဖြစ်နိုင်ရင် လမ်း လျှောက်သွားလေ့ရှိပါတယ်။ ကားမစီးပါဘူး၊ ဓာတ်လှေကားကို မစီးဘဲ ရိုးရိုးလှေကားနဲ့ပဲ တက်လေ့ရှိပါတယ်။ ရပ်နေရတာကို သဘောမကျဘဲ ပြေးလွှားလှုပ်ရှားနေရတာကို ပျော်တတ်တဲ့ သူတစ်ယောက် ြဖစ်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top