Healthy Life Ad
Life Style

ရင်သားကင်ဆာအဆင့်(၂) ပျောက်ကင်းခဲ့တာ နှစ် ၂၀ တိုင်ခဲ့ပြီဆိုတဲ့ သူနာပြုဆရာမကြီး ဒေါ်ခင်ခင်ဝေ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

“အသက် ၃၈နှစ်အရွယ်မှာ စသိခဲ့တာပါ။ အန်တီ့ရင်သားက တစစ်စစ်ကိုက်ခဲနေခဲ့တာ . .အဲဒီလို ကိုက်နေရင်းနဲ့ နောက်ဆုံးသတိမထားဘဲ မနေနိုင်လောက်အောင်ကို ကိုက်လာတယ်။ ပထမ ကိုက်တုန်းကတော့ အကိုက်အခဲပျောက်ဆေး သောက်တယ်၊ သောက်ရင်း မသက်သာတော့ဘူး။ ကိုက်တာက ဆက်တိုက်လည်း ဖြစ်လာတယ် . . အစပိုင်းမှာ ခွဲစိတ်ဆရာဝန်ကြီးက အမျိုးသား ဆရာဝန်ဖြစ်နေတော့ မပြဖြစ်ခဲ့ဘူး။

ရင်သားကိုက်နေမှန်း သိပေမယ့် ရှက်ပြီးမပြတာ တစ်လလောက်ကြာသွားတယ်။ နောက်ဆုံး ကိုက်တာက ဘယ်လိုမှ မသက်သာတဲ့အတွက် ရှက်နေလည်း မထူးတော့ဘူးဆိုပြီး ဆရာဝန်နဲ့ပြပြီး ခွဲလိုက်တဲ့အခါမှာ ကင်ဆာအကျိတ်ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်”ဟု မေမြို့တွင် စစ်သူနာပြုအဖြစ် တာဝန်ထမ်းဆောင်စဉ် ရင်သားကင်ဆာ စတင်တွေ့ရှိခဲ့ပုံအကြောင်းကို အန်တီဒေါ်ခင်ခင်ဝေက ပြောပြခဲ့သည်။

မေမြို့တွင် ရင်သားအကျိတ်ခွဲစိတ်ပြီး အသားစ ယူစစ်ဆေးကြည့်ခဲ့ရာ ရင်သားကင်ဆာဟု သိသိချင်း ခွဲစိတ်ဆရာဝန်ကြီး၏ ညွှန်ကြားချက်အတိုင်း ရန်ကုန်သို့ဆင်းလာပြီး ကင်ဆာအထူးကုသမားတော်ကြီး ပါမောက္ခဒေါ်ရင်ရင်ထွန်းနှင့် ဆက်လက်ပြသဖြစ်ခဲ့ကြောင်း သိရသည်။

“ကင်ဆာဆိုတာ စသိသိချင်းမှာ အန်တီစိတ်မကောင်းဖြစ်တာမှ နေ့တိုင်းကိုငိုပါတယ်။ ခွဲစိတ်ဆရာဝန်ကြီး Round လှည့်တိုင်းလည်း ငိုတယ်။ တစ်လလောက်နေလို့ အနာကျက်ပြီး ရန်ကုန်ကို ပါမောက္ခဒေါ်ရင်ရင်ထွန်း တို့နဲ့ ဆက်ပြရမယ်ဆိုပြီး ရောက်လာတယ်၊ ကင်ဆာဆေးသွင်းတာ၊ ဓာတ်ရောင်ခြည်ပေးတာတို့ကို ဆက်လက်ကုသရပါတယ်။ မိသားစုဝင်တွေ စိတ်မကောင်းဖြစ်မှာစိုးလို့ ခွဲစိတ်ပြီးတော့မှပဲ အကြောင်းကြား ဖြစ်တယ်”ဟု ဒေါ်ခင်ခင်ဝေက ဆိုသည်။

ကိုယ်တိုင်က အပျိုကြီးလည်းဖြစ်၊ ပြရမည့် ဆရာဝန်ကြီးက အမျိုးသားလည်းဖြစ်နေ၍ ရှက်ပြီးမပြရင်း အစောဆုံးအဆင့်မှ ကင်ဆာအဆင့် (၂)အထိ ကူးပြောင်းသွားခဲ့ကြောင်း၊ ခွဲစိတ်ကုသမှု ခံယူခဲ့ပြီး ညာဘက်ရင်သားကို ဖြတ်ထုတ်ထားခဲ့ရကြောင်း ဒေါ်ခင်ခင်ဝေကဆိုသည်။

ညာဘက်ရင်သား ဖြတ်ပြီးချိန်တွင် ကိုယ့်ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု ဆုံးရှုံးသွားသည့်အတွက် စိတ်မကောင်းခြင်း၊ ဝမ်းနည်းခြင်းတို့ ကြီးစိုးကာ ပွဲလမ်းသဘင်များကို သွားချင်စိတ်မရှိတော့ဘဲ မသွားလာ ဖြစ်ခဲ့ပေ။ ရင်သားဖြတ်ပြီးချိန်က အဝတ်အစားဝတ်ရသည်ကို စိတ်ညစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ညာဘက်ရင်သားနေရာ၌ ဖော့နှင့် ဆီလီကွန်ထည့်ဝတ်ရင်း တဖြည်းဖြည်း နေသားကျလာခဲ့ကြောင်းဆိုသည်။

“နောက်ပိုင်းတော့ ဘယ်လိုမှ မနေတော့ပါဘူး။ အမေကတော့ စိတ်မကောင်းဘူးပေါ့၊ ‘သူ မွေးထားတာ အကောင်းလေး၊ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု ဆုံးရှုံးသွားတဲ့အတွက် လက်မခံနိုင်ဘူး’ဆိုပြီး အမေက တဗျစ်တောက်တောက် ဝမ်းနည်းနေတာကို အန်တီကတောင် ပြန်ဖျောင်းဖျနိုင်ခဲ့တယ်”

ကင်ဆာရောဂါက စိတ်ပိုင်းဆိုင်ရာနဲ့ အများကြီး ဆက်စပ်နေတယ်၊ စိတ်ကခံနိုင်ရည်ရှိမှ ကုသမှုကို ခံနိုင်ရည်ရှိမှာ၊ အဲဒီလို ခံနိုင်ရည်ရှိမှလည်း အောင်မြင်မှာပါ . .

ကင်ဆာနှင့် ပတ်သက်၍ အချို့မိသားစုဝင်များက လူနာကို မပြောပြရန် ဆရာဝန်အား ပိတ်ပင်တားမြစ်လေ့ ရှိသည်။ အချို့ကလည်း လူနာက သူ့ရောဂါ အခြေအနေကို နားလည်သင့်သည်ဟု ယူဆကြ၏။ ထိုအကြောင်း နှင့် ပတ်သက်၍ အန်တီဒေါ်ခင်ခင်ဝေကမူ သူ့ဖြစ်ရပ်နှင့် နှိုင်းစာပြောပြသည်မှာ-

“လူနာ နားလည်အောင်တော့ ပြောပြသင့်တယ်လို့ အန်တီထင်ပါတယ်။ လူနာ နားလည်ပြီး လက်ခံရမယ်၊ လက်ခံပြီး ကိုယ့်ကိုယ်ကိုယ် ခံနိုင်ရည်ရှိအောင် ကြိုးစားရမယ်၊ ကင်ဆာရောဂါက စိတ်ပိုင်းဆိုင်ရာနဲ့ အများကြီး ဆက်စပ်နေတယ်၊ စိတ်က ခံနိုင်ရည်ရှိမှ ကုသမှုကို ခံနိုင်ရည်ရှိမှာ၊ အဲဒီလို ခံနိုင်ရည်ရှိမှလည်း အောင်မြင်မှာပါ . .

အန်တီ့တုန်းက ဝမ်းနည်းပေမယ့် ကုသလို့ရှိရင် အောင်မြင်မယ်ဆိုတာ သိနေတယ်၊ ဆေးလောကထဲက ဖြစ်တဲ့အတွက် ဒါမသေနိုင်ဘူးဆိုတာသိပြီး ကိုယ့်ဘာသာ ကြိုးစားရင်း ခံနိုင်ရည်ရှိအောင် အားတင်းခဲ့ပါတယ် . .”ဟု ဒေါ်ခင်ခင်ဝေက ဆိုသည်။

“အရင် ဆေးကုသတုန်းက လစဉ် ဆရာဝန်ကြီးနဲ့ ပုံမှန်ပြဖြစ်ပါတယ်။ နောက်တော့ ခြောက်လတစ်ကြိမ်၊ တစ်နှစ်တစ်ကြိမ် ပြဖြစ်ပါတယ်။ နောက်ပိုင်း ကျန်းမာရေး ထိခိုက်တာ မရှိတော့ဘဲ နေလို့ကောင်းနေပါတယ်။ ဒါပေမဲ့ ခွဲစိတ်ကုသမှု ခံယူထားပြီး ဓာတ်ရောင်ခြည်ပေးထားတဲ့အတွက် ကိုယ်ခံအားကျတာမျိုးတော့ နည်းနည်းရှိတာပေါ့၊ ချောင်းဆိုးတာလောက်တော့ ဖြစ်တယ်။ ဒါပေမဲ့ ကျန်းမာပြီး သွားလာလှုပ်ရှား နိုင်နေတာပါပဲ”

ဒေါ်ခင်ခင်ဝေသည် လတ်တလောကာလတွင် သမိုင်းလမ်းဆုံက ဖြိုးစေတနာ အခမဲ့ဆေးခန်းတွင် လုပ်အားပေးအဖြစ် ကူညီဖြစ်သည့်အပြင် ရွှေရောင်နှင်းဆီကင်ဆာ ဖောင်ဒေးရှင်း၏ ကျန်းမာရေး အသိပညာ ပေး လှုပ်ရှားမှုတိုင်းတွင်လည်း စေတနာ့ဝန်ထမ်းအဖြစ် အမြဲဆောင်ရွက်သူဖြစ်သည်။

“ကိုယ့်လို ရင်သားကင်ဆာ ဖြစ်နေသူတွေ အသက်မဆုံးရှုံးရအောင် တတ်နိုင်သမျှ ပညာပေးတယ်၊ ရင်သားကင်ဆာဖြစ်နေပေမယ့် ဖြစ်နေမှန်း မသိသူတွေကိုလည်း ဘယ်လိုလက္ခဏာတွေပြရင် မပေါ့ဆနဲ့၊ ဆရာဝန်ဆီ သွားပြပါဆိုပြီး တတ်နိုင်သမျှ ပညာပေးပါတယ်၊ အဲဒီလိုလုပ်ပေးနိုင်တဲ့အတွက်လည်း ပီတိဖြစ်ရပါတယ်”ဟု အများအကျိုးဆောင်ရွက်ခြင်း ကြောင့် ရရှိသည့် စိတ်ကြည်နူးမှုကို ဒေါ်ခင်ခင်ဝေက ဆိုသည်။

အန်တီက ဘုရား၊ တရား ဂုဏ်ကျေးဇူးနဲ့ ကံလေးရှိနေလို့ လူ့ဘဝမှာ အသက်ရှင်နေရတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျန်တဲ့သူတွေလည်း ရောဂါဖြစ်နေပြီလို့ သိလိုက်တာနဲ့ စိတ်ဓာတ်မကျပါနဲ့၊ ဘုရား တရားကို များများလုပ်ပါ၊ စိတ်ကို တတ်နိုင်သမျှ ကြည်ကြည်လင်လင်ထား . . စိတ်ကို ကြည်ကြည်လင်လင်ထားနိုင်ရင် ကင်ဆာကိုအောင်နိုင်မှာ . . .

ကင်ဆာလူနာများနှင့် တွေ့သည့်အခါတွင်လည်း သူနာပြု ဆရာမကြီး ဒေါ်ခင်ခင်ဝေက အားပေးစကားများ ပြောကြားပေးလေ့ရှိသည်။
“ကင်ဆာဆိုတိုင်းလည်း မကြောက်နဲ့၊ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေရှိတယ်၊ သူတို့နဲ့တိုင်ပင်ပြီး ဆရာဝန်တွေ ညွှန်ကြားတဲ့အတိုင်း ထိရောက်တဲ့ကုသမှုကို တိတိကျကျလိုက်နာပါ၊ ဒါဆိုရင် အသက်မသေ နိုင်ပါဘူးလို့ ပြောပြပါတယ် . . . ။

အန်တီက ဘုရား၊ တရား ဂုဏ်ကျေးဇူးနဲ့ ကံလေးရှိနေလို့ လူ့ဘဝမှာ အသက်ရှင်နေရတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျန်တဲ့သူတွေလည်း ရောဂါဖြစ်နေပြီလို့ သိလိုက်တာနဲ့ စိတ်ဓာတ်မကျပါနဲ့၊ ဘုရား တရားကို များများလုပ်ပါ၊ စိတ်ကို တတ်နိုင်သမျှ ကြည်ကြည်လင်လင်ထား . . စိတ်ကို ကြည်ကြည်လင်လင် ထားနိုင်ရင် ကင်ဆာကိုအောင်နိုင်မှာဖြစ်ပါတယ်”

ကင်ဆာမဖြစ်စေရန် ဘဝနေထိုင်စားသောက်မှု ပုံစံကို ကျန်းမာရေးနှင့် ညီညွတ်အောင် နေထိုင်သင့်ကြောင်းနှင့် ဆီကြော်စာများများစားခြင်း၊ ကိုယ်လက်လှုပ်ရှားမှု လုံးဝမရှိဘဲ အမြဲထိုင်ခြင်း၊ အဝလွန်ခြင်း၊ အကင်စာ စားလွန်း ခြင်း၊ အဆင်သင့်အစာများများစားခြင်း စသည့်အချက်များသည် ရင်သားကင်ဆာ အပါအဝင် ကင်ဆာရောဂါ များစွာနှင့် ဆက်စပ်နေသည့်အတွက် ဆင်ခြင်သင့်ကြောင်း သူနာပြုဆရာမကြီး ဒေါ်ခင်ခင်ဝေက အကြံပြုပေးသည်။

“အန်တီက ကင်ဆာမဖြစ်ခင်က ဆီကြော်စာတွေ အရမ်းစားတယ်။ ပြီးတော့ လှုပ်ရှားမှု လုံးဝမရှိဘူး၊ အရမ်းငြိမ်တယ်၊ စာဖတ်တယ်၊ သိုးမွှေးထိုးတယ်၊ မေမြို့မှာ အလုပ်လုပ်တော့ ရာသီဥတုက အေးတာနဲ့ ငြိမ်ငြိမ်လေးပဲ နေတယ်၊ လေ့ကျင့်ခန်းမလုပ်ဘူး၊ အကြော်တွေလည်း စားတယ် . . ဒါကြောင့် ကင်ဆာ မျိုးရိုးမရှိဘဲ ဖြစ်တယ်လို့ ထင်တာပါပဲ။

ရင်သားကင်ဆာကုသပြီးနောက်ပိုင်းမှာ အန်တီကတော့ အစားအသောက်ရှောင်ပါတယ်။ အန်တီက ရင်သားခွဲပြီး ကင်ဆာဆဲလ်က မျိုးဆက်ပွားအင်္ဂါတွေကို ဆက်နွှယ်တတ်တဲ့အတွက် ကာကွယ်တဲ့ အနေနဲ့ သားဥအိမ်ပါထုတ်လိုက်တယ်။ အဲဒီတော့ ဟော်မုန်းဆေးတွေ သောက်ရတယ်၊ ဟော်မုန်းဆေးတွေ ရဲ့ဘေးထွက်ဆိုးကျိုးလို့ ထင်တာပဲ၊ ဝလာတယ်၊ ပေါင် ၃၀-၄၀ လောက် တက်လာပါတယ်။ ဝတာကို ထိန်းလို့မရဘူး။ အန်တီကတော့တတ်နိုင်သမျှ သက်သတ်လွတ်စားတာ၊ ညနေစာမစားတာ၊ လမ်းလျှောက် တာတို့ကို ကြိုးစားပြီးလုပ်ပါတယ်”ဟု ကင်ဆာမဖြစ်မီနှင့် ကင်ဆာဖြစ်ပြီး ပြောင်းလဲလုပ်ဆောင်ဖြစ်သည့် နေထိုင်စားသောက်မှုပုံစံတို့ကို ဒေါ်ခင်ခင်ဝေကပြောပြခဲ့သည်။

Healthy Life ဂျာနယ် စာဖတ်ပရိသတ်တို့အား-

“ရင်သားမှာ ပြောင်းလဲမှု တစ်ခုခုရှိရင် ပြသဖို့ မရှက်ကြပါနဲ့။ အန်တီဆိုရင် ရှက်ခဲ့တယ်။ ကိုယ်ရှက်တာလေး တစ်ခုက ဘာမှမဟုတ်ပေမယ့် အသက်အန္တရာယ် ဆုံးရှုံးတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ နောက်ဆုံးတော့ အန်တီလည်း မရှက်တော့ဘဲ ရင်ဆိုင်နိုင်ခဲ့ပါတယ်။ ပြီးတော့ တခြားအမျိုးသမီးတွေကို ရင်သားကင်ဆာကို လစဉ်စမ်းသပ်ဖို့ ပညာပေးနေပါတယ်။

အကျိတ်အဖု တွေ့တာနဲ့ နီးစပ်ရာ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ပြဖို့ မရှက်ပါနဲ့။ ကင်ဆာဆိုတာ စောစောတွေ့လေလေ၊ ကုသအောင်မြင်နိုင်ခြေများလေလေဆိုတာ ပြောပြချင်ပါတယ်။ မိန်းကလေးတွေ ကိုယ့်ခန္ဓာကိုယ်ကို အမြဲစစ်ဆေးသင့်ပါတယ်။ ရေချိုးတဲ့အခါ ရင်သားကို စစ်ဆေးရမယ်။ ပြောင်းလဲမှု တစ်စုံတစ်ရာတွေ့ရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ စောစောစီးစီး ပြသမှုခံယူပြီး ကုသသင့်တာကို ကုသလိုက်ပါ”ဟု ဒေါ်ခင်ခင်ဝေက ကျန်းမာရေးပညာပေးစကား လက်ဆောင်ပါးလိုက်ပါ သည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top