Healthy Life Ad
Life Style

အမျိုးသမီးတိုင်း သိထားသင့်သည့် သားအိမ်ကင်ဆာ လက္ခဏာများ

ဒေါက်တာစိုးလွင် (သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး)

သားအိမ်ကင်ဆာဆိုတာ နှစ်မျိုးရှိပါတယ်။ သားအိမ်ခေါင်းကင်ဆာနဲ့ သားအိမ်ကိုယ်ထည်ကင်ဆာဆိုပြီး နှစ်မျိုးရှိပါတယ်။ တစ်မျိုးနဲ့ တစ်မျိုးမတူပါဘူး။

သားအိမ်ခေါင်းကကျတော့ မွေးလမ်းကြောင်းရဲ့အဝမှာရှိတာပါ။ သားအိမ်ခေါင်းကင်ဆာဖြစ်ရင် သားအိမ်ခေါင်းမှာ အနာဖြစ်တယ်၊ အဖုအကျိတ်တွေ ဖြစ်တယ်၊ ပုံမမှန်သွေးဆင်း တာတွေဖြစ်တတ်တယ်၊ အမျိုးသားနဲ့အတူနေရင် သွေးဆင်းတာတွေ ဖြစ်တတ်ပါတယ်။ ရာသီမလာတဲ့အချိန်တွေမှာလည်း သွေးဆင်းတတ်ပါတယ်။ သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာ မျိုးဖြစ်တတ်ပါတယ်။ အဖြူအပုပ်တွေ ဆင်းသလို ပုပ်စော်နံတတ်ပါတယ်။ ဒီလို လက္ခဏာတွေပေါ်လို့ စောစောစီးစီး မသိလိုက်ဘူးဆိုရင် အဆင့်နောက်ကျပြီး တခြားနေရာတွေကို ပျံ့ကုန်ရော။ အဲဒီလို ပျံ့သွားပြီဆိုရင် ရောက်သွားတဲ့နေရာပေါ်မူတည်ပြီး ဥပမာ ဆီးအိတ်တွေထဲ ရောက်သွားတဲ့အခါ ဆီးသွားရင် သွေးတွေပါတာ မျိုးဖြစ်တတ်ပါတယ်။

သားအိမ်ကိုယ်ထည်ကင်ဆာမှာ ယေဘုယျအားဖြင့်တွေရတတ်တဲ့ လက္ခဏာကတော့ ပုံမမှန် သွေးဆင်းတာကိုပဲ အတွေ့ရများပါတယ်။ များသောအားဖြင့် အသက်ကြီးတဲ့ အမျိုးသမီးတွေမှာ အတွေ့ရများပြီး သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာကို တွေ့ရပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ ပုံမမှန်သွေးဆင်းတယ်ဆိုရင်၊ အမျိုးသားနဲ့ အတူနေတဲ့အခါ သွေးဆင်းတယ်ဆိုရင် မပေါ့ရပါဘူး။ သားအိမ်ကိုယ်ထည် အတွင်းထဲမှာ အနာဖြစ်တာလည်း ရှိတတ်ပါတယ်။

သားအိမ်ခေါင်းကင်ဆာနဲ့ သားအိမ်ကိုယ်ထည်ကင်ဆာမှာ လက္ခဏာတွေက အကြမ်းအားဖြင့် ဆင်တူတတ်တဲ့အတွက် သားအိမ်ခေါင်းမှာ ဖြစ်နေတာလား၊ သားအိမ်ကိုယ်ထည်မှာ ဖြစ်နေတာလားဆိုတာကို သေချာစစ်ဆေး ပြီးမှသိနိုင်ပါတယ်။ သားအိမ်ခေါင်းဆိုရင် မှန်းဆမြင်ရပေမယ့် သားအိမ်ကိုယ်ထည်ဆိုရင် တော့မမြင်ရပါဘူး။ အဲဒီအခါကျရင် သားအိမ်ခြစ်ပြီး အသားစအဖြေကိုယူကြည့်မှ သိနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top