Healthy Life Ad
Life Style

အမျိုးသမီး ကျန်းမာရေး ပြဿနာအဖြေရှာ

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ရင်သားက အဆီကျိတ် ခွဲသင့်၊ မသင့်

မေး. မနှစ်က ရင်သားမှာအကျိတ်လေးရှိလို့ ရန်ကုန်မှာသွားပြတယ်။ ရင်သားကိုအကုန်စစ်ခဲ့တယ်။ အဆီကျိတ် ပဲတဲ့။ အဲဒါနဲ့ မခွဲခဲ့ရဘူး၊ ရုံးဝန်ထမ်းဆိုတော့ ခွင့်လည်းသိပ်မရလို့ အဲဒါကြာလာရင် စိတ်ပူရလားဆိုတာ သိချင်လို့ပါ။ ခွဲသင့်၊ မခွဲသင့်ပြန်ဖြေပေးပါနော်။ ညီမက တအားဝပါတယ်။
Bayby Lay (FB)

ဖြေ. ရင်သားမှာ အကျိတ်တွေ့တဲ့အခါ ကင်ဆာအကျိတ်နဲ့ ကင်ဆာမဟုတ်တဲ့ အကျိတ် ဘယ်အရာကပိုများ သလဲဆိုရင် ကင်ဆာမဟုတ်တဲ့ အကျိတ်က ပိုများပါတယ်။ ဒါပေမဲ့ တစ်ခါတလေ ရိုးရိုးအကျိတ်ဆိုပြီးတွေ့လို့ ပြန်လွှတ်လိုက်တယ်။ နောက်တစ်နှစ်- နှစ်နှစ်ကြာမှ ကင်ဆာအကျိတ် ဖြစ်သွားတာတွေကိုလည်း တွေ့ဖူးပါ တယ်။ အဲဒီလို ဖြစ်ရပ်တွေရှိတဲ့အတွက် အကြံဉာဏ်ပေးချင်တာက ဆရာဝန်ညွှန်ကြားလိုက်တဲ့ အချက်တွေကို လိုက်နာဖို့လိုပါတယ်။

ရင်သားကို လစဉ် ပုံမှန်စစ်ဆေးပေးပါ၊ ဒီအကျိတ်က ထူးခြားမှုရှိလား၊ ပိုပြီး ကြီးလာလားဆိုတာ သတိထားပါ။ တကယ်လို့ ထူးခြားမှုရှိတယ်၊ ပိုပြီး ကြီးလာတယ်ဆိုရင် ဆရာဝန်ဆီပြန်လာပြပါ။ ဆရာဝန်က ရင်သားဓာတ်မှန် (Mammogram) ရိုက်ပြီး စမ်းသပ်ပေးပါ။ ထူးခြားမှုမရှိဘူးဆိုရင်တောင် တစ်နှစ်တစ်ခါတော့ ဆရာဝန်နဲ့ပြပြီး လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ပါဆိုပြီး ညွှန်ကြားပါလိမ့်မယ်။ အဲဒီ ညွှန်ကြားချက်အတိုင်း ဆက်လုပ်ပါ။ ဒီကြားထဲမှာတော့ တစ်လတစ်ကြိမ် သွေးပေါ်ပြီး ခုနစ်ရက်မြောက်နေ့မှာ မိမိရင်သား မိမိစမ်းသပ်နည်းအတိုင်း ပုံမှန်စမ်းသပ်ပေးသင့်ပါတယ်။ ဒါဆိုရင် ပြောင်းလဲမှုကို ချက်ချင်းသိပြီး ဆရာဝန်နဲ့ ချက်ချင်းပြသ တိုင်ပင်ဆွေး နွေးနိုင်မှာ ဖြစ်ပါတယ်။

နာနေတဲ့ ရင်သားအကျိတ် ဆေးထိုးလို့ ပျောက်နိုင်သလား

မေး. ကျွန်တော့်အမျိုးသမီးရဲ့ ညာဘက်ရင်သားမှာ အကျိတ်လုံးလေးတစ်လုံး ရှိနေပါတယ်။ တစ်ခါတလေ ကျရင် အဲဒီအကျိတ်လုံးလေးက နာပါတယ်။ ဆေးကုဖို့ ကျွန်တော်ကပြောပေမယ့် သူကရှက်လို့ဆိုပြီး ဆရာဝန် မပြဖြစ်ပါဘူး။ ဘာဆက်လုပ်သင့်ပါသလဲ၊ အကျိတ်က ဆေးထိုးရင် ပျောက်နိုင်ပါသလား။
၁၉ ရာစုက ကျွန်တော် (FB)

ဖြေ. အကျိတ်က ဆေးထိုးရင် ပျောက်ဖို့ မလွယ်ပါဘူး။ အကျိတ်ဖြစ်နေတာ၊ တွေ့နေတာ ဘယ်လောက်ကြာပြီ လဲဆိုတာ မပါသေးပါဘူး။ အဲဒီတော့ နာတယ်၊ ဖြစ်တာ နှစ်နဲ့ချီကြာနေပြီဆိုရင် ကင်ဆာဖြစ်ဖို့ ရာခိုင်နှုန်းနည်း သွားပါပြီ။ အဲဒီအကျိတ်လေးကိုပဲ လစဉ်ရာသီသွေးပေါ်ပြီး ခုနစ်ရက်မြောက်နေ့မှာ မိမိရင်သား မိမိစစ်ဆေးတဲ့ နည်းနဲ့ပဲ ပြောင်းလဲမှုတွေကို ဆန်းစစ်ကြည့်သင့်ပါတယ်။ အရင်တုန်းက မနာဘူး၊ အခုမှ နာတယ်၊ အရင်က ဆစ်ဆစ် ဆစ်ဆစ်မဖြစ်ဘူး၊ အခုမှ ဖြစ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသပြီး ရင်သားဓာတ်မှန် (Mammogram) နဲ့ ရင်သားအာထရာဆောင်း (Breast Ultrasound) ရိုက်တာ အသင့်တော်ဆုံးပါပဲ။

ရင်သား ပြည်တည်နာဖြစ်ဖူးရင် ကင်ဆာဖြစ်နိုင်သလား . .

မေး. ကျွန်မငယ်ငယ်တုန်းက ရှစ်တန်းအရွယ်က ရင်သားမှာပြည်တည်နာလို ဖြစ်ဖူးပါတယ်ရှင့်။ ပြည်ညှစ်ထုတ် တဲ့ဘက်ကငယ်နေပါတယ်။ အခု အသက် ၃၀ ကျော်နေပါပြီ။ ကင်ဆာဖြစ်တတ်ပါလားရှင့်။ အဒေါ်တစ်ယောက် က ရင်သားကင်ဆာနဲ့ သေဆုံးဖူးသူရှိလို့ပါ။ အမျိုးသမီးရောဂါစစ်ရင် ဘာတွေကို အဓိကထားပြီး စစ်ရပါသလဲ ရှင်။ ရင်သား၊ သားအိမ်၊ အရိုး အဲဒီလောက်ပဲ သိလို့ပါ။ သုံးနှစ်တစ်ကြိမ် စစ်သင့်ပါသလားရှင့်။
မြင့်မြတ်အောင် (FB)

ဖြေ. ရင်သားမှာ ပြည်တည်နာဖြစ်ဖူးတဲ့သူတွေက ပြည်တည်နာမဖြစ်ဖူးသူတွေထက်စာရင် ရင်သားကင်ဆာ ဖြစ်နိုင်ခြေပိုပြီးများပါတယ်။ ပြည်တည်နာဖြစ်လိုက်တဲ့အခါ ဆဲလ်လေးတွေ ပြောင်းသွားတယ်၊ ဒဏ်ရာ အနာ တရဖြစ်ဖူးတယ် . . အဲဒီအတွက် ရင်သားကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။

ဒါပေမဲ့ အခုခေတ်မှာ ရင်သားကင်ဆာဖြစ်နိုင်ခြေ မများတဲ့သူတွေ (ဥပမာ ကလေးသုံးလေးယောက် မွေးဖူးတဲ့ သူ)မှာလည်း ဖြစ်နေတာကိုတွေ့ရပါတယ်။ အပျိုကြီးတွေ၊ ကလေးနို့မတိုက်ဖူးသူတွေ ရင်သားကင်ဆာ ဖြစ်နိုင်ခြေများတယ်ဆိုပေမယ့် မဖြစ်တဲ့ အပျိုကြီးတွေ၊ ကလေးနို့မတိုက်ဖူးသူတွေလည်း အများကြီးပါပဲ။ ဒီတော့ ဖြစ်နိုင်ခြေ၊ မဖြစ်နိုင်ခြေကို ခေါင်းထဲကထုတ်ထားပြီး တစ်လတစ်ခါ မိမိရင်သားပြောင်းလဲနေတာကို စမ်းသပ် စစ်ဆေးတဲ့နည်းကသာ အဓိကကျတယ်လို့ အကြံပြုလိုပါတယ်။ မသင်္ကာဖွယ်ရာတွေ့ရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြရပါမယ်။

အမျိုးသမီးတွေအနေနဲ့ ကင်ဆာနဲ့ပတ်သက်ပြီး စစ်ဆေးမယ်ဆိုရင် ရင်သားကင်ဆာကတော့ စောစောက ပြောခဲ့ပါပြီ။ သားအိမ်ခေါင်းကင်ဆာအတွက် ပြောရမယ်ဆိုရင် သားအိမ်ခေါင်းကင်ဆာက ကာကွယ်လို့ ရတဲ့အတွက် အသက်ငယ်တဲ့သူတွေ သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး ထိုးရပါမယ်။ အသက်ကြီးတဲ့ သူတွေ သားအိမ်ခေါင်း အချွဲမြှေးစစ်ဆေးမှု (Pap Smear) လုပ်သင့်ပါတယ်။ အရိုးပါး၊ အရိုးပွရောဂါသိနိုင်ဖို့ အရိုးသိပ်သည်းဆ (Bone Density) စစ်ဆေးသင့်ပါတယ်။

နောက်ထပ်စစ်သင့်တာက သားဥအိမ်ကင်ဆာပါ။ နှစ်စဉ် ကျန်းမာရေးစစ်ဆေးမှုလုပ်တဲ့အခါ အာထရာဆောင်းရိုက် စစ်ဆေးမှုပါရင် သားဥအိမ်ကင်ဆာကို စောစီးစွာသိနိုင်ပါတယ်။ အူမကြီးကင်ဆာကျတော့ မိသားစုရာဇဝင်ရှိသူ၊ ဝမ်းချုပ်တဲ့သူ၊ အသားများများစားတဲ့ သူအဲဒီလိုဆိုရင်ဝမ်းထဲမှာ မမြင်ရတဲ့သွေးပါဝင်မှုနှုန်းကို စစ်ဆေးလို့ရပါတယ်။ ဖြစ်နိုင်ခြေများတယ်ဆိုရင် အူမကြီးမှန်ပြောင်းကြည့်စစ်ဆေးမှု လုပ်သင့်ပါတယ်။ လက္ခဏာပေါ်ရင်တော့ ပေါ်သလိုလိုက်ပြီး စစ်ဆေး သင့်ပါတယ်။

Tamoxifen 29 mg ဆေးနှင့် အစာ

မေး. ကျွန်မအသက် ၆၈ နှစ်၊ ရင်သားကင်ဆာအဆင့်(၂)ပါ။ အောက်တိုဘာ ၂၀၁၅ မှာဖြတ်ပြီး ဆေးမသွင်းရ ပါဘူး။ Tamoxifen 29 mg ကို တစ်နေ့တစ်လုံး သောက်ရပါတယ်။ ငါးနှစ်သောက်ရမယ်တဲ့။ ညအိပ်ရာဝင်မှာ သောက်ပါတယ်။ အစာနဲ့ဝေးလေ၊ ကောင်းလေလို့ ပြောတာကြောင့်ပါ။ ဆေးညွှန်းလည်း ထည့်ပေးလိုက်ပါ တယ်။ ဘယ်လိုသောက်သင့်တယ် ဆိုတာကို ဖြေကြားပေးပါရှင့်။
Tamoxifen 29 mg ဆေးက ဘယ်လိုအစာမျိုးတွေနဲ့ မတည့်ဘူးလဲ၊ ဘာတွေရှောင်ရမလဲဆိုတာ ညွှန်ကြားပေးပါရှင့်။

ဒေါ်ထူးထူး၊ ရန်ကုန်။

ဖြေ. အစားအသောက်ကို အထွေအထူး ရှောင်စရာမလိုပါဘူး။ အခုသောက်နေတဲ့အတိုင်း ညအိပ်ရာဝင်မှာ သောက်တာက အဆင်ပြေပါတယ်။ တစ်ခုရှိတာက Tamoxifen သောက်ရင် သွေးဆင်းပုံမမှန်ရှိပါက ဆရာဝန်နဲ့ ပြန်ပြသင့်ပါတယ်။

ရင်သားကင်ဆာနှင့် Vitamin D3

မေး. ရင်သားကင်ဆာကုသမှုခံယူနေတုန်းမှာ Vitamin D3 သောက်နေလို့ ရပါလားလို့ သိပါရစေ။
Than Than Aye (FB)

ဖြေ. ဗီတာမင် D3 လိုအပ်လို့ရှိရင်၊ သက်ဆိုင်ရာ ဆရာဝန်က ညွှန်ကြားချက်ရှိတယ်ဆိုရင်သောက်နိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top