Healthy Life Ad
Life Style

ပိန်တဲ့သူတွေ ကျန်းမာရေးနဲ့အညီ ကိုယ်အလေးချိန် မြင့်တက်လာအောင်

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)

မေး။ ။  ပိန်တဲ့သူတွေက ဘယ်လိုကျန်းမာရေး ထိခိုက်မှုတွေ ဖြစ်တတ်ပါသလဲ ဆရာမ။

ဖြေ။ ။ ပိန်တဲ့သူအများစုက ဘယ်လို အစားအသောက်ကိုမှ မက်မက်မောမော မစားတတ်တဲ့သူတွေ များပါတယ်။ ထမင်းဆိုလည်း အများကြီး မစားနိုင်ဘူး။ တချို့လူတွေဆို ပိန်တယ်လို့သာ ပြောနေကြတာ . . မုန့်ဟင်းခါးစားရင် တစ်ပွဲတောင် မကုန်တဲ့သူတွေ များတယ်။ အဆီဆိုလည်း သိပ်မကြိုက်ကြဘူး။ ဝက်သား စားရင်လည်း အဆီကို ရှောင်ကြတယ်။ ထမင်းဆိုလည်း သိပ်မစားကြဘူး။ ဒီတော့ သွေးအားနည်းတာတွေ၊ ကိုယ်ခံအားလျော့နည်းတာတွေ ဖြစ်လွယ်ပါတယ်။

မေး။ ။ ပိန်တဲ့သူတွေ ကိုယ်အလေးချိန် မြင့်တက်ချင် တယ်ဆိုရင် အစားအသောက်တွေကို ဘယ်ပုံဘယ် နည်းနဲ့ စားသောက်သင့်ပါသလဲ ဆရာမ။

ဖြေ။ ။ ပိန်တဲ့သူတွေ ဝချင်ရင် တစ်နေ့မှာ အစာကို ၆ ကြိမ်ကနေ ၈ကြိမ်အထိ စားသင့်ပါတယ်။ နည်းနည်းနဲ့ ခဏခဏ စားသင့်ပါတယ်။ ကာဗိုဟိုက်ဒရိတ်နဲ့ ပရိုတင်းဓာတ်ကို ပိုစားသင့်ပါတယ်။ အဲဒီတော့ ထမင်းနဲ့ အသားကို သူများထက် ပိုစားသင့်ပါတယ်။

 ကြက်ဥ/ဘဲဥ
ကြက်ဥပြုတ်/ဘဲဥပြုတ် ဒါမှမဟုတ် ကြက်ဥ/ဘဲဥ အကာကျက်ကို မနက်တစ်လုံး၊ ညတစ်လုံး စားပေးသင့်ပါတယ်။

 နွားနို့
နွားနို့ကို မနက်တစ်ခွက်၊ ညတစ်ခွက် သောက်ပေးသင့်ပါတယ်။ ချိစ်ပြားလေးတွေ နှစ်ပြားလောက် စားသင့်ပါတယ်။ ပေါင်မုန့်စားရင် ထောပတ်သုတ်ပြီး စားသင့်ပါတယ်။ ကျန်တဲ့ အစားအစာအပြင် ကြက်ဥနဲ့ နွားနို့ကို ပိုစားသောက်ပေးသင့်ပါတယ်။

အသီးအနှံ
ငှက်ပျောသီး စားပေးသင့်ပါတယ်။

 အသားဓာတ်
လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် ကြွက်သားတက်ဖို့အတွက်ဆိုရင် အဓိကအနေနဲ့ အသားဓာတ် လိုအပ်ပါတယ်။ ကလေးတွေ ပိန်ရင် အသားကို တစ်နေ့ ၁၀ကျပ်သား-၂၀ ကျပ်သားလောက်  စားခိုင်းရပါမယ်။ လူကြီးတွေ ပိန်ရင် အသားကို တစ်နေ့ ၂၀ ကျပ်သားလောက်စားခိုင်းပါတယ်။ ဒါဆိုရင် တဖြည်းဖြည်းနဲ့ ကိုယ်အလေးချိန် မြင့်တက်လာပါတယ်။

မေး။ ။  ပိန်တဲ့သူတွေ ကိုယ်အလေးချိန် မြင့်တက်ချင် တယ်ဆိုရင် ဘယ်လို လေ့ကျင့်ခန်းမျိုးကို လုပ်သင့်ပါသလဲ ဆရာမ။

ဖြေ။ ။  သိပ်ပိန်တဲ့ ကလေးပဲဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ် လေ့ကျင့်ခန်းလုပ်ရပါမယ်။ လေ့ကျင့်ခန်းလုပ်ပြီးတိုင်း၊ လုပ်ပြီးတိုင်း ပဲနို့သောက်သင့်ပါတယ်။ မဟုတ်ရင် ပဲနဲ့ပတ်သက်တဲ့အစာ စားတာနဲ့ တိုဟူးစားတာတို့ လုပ်သင့်ပါတယ်။ မနက်လမ်းလျှောက်မယ်ဆိုရင် ၁၀ မိနစ်ထက်ပိုပြီး လမ်းမလျှောက်သင့်ပါဘူး။ အလေးသေးသေးလေးမပြီး ကစားမယ်ဆိုရင်လည်း တစ်ရက်ကို ၁၀ ကြိမ်လောက် လုပ်သင့်ပါတယ်။

လေ့ကျင့်ခန်း လုပ်ပြီးပြီးချင်း ကြါက်သားတွေကို ပြန်ဖြည့်တဲ့အနေနဲ့ အသားစားရင် စား ဒါမှမဟုတ် ပရိုတင်းဓာတ်ပါတဲ့ ပဲနို့သောက်ရင်သောက် . . လုပ်ရပါမယ်။ ဒီလိုမျိုး သုံးလ-လေးလလောက် လိုက်နာမယ်ဆိုရင် ဝလာမှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top