Healthy Life Ad
Life Style

စိတ်ကူးယဉ်အိပ်မက်ကမ္ဘာထဲ မျောနေတဲ့သူ . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ရှေးရှေးတုန်းကအလွန်ပျင်းရိပြီး အလွန်ဆင်းရဲတဲ့ကိုပေါဆိုတဲ့ လူတစ်ဦးရှိသတဲ့ . . ။ သူကအလုပ်ကို ကြိုးကြိုးစားစားမလုပ်ချင်ဘူး၊ ဒါပေမဲ့တစ်နေ့ကျရင် ချမ်းသာကြွယ်ဝတဲ့သူတစ်ဦး ဖြစ်လာရမယ်ဆိုတဲ့ စိတ်ကူးယဉ်အိပ်မက်ကိုသာ မက်နေလေ့ရှိတယ်။ အလုပ်မလုပ်ချင်တဲ့ကိုပေါဟာ သူတစ်ပါးစွန့်ကြဲပေးကမ်းလာအောင် တောင်းရမ်းပြီးအစာစားရတော့တယ်။

တစ်နေ့မနက်ခင်းမှာ ကိုပေါတစ်ယောက်တောင်းရမ်းရင်း နွားနို့တစ်အိုးရလာခဲ့ပါသတဲ့။ သူဝမ်းသာအားရနဲ့ နွားနို့အိုးယူပြီး အိမ်ပြန်လာခဲ့တယ်။ နွားနို့ကျိုပြီး တချို့တစ်ဝက်ကိုသောက်သုံးခဲ့တယ်။ ကျန်တဲ့နွားနို့ကို အိုးထဲမှာတည်ထားပြီး နို့ကနေဒိန်ခဲဖြစ်သွားအောင်ဆိုပြီး အိုးထဲကိုဒိန်ခဲနည်းနည်း ထည့်ခဲ့ပါတော့တယ်။ အဲဒီနောက် သူကျောခင်းပြီး စိတ်ကူးယဉ်ပါတော့တယ်။

သူ့စိတ်ကူးထဲမှာ သူတည်ထားတဲ့နွားနို့အိုးက ဒိန်ခဲတစ်အိုးဖြစ်လာလိမ့်မယ်လို့ တွေးခဲ့တယ်။ အဲဒီနောက် သူရဲ့ဆင်းရဲနွမ်းပါးမှုအားလုံးပျောက်ဆုံးသွားပြီး ချမ်းသာလာလိမ့်မယ်လို့ ဆက်တွေးခဲ့ပြန်တယ်။

သူ့စိတ်ကူးထဲမှာတော့ –

“ မနက်ခင်းတိုင်း နွားနို့တစ်အိုးရလာမယ်၊ အဲဒါကိုဒိန်ခဲဖြစ်အောင် ပြောင်းမယ်၊ ပြီးရင်ဒိန်ခဲကနေ အကောင်းစားထောပတ်ဖြစ်အောင်လုပ်မယ်။ အဲဒီနောက်အကောင်းစားထောပတ်ကို ဈေးထဲသွားရောင်းမယ်၊ ပြီးရင်ငွေရလာမယ်။ အဲဒီငွေနဲ့ ကြက်တစ်ကောင်ဝယ်မယ်၊ ကြက်မက ကြက်ဥတွေဥလိမ့်မယ်။ အဲဒီဥတွေက ကြက်ပေါက်လေးတွေဖြစ်လာမယ်။ အဲဒီကြက်တွေက တစ်ခါကြက်ဥရာပေါင်းများစွာ ဥလိမ့်မယ်။ ဒါဆိုရင် ကြက်ခြံပိုင်ရှင်ကြီး ဖြစ်လာလိမ့်မယ်။

ကြက်ခြံထဲက ကြက်တွေအားလုံးရောင်းပြီး နွားတွေဝယ်မယ်။ နွားနို့ညှစ်ပြီး ရောင်းမယ်။ ဒါဆိုရင် မကြာခင်ချမ်းသာလိမ့်မယ်။ အဲဒီအခါ လက်ဝတ်ရတနာတွေဝယ်မယ်။ ဘုရင်ကြီးက အဲဒီလက်ဝတ်ရတနာတွေကို ငါ့ဆီကဝယ်မယ်။ အဲဒီအခါ အလွန်ချမ်းသာလာပြီဖြစ်တဲ့အတွက် ချမ်းသာတဲ့မိသားစုက ပြစ်မျိုးမှဲ့မထင်လှပတဲ့မိန်းကလေးကို လက်ထပ်နိုင်လိမ့်မယ်။

လက်ထပ်ပြီးမကြာခင် ယောကျာ်းပီသပြီးကြည့်ကောင်းတဲ့ သားလေးရလာလိမ့်မယ်။ သားလေးစိတ်ကြီးပြီး ကဂျီကဂျောင်ကျရင် သူ့ကိုသင်ခန်းစာပေးပြီး တုတ်နဲ့ ရိုက်၊ ဆုံးမမယ် . . ”

ကိုပေါတစ်ယောက်စိတ်ကူးယဉ်ရင်း သူ့အိပ်ရာဘေးမှာ ထောင်ထားတဲ့တုတ်ချောင်းကို ကယောင်ကတမ်းနဲ့ယူပြီး သားဖြစ်သူကိုရိုက်ဟန်ပြုလိုက်တဲ့အခါ တုတ်ချောင်းကအပေါ်ထောင်သွားပြီး တည်ထားတဲ့နွားနို့အိုးကို ရိုက်မိသွားတော့တယ်။

အဲဒီအခါနို့အိုးလည်း ကွဲ၊ သူရဲ့ စိတ်ကူးယဉ်အိပ်မက်ကြီးလည်း ပျက်သွားပါတော့တယ်။

စာစုကပေးချင်သော သင်ခန်းစာ

အလုပ်ကို ကြိုးကြိုးစားစားလုပ်ကိုင်ပါ။အလုပ်ကိုမကြိုးစားဘဲ စိတ်ကူးယဉ်အိပ်မက်တွေက လက်တွေ့မှာတကယ် ဖြစ်လာမှာမဟုတ်ပါဘူး။

Most Popular

Healthy Life Ad
To Top