Healthy Life Ad
International

တရုတ်ကျားမိခင်က ၉ နှစ်အရွယ်သားငယ်ကို တစ်နေ့ ၁၆ နာရီ ပညာသင်ယူခိုင်းသဖြင့် ဝေဖန်ခံရ

၊ မိုးမင်းထွန်း ၊

သားသမီးတွေ ပညာသင်ယူရာမှာ အလွန်အမင်း တွန်းအားပေးတဲ့ မိခင်တွေကို ကျားမိခင်တွေလို့ တင်စားခေါ်ဝေါ်လေ့ရှိကြပါတယ်။ တရုတ်ကျားမိခင်တစ်ယောက်ကလည်း အသက် ၉ နှစ်အရွယ်သားငယ်ကို တစ်ရက် ၁၆ နာရီ ပညာသင်ယူ ခိုင်းတာကြောင့်ဝေဖန်ခံနေရပါတယ်။ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချုံကျင်းမြို့မှာ နေထိုင်တဲ့ ဒီကလေးငယ်ရဲ့တစ်နေ့တာ အချိန်ဇယားဟာ တရုတ်လူမှုကွန်ရက်မှာ ပျံ့နှံ့သွားပြီး ဝေဖန်ခံနေရတာပါ။

လျူအမည်ရတဲ့ မိခင်ဟာ သူရဲ့သားကို မနက် ၅ နာရီမှာ အိပ်ရာမှထစေပြီး ၆ နာရီမှာ စတင်စာကျက်ခိုင်းပါတယ်။ ကလေးကို ည ၁၀ နာရီအထိတိုင် ပညာသင်ယူစေပြီး ၁၁ နာရီမှာ အိပ်ရာဝင်စေတယ်လို့ သိရပါတယ်။ ကျောင်းဖွင့်ရက်တွေမှာ ကလေးဟာ ကျောင်းအိမ်စာတွေအပြင် ပြင်ပအင်္ဂလိပ်စာအတန်းကိုတက်ရပါတယ်။ စန္ဒရားတီးသင်တန်း၊ လက်ရေးလှ လေ့ကျင့်သင်တန်း၊ ရေကူးသင်တန်းနဲ့ နိုင်ငံတကာ သင်္ချာဉာဏ်စမ်းပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့အတွက် သင်္ချာသင်တန်းတွေကို ကျောင်းပိတ်ရက်တွေမှာ တက်စေတယ်လို့ဆိုပါတယ်။

သူ့သားရဲ့တစ်နေ့တာအချိန်ဇယားဟာ လူတွေအကြားမှာ ဒီလောက်ဆွေးနွေးငြင်းခုန်စရာ ဖြစ်သွားတာကို သူအနေနဲ့ အံ့သြမိတယ်လို့ လျူက ပြောပါတယ်။ အသက်ငယ်ရွယ်စဉ်မှာ စည်းကမ်းရှိရှိ နေထိုင်တတ်အောင်နဲ့ အချိန်ကို အကျိုးရှိရှိအသုံးချတတ်အောင် ပြုလုပ်ပေးတာက အရေးကြီးတယ်လို့ လျူက ဆိုပါတယ်။ အနာဂတ်ကာလမှာ သက်သောင့်သက်သာ နေထိုင်နိုင်ဖို့ ငယ်ရွယ်စဉ်မှာ ပြင်းပြင်းထန်ထန်ကြိုးစားသင့်တယ် လို့လည်း သူကဆက်ပြောပါတယ်။

ပီကင်းတက္ကသိုလ်မှ ဘွဲ့ရပညာတတ်ဖြစ်တဲ့ လျူက သူ့ဖခင်ဟာလည်း သူ့ကို အလားတူနည်းနဲ့ ပြုစုပျိုးထောင်ခဲ့ တယ်လို့ပြောပါတယ်။ “စန္ဒရားအတီးသင်တာက ကျွန်မသားရဲ့ အနုပညာအမြင်ကို ရင့်သန်စေပြီး ချစ်သူရည်းစား ရွေးချယ်ရာမှာ အထောက်အကူဖြစ်စေမှာပါ။ သင်္ချာပုစ္ဆာတွေတွက်ချက်တာက ယုတ္တိဗေဒကျတဲ့ အတွေးအခေါ်ကို ရစေမှာပါ” လို့ လျူက ပြောပါတယ်။

တခြားမိဘတွေကို သူရဲ့နည်းလမ်းအတိုင်း ကလေးငယ်တွေကို ထိန်းကျောင်းသင့်တယ်လို့လည်း လျူက တိုက်တွန်းခဲ့ပါသေးတယ်။

Most Popular

Healthy Life Ad
To Top