Healthy Life Ad
Life Style

မိုးနတ်မင်းကြီးကို ကြောက်တယ် . . .(၂)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး)

ဘယ်သူတွေမှာ ပိုဖြစ်တတ်သလဲ . . .

ဆိုးရွားတဲ့ ဆူဒိုမိုးနတ်စ်ပိုးဝင်ခြင်းဟာ ဆေးရုံတက်နေတဲ့ လူနာတွေမှာ အများဆုံးဖြစ်ပါတယ်။ ဆေးရုံတက် လူနာတွေထဲမှာ အထူးသဖြင့် ခုခံအားနည်းနေတဲ့သူတွေ၊ ဥပမာ ဆီးချိုရောဂါသည်တွေ၊ ကင်ဆာဆေးသွင်းရသူတွေ၊ ကော်တီကိုစတီးရွိုက် ဆေးတွေဖြစ်တဲ့ ဒက်ဆာမီသာစုန်းနဲ့ ပရက်နီစလုံးဆေးတွေ ပေးထားရသူတွေမှာ ဒီပိုးတွေ အဝင်များပါတယ်။ ဆေးရုံက အထူးကြပ်မတ်ကုသဆောင်မှာ အသက်ရှူစက်တပ်ထားရသူတွေ ပိုဖြစ်လွယ်ပါတယ်။

ခန္ဓာကိုယ်ထဲမှာ ပိုက်ကို တာရှည်စွာတပ်ဆင်ထားရသူတွေ၊ ဥပမာ- ဆေးသွင်းပိုက်၊ ဆီးပိုက်တပ်ထားရတာ၊ အစာသီးတတ်သူတွေနဲ့ သီးတဲ့အရည်တွေကို စုပ်ထုတ်တဲ့အခါ ချွဲစုပ်တဲ့ ပိုက်က တစ်ဆင့် အဆုတ်ကိုပိုးဝင်တာနဲ့ အိပ်ရာထဲတာရှည်လဲနေတဲ့ လူနာတွေ၊ လှဲနေတာ ကြာပြီဖြစ်လို့ အိပ်ရာနာ ဖြစ်သူ၊ မီးပူလောင်နာရှိသူတွေ၊ ခွဲစိတ်ထားတဲ့သူတွေမှာ ပိုးဝင်တာဖြစ်တတ်ပါတယ်။ ဖြစ်ရင် အတော်သည်းပြီး အသေအပျောက်နှုန်း များလေ့ရှိပါတယ်။ ဒါပေမဲ့ ဆေးရုံမှာမဟုတ်ဘဲ သာမန်ကျန်းမာနေတဲ့သူတွေမှာလည်း ရှားရှားပါးပါး ဖြစ်နိုင်ပါတယ်။

မသန့်တဲ့ ရေသုံးမိရင်၊ မသန့်တဲ့ ရေမှာကူးမိရင် ဖြစ်နိုင်ပါတယ်။ ဒီလိုဆေးရုံပြင်ပမှာ ခုခံအားနည်းစေတဲ့ စပ်ဆေးမှာပါတဲ့ ပရက်နီစလုံးနဲ့ ဒက်ဆာမီသာစုန်းတွေ အများကြီး သောက်ထားသူ/ထိုးထားရသူတွေမှာ ဒီပိုးဝင်နိုင်ပါတယ်။

ဘယ်လိုကုရမလဲ၊ ဘယ်ဆေးရွေးရမလဲ

ဒီရောဂါကို ထိရောက်တဲ့ ပဋိဇီဝပိုးသတ်ဆေးပေးပြီး ကုသရပါမယ်။ ဒါပေမဲ့ အရှေ့မှာဖော်ပြခဲ့သလို ဆေးရုံမှာရှိတဲ့ပိုးတွေကပဋိဇီဝပိုးသတ်ဆေးပေါင်းစုံနဲ့ အကြိမ်ပေါင်းများစွာ တွေ့ဆုံဖူးလို့ ဆေးယဉ်ပါးတဲ့ ပိုးတွေဖြစ်လာကြပါတယ်။ ပိုးသတ်ဆေးများစွာသုံးနေရတဲ့ ဆေးရုံပတ်ဝန်းကျင်မှာ သတ်ရလွယ်ကူတဲ့၊ သိပ်မဆိုးတဲ့ ပိုးတွေသေကုန်ပြီး ပိုးသတ်ဆေးမကြောက်တဲ့ အဆိုးဆုံးပိုးတွေသာ ကြီးစိုးလာပါတယ်။ ဒီဆူဒိုမိုးနတ်စ်ပိုးတွေဟာ ဆေးကိုအမြန်ဆုံး ယဉ်ပါးသွားစေနိုင်တဲ့ အစွမ်းသတ္တိတွေ အပြည့်ရှိတာမို့ ဆေးရုံပတ်ဝန်းကျင်မှာတော့ သူတို့တွေဟာ အများဆုံးနဲ့ အကြာဆုံးရှင်သန်လျက် ခံနိုင်ရည်အရှိဆုံးပိုးတွေ ဖြစ်လာပါတယ်။

ဒါကြောင့် သူတို့ကို သတ်ဖို့အထူးလက်နက်ဖြစ်တဲ့ အားပြင်းတဲ့ပိုးသတ်ဆေးတွေကို တိကျမှန်ကန်အောင် ရွေးချယ်နိုင်ဖို့အတွက် အရင်ဦးဆုံး သွေး၊ သလိပ်၊ ဆီး၊ ပြည် နမူနာတွေကိုယူပြီး ပိုးမွေးထားရပါမယ်။ ပိုးမွေးဖို့ပစ္စည်းကို ဓာတ်ခွဲခန်းပို့ပြီးရင် ကိုယ်ရွေးချယ်ထားတဲ့ဆေးကို စတင်ပေးလို့ရပါတယ်။ ပိုးမမွေးဘဲကုရင် မှောင်မိုက်တဲ့တောနက်ထဲ လမ်းရှာရသူနဲ့ တူလှပါတယ်။

ရှိရှိသမျှ ပဋိဇီဝပိုးသတ်ဆေးကို ယဉ်ပါးနေသော ဆူဒိုမိုးနတ်စ်ပိုးများ

ရွေးချယ်စရာ နည်းပါးရတဲ့အထဲ တချို့လူနာတွေမှာ ဘယ်ပိုးသတ်ဆေးကိုမှ မကြောက်တဲ့ ပိုးတွေဝင်တဲ့ အခြေအနေမျိုး All Resistant တွေလည်း အခုနောက်ပိုင်းမှာ ပိုပြီးအတွေ့များလာပါတယ်။

ဆေးပေါင်းများစွာကို ခုခံနိုင်စွမ်းရှိတဲ့ (Multi-Resistant) ဆူဒိုမိုးနတ်စ်ပိုးတွေဟာ အထူးကြပ်မတ်ဆောင်က လူနာတွေအတွက် အလွန်ဒုက္ခပေးတဲ့ ရောဂါပိုးပဲဖြစ်ပါတယ်။ ဖြစ်ရင်လည်း သေနှုန်းများတတ်ပါတယ်။ ဒီမှာတင်မကပါဘူး။ အမေရိကနိုင်ငံမှာ တစ်နှစ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုကြောင့်ရရှိတဲ့ ဆူဒိုမိုးနတ်စ်ပိုးဝင်တဲ့ရောဂါ (Pseudomonas Aerugenosa Infection) ငါးသောင်းတစ်ထောင်ခန့် ရှိတယ်လို့ သိရပါတယ်။ ဒီအထဲက ခြောက်ထောင်ကျော် (၁၃ ရာခိုင်နှုန်း)ဟာ ဆေးများစွာကို ခုခံနိုင်စွမ်းရှိတဲ့ ပိုးတွေကြောင့်ဖြစ်ပြီး ဒီအထဲက တစ်နှစ်မှာ လူ ၄၀ဝ ကျော် သေပျောက်နှုန်းရှိပါတယ်။

ပဋိဇီဝပိုးသတ်ဆေး အသုံးပြုတာရဲ့ လမ်းညွှန်ချက်၊ စည်းကမ်းသတ်မှတ်ချက်တွေကို တိကျစွာထားရှိပြီး လိုက်နာကျင့်သုံးမှသာ ဒီဆူဒိုမိုးနတ်စ်ပိုးတွေရဲ့ရန်ကို ရှောင်နိုင်မှာဖြစ်ပါတယ်။ ပိုးသတ်ဆေးကြီးတွေ ဒါမှမဟုတ် ပိုထိရောက်တဲ့ ဆေးပြင်းတွေ မလိုအပ်ဘဲ သုံးနေကြတဲ့အတွက် ဆေးရုံမှသာမက ဆေးရုံပြင်ပတွေ မှာလည်း ဒီလိုဆေးယဉ်ပါးမှုတွေ အဖြစ်များလာပါတယ်။

ဘယ်လို ကာကွယ်ရမလဲ

ဆေးရုံတွေမှာ ဆူဒိုမိုးနတ်စ်ပိုးတွေဟာ လူနာတွေကိုကိုင်တွယ်တဲ့ ဆေးဝန်ထမ်းတွေရဲ့ လက်ကတစ်ဆင့် လူနာတစ်ဦးက တစ်ဦးကို ကူးစက်သွားတာဖြစ်ပါတယ်။ ဒါမှမဟုတ် သေချာစွာ ပိုးသတ်မထားတဲ့ ပစ္စည်းကိရိယာတွေသုံးမိရင် ပတ်ဝန်းကျင်မှာရှိတဲ့ ပိုးတွေဟာ အသုံးပြုတဲ့ ပစ္စည်းတွေကတစ်ဆင့် ကိုယ်တွင်းကို ဝင်ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် ဆေးရုံတွေမှာ နေ့စဉ် ပိုးတွေမကူးစက်အောင် ထိန်းသိမ်းကာကွယ်တဲ့ လုပ်ငန်းစဉ်တွေကို အထူးကြပ်မတ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဥပမာ- လက်ခဏခဏဆေးတာ၊ လက်ကို နည်းစနစ်မှန်အတိုင်း သန့်စင်အောင်ဆေးတာ၊ လက်ဆေးဖို့လွယ်ကူအောင် ဖန်တီးထားတာ၊ လက်ဆေးဖို့ ရေလုံလောက်အောင် ဆောင်ရွက်တာ၊ တစ်ခါသုံး လက်အိပ်စွပ်တာ၊ ပတ်ဝန်းကျင်သန့်ရှင်းအောင် ဆောင်ရွက်တာ၊ ပိုးသန့်ပြီးသား တစ်ခါသုံးပစ္စည်းတွေကိုသုံးတာ၊ အပူပေးပြီး ပိုးသတ်ထားပြီးဖြစ်တဲ့ ကိရိယာတွေကိုသုံးတာ စတဲ့နည်းတွေနဲ့ ဒီဆူဒိုမိုးနတ်စ်ပိုးတွေကို ကာကွယ်နိုင်ပါတယ်။

ပဋိဇီဝပိုးသတ်ဆေး အသုံးပြုတာရဲ့ လမ်းညွှန်ချက်၊ စည်းကမ်းသတ်မှတ်ချက်တွေကို တိကျစွာထားရှိပြီး လိုက်နာကျင့်သုံးမှသာ ဒီဆူဒိုမိုးနတ်စ်ပိုးတွေရဲ့ ရန်ကိုရှောင်နိုင်မှာ ဖြစ်ပါတယ်။ ပိုးသတ်ဆေးကြီးတွေ ဒါမှမဟုတ် ပိုထိရောက်တဲ့ ဆေးပြင်းတွေမလိုအပ်ဘဲ သုံးနေကြတဲ့အတွက် ဆေးရုံမှသာမက ဆေးရုံပြင်ပတွေမှာလည်း ဒီလိုဆေးယဉ်ပါးမှုတွေ အဖြစ်များလာပါတယ်။ ဒါပေမဲ့ ပိုးဆိပ်တွေပြန့်ပြီး အခြေအနေဆိုးရွားတဲ့အဆင့်နဲ့ ဆေးရုံတက်လာရင်တော့ ပိုးတွေက ဆေးယဉ်ပါးတဲ့ပိုးတွေကြောင့် ဖြစ်ဖို့များတဲ့အတွက် ဆေးကြီးကိုစရပါမယ်။ ဒီလိုမှမဟုတ်ရင် အသေအပျောက်နှုန်းများပါလိမ့်မယ်။

Most Popular

Healthy Life Ad
To Top