Healthy Life Ad
Health Tips

စမတ်ဖုန်းအလွန်အမင်းသုံးခြင်း၏ ဘေးထွက်ဆိုးကျိုး ငါးသွယ်

ကိုမိုး

ကျွန်တော်တို့က နည်းပညာခေတ်ထဲမှာ ရှင်သန်နေထိုင်နေကြတာပါ။ ဘယ်လိုအလုပ်မဆို ကွန်ပျူတာနဲ့ တခြားနည်းပညာတွေ လိုအပ်သလို လက်ကိုင်ဖုန်းမရှိရင်လည်း အဆင်မပြေသလို ဖြစ်လာနေပါပြီ။ စမတ်ဖုန်းတွေကို ကြာကြာသုံးရင် ခန္ဓာကိုယ်မှာမကောင်းတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။

ကိုယ်ဟန်အနေအထားနှင့် လည်ပင်းဒဏ်ဖြစ်ခြင်း
ဖုန်းကို အကြာကြီး ငုံ့ကြည့်လိုက်၊ ခန္ဓာကိုယ်ကို လျှောထိုင်လိုက်လုပ်တာကြောင့် လည်ပင်းနဲ့ နောက်ကျောကို ထိခိုက်စေနိုင်ပါတယ်။  ဆယ်ကျော်သက်အရွယ်မှာ စမတ်ဖုန်းကြာကြာသုံးတာကြောင့် ကိုယ်ဟန်အနေအထား ထိခိုက်တတ်ပြီး လူကြီးတွေမှာ စမတ်ဖုန်းကြာကြာသုံးရင် ခါးနာတတ်ပါတယ်။ လက်ကိုင်ဖုန်းသုံးတဲ့အခါ လျှောထိုင်တာနဲ့ ဖုန်းကို ငုံ့ကြည့်တာတွေကြောင့် လည်ပင်းနဲ့ ခါးတစ်ဝိုက်က ကြွက်သားတွေကို ဒဏ်ဖြစ်စေနိုင်တာပါ။
ဖုန်းကို ပေါင်ပေါ်တင်ပြီး သုံးမယ့်အစား မျက်စိနဲ့ တစ်တန်းတည်းအနေအထားမှာ အသုံးပြုပေးရင် လည်ပင်းနဲ့ ခါးမှာ ဒဏ်သက်ရောက်မှု လျော့ကျနိုင်ပါတယ်။

အိတ်ကပ်ထဲက ဖုန်းတုန်ခါသည်ဟု အမြဲထင်နေခြင်း
ဖုန်းမလာဘဲနဲ့ အိတ်ကပ်ထဲထည့်ထားတဲ့ ဖုန်းက တုန်ခါနေတယ်လို့ မကြာခဏထင်နေပါသလား။ အဲဒါကို Phantom Pocket Vibration Syndrome လို့ခေါ်ပါတယ်။ အထူးသဖြင့် မက်ဆေ့ချ်စောင့်နေသူတွေ၊ လူမှုကွန်ယက်တွေနဲ့ ချိတ်ဆက်ထားသူတွေက ဖုန်းမတုန်ခါဘဲနဲ့ တုန်ခါတယ်လို့ ထင်နေတတ်ပါတယ်။ ဖုန်းကို အိတ်ကပ်ထဲထည့်မယ့်အစား အိတ်ထဲပြောင်းထည့်ထားပါ။ ဒါမှသာ ဖုန်းတုန်ခါတယ်လို့ထင်ပြီး မကြာခဏဆိုသလို မစစ်ဆေးမိတော့မှာ ဖြစ်ပါတယ်။

ဖုန်းမရှိမှာ ကြောက်ရွံ့ခြင်း
တချို့လူတွေက ဖုန်းမရှိမှာကြောက်ရွံ့တဲ့ ဝေဒနာ(Nomophobia) ခံစားနေရပါတယ်။ အဲဒီလိုဖုန်းမရှိမှာ ကြောက်ရွံ့တ ဲ့ဝေဒနာဖြစ်ရင်တွေ့ရတတ်တဲ့ လက္ခဏာတွေက ဖုန်းကို ထပ်ခါတလဲလဲ စစ်ဆေးတာ(ဖုန်းယူခဲ့မိရဲ့လား၊ ပျောက်သွားပြီလား)၊ ဖုန်းပျောက်မှာကို အလွန်အမင်း စိုးရိမ်တာတို့ဖြစ်ကြပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ၊ အသက်ပြင်းပြင်း ရှူသွင်း/ရှူထုတ်လုပ်တာစတဲ့ နည်းတွေနဲ့ ဖုန်းပျောက်မှာ စိုးကြောက်တဲ့ ဝေဒနာကိုသက်သာအောင် လုပ်ဆောင်နိုင်ပါတယ်။

လက်ချောင်းနှင့် တံတောင်ဆစ်ဝေဒနာ
ဖုန်းနဲ့ ဂိမ်းဆော့လွန်းတာ၊ စာရိုက်လွန်းတာနဲ့ ဖုန်းစကရင်ကို အောက်ဆွဲချလွန်းတာတွေကြောင့် လက်ချောင်းနဲ့ လက်ဖျံကြွက်သားတွေကို ထိခိုက်စေနိုင်ပါတယ်။ လက်ညှိုးဆိုရင် ထုံကျဉ်တဲ့ ဝေဒနာ ဖြစ်တတ်ပါတယ်။ လက်နဲ့ လက်ချောင်းတွေ ဒဏ်သက်ရောက်မှု ဖြစ်နေရင်ဆွဲဆန့်လေ့ကျင့်ခန်းကို လုပ်ဆောင်ပေးပါ။

ကွန်ပျူတာကြောင့် မျက်စိအမြင်အာရုံဝေဒနာ
ဖုန်းကို နာရီနဲ့ချီပြီး သုံးတာကြောင့် မျက်စိညောင်းတာ၊ ခေါင်းမူးတာ၊ မျက်စိခြောက်တာ၊ အမြင်ဝေ၀ါးတာနဲ့ မျက်စိမသက်မသာဖြစ်တာစတဲ့ ဝေဒနာတွေဖြစ်တတ်ပါတယ်။ ဖုန်းမှာပါတဲ့ စာလုံးငယ်တွေကြောင့် မျက်စိဒဏ်ဖြစ်ပြီး လည်ပင်းကြွက်သားတွေပေါ် ဖိအားကျရောက်ရာက ခေါင်းကိုက် ရတတ်ပါတယ်။
ကွန်ပျူတာ၊ ဖုန်းနဲ့ တက်ဘလက်တွေကို သင့်မျက်စိနဲ့ ၁၆ လက်မအကွာထားပြီး သုံးရပါမယ်။ တစ်ခါသုံးတိုင်း နာရီဝက်ကြာရင် မျက်စိကို စုံမှိတ်ပြီး ခဏတာ အနားပေးရပါမယ်။

Ref; HD

Most Popular

Healthy Life Ad
To Top