Healthy Life Ad
Life Style

ကျွန်မ သေတော့မှာလား . . .

ဒေါက်တာဦးဇော်စိန်လွင် (ဆေးရုံအုပ်ကြီး-ငြိမ်း၊ စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံခြင်း

မနီမိုး အခုတလော သွားကိုက်နေပါတယ်။ သွားကိုက်ပေမယ့် မနီမိုး ကျိတ်ခံစားရနေရတယ်။ သွားကိုက်တဲ့ ဝေဒနာကြောင့် ဘာကိုမှလည်း မစားနိုင်၊ မသောက်နိုင် . . တစ်ချိန်လုံး ပါးတစ်ခြမ်းကိုဖိပြီး နာကျင်တဲ့ဝေဒနာကို အပြင်းအထန် ခံစားနေရတော့တယ်။ မနီမိုးရဲ့ ရှုံ့မဲ့ညည်းညူနေတဲ့ပုံစံကို မြင်တဲ့အခါ သူ့ခင်ပွန်းဖြစ်သူ ကိုတွတ် က –

“သွားဆေးခန်းသွားပြပါလားကွာ၊ မင်းဒီလောက်နာနေတဲ့ဟာ . . ကိုယ်လိုက်ပို့မယ်”
“အို . . နေပါစေတော် . . ထိုင်နေ အကောင်းသား၊ ထသွားမှ . . .” မနီမိုး ဆက်မပြောတော့ဘဲ သွားပိုနာလာ တာကြောင့် ပါးတစ်ခြမ်းကို လက်နဲ့အမြန်ဖိလိုက်တော့တယ်။ မနီမိုးပြောတဲ့ ထိုင်နေအကောင်းသားဆိုတဲ့ စကား ကိုတွတ် နားမလည်။ မနီမိုးပဲ သိတယ် . . မနီမိုးစိတ်ထဲမှာ သွားကိုက်လို့ သွားဆေးခန်းသွားပြရင်လည်း ဘီပိုး၊ စီပိုး ကူးမှာလား၊ HIV ပိုးကူးမှာလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ တွေးကြောက်နေတယ်လေ . . မနီမိုးရဲ့ ကြောက်စိတ် ကိုသိသွားတဲ့အခါ ကိုတွတ်က”အဓိပ္ပာယ်မရှိတာမိန်းမကလဲ . .

သွားဆေးခန်းတွေက သေချာသန့်စင်ထားတာ . . ဘာမှမဖြစ်ဘူး၊ ငါဆို သွားဖာလိုက်၊ သွားနုတ်လိုက်လုပ်နေတာ ဘယ်လောက်ကြာနေပြီလဲ . .” လို့ တွင်တွင် ပြောပေမယ့် မနီမိုးနားထဲမဝင် . . သူ့စိတ်ထဲ ကြောက်စိတ်တွေက ကြီးစိုးနေတယ်လေ. .
မနီမိုးကို ဘယ်လိုမှ ပြောလို့မရမှန်း သိသွားတော့မှ ကိုတွတ် . . သူ့မိန်းမအကြောင်း ပြန်စဉ်းစားမိတော့တယ်။ သူက သွားဆေးခန်းသွားပြရမှာ တစ်ခုတည်းကိုပဲ ကြောက်တာမှမဟုတ်ဘဲ . . တစ်ချိန်လုံး သူ့ကိုယ်သူရောဂါ ဖြစ်တယ်ထင်ပြီး အမြဲကြောက်နေခဲ့တာ . .

ကျွန်မ ဦးနှောက်ထဲမှာ ကင်ဆာအကျိတ်ဖြစ်နေပြီ ထင်တယ် . . ခေါင်းက တရှိန်းရှိန်းနဲ့ သွေးကြောတွေ ထိခိုက်နေပြီထင်တယ်၊ ကျွန်မ ရောဂါကြီးကြီးမားမား ဖြစ်နေပြီနေမှာ . .၊ ကျွန်မ သေတော့မှာလားပဲ၊ ကျွန်မ သေသွားရင် …

ခေါင်းကိုက်ပြီဆိုရင်တောင်-
“ကျွန်မ ဦးနှောက်ထဲ ဘာတွေဖြစ်နေပြီလဲ မသိဘူး၊ ကျွန်မ ဦးနှောက်ထဲမှာ ကင်ဆာအကျိတ်ဖြစ်နေပြီ ထင် တယ် . . ခေါင်းက တရှိန်းရှိန်းနဲ့ သွေးကြောတွေ ထိခိုက်နေပြီ ထင်တယ်၊ ကျွန်မ ရောဂါကြီးကြီးမားမား ဖြစ်နေပြီနေမှာ . . ၊ ကျွန်မ သေတော့မှာလားပဲ၊ ကျွန်မ သေသွားရင် ကလေးနှစ်ယောက်နဲ့ ရှင် . . ဘယ်လိုလုပ်မလဲ”

အဲဒီလို တောင်စဉ်ရေမရ ခရားရေလွတ် တတွတ်တွတ်ပြောရင်း အကြောက်ကြီး ကြောက်နေရှာတဲ့ မနီမိုးကို ကိုတွတ် ဖေးမဖို့ လက်တွေကိုင်လိုက်တော့လည်း လက်တွေက အေးစက်စိုထန်းလို့ . .မနီမိုးရဲ့ ရောဂါကြောက် စိတ်ကို နှစ်သိမ့်လို့လည်းမရ၊ ဖြေသိမ့်ပေးလို့လည်းမရနဲ့ ဘာလုပ်ပေးလို့ လုပ်ပေးရမှန်းတောင် မသိလောက် အောင် ကိုတွတ် ဖြစ်နေရတော့တယ်။ ဒါကြောင့် မနီမိုး မသိအောင် စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီးနဲ့ လာရောက်တွေ့ဆုံပြီး မနီမိုးဟာ စိတ်ရောဂါဖြစ်နေတာလားဆိုပြီး ကိုတွတ် ဆွေးနွေးတိုင်ပင်ခဲ့ပါတော့တယ်။
—–
ဒီလူနာကို စိတ်ရောဂါအနေနဲ့ သတ်မှတ်လို့ မရသေးပေမယ့် စိတ်ကျန်းမာရေးအရ ဝေဒနာတစ်ခု ခံစားနေရ တယ်ဆိုတာ အကြမ်းဖျဉ်းတော့ ပြောလို့ရပါတယ်။ အဲဒါက စိုးရိမ်ကြောင့်ကြစိတ်ကနေ နောက်တစ်ဆင့် ကြောက်ရွံ့စိတ် (Phobia)ကို ပြောင်းသွားတာမျိုးပါ။ Phobia ဆိုတာ သာမန်အခြေအနေ/ သာမန်အကြောင်း အရာ/ သာမန်ပစ္စည်းသော်လည်းကောင်း၊ သာမန်သတ္တဝါသော်လည်းကောင်း ပြင်းထန်တဲ့ တုန့်ပြန်မှုနဲ့ သူရဲ့ရပ် တည်မှုနဲ့ တည်ငြိမ်မှုပျက်စီးမှာကို စိုးရိမ်ကြောင့်ကြစိတ်များတာကို ဆိုလိုပါတယ်။

Phobia က အတွေးကြောင့်စဖြစ်တယ်၊ အာရုံကြောင့်လည်း ဖြစ်တယ်၊ အတွေးက သူလေ့လာထားတာနဲ့ ဗဟုသုတတွေကတစ်ဆင့်၊ အတွေ့အကြုံကတစ်ဆင့် အကုန်ပြောင်းလဲပြီး စိုးရိမ်ကြောင့်ကြစိတ် လွန်ကဲမှု ဖြစ်သွားတဲ့အခါ Phobia ဆိုတဲ့ ကြောက်ရွံ့စိတ်ပေါ်လာပါတော့တယ်။

တစ်ခါတုန်းက ပုဂ္ဂိုလ်တစ်ယောက်က လမ်းသွားရင်းနဲ့ ခြေထောက်မှာ တစ်စုံတစ်ခု စူးမိသွားတယ်၊ အဲဒီအခါ ခြေဖဝါးရှပြီး အနာဖြစ်သွားတယ် . . သူက ကျန်းမာရေး အသိပညာဗဟုသုတကြွယ်ဝတဲ့ သူဖြစ်တဲ့အတွက် ဒီလို စူးရှမိတာက ဒီအတိုင်းထားရင် အနာရင်းနိုင်တယ်၊ အဆိုးဆုံးကတော့ လမ်းပေါ်မှာဖြစ်တဲ့အတွက် မေးခိုင်ပိုး ဝင်နိုင်တယ်လို့ သူကသတိရလိုက်တယ်။ ဒါနဲ့ နီးစပ်ရာ ဆေးခန်းတစ်ခုကိုဝင်ပြီး အနာကိုသေချာပြတယ်။ အနာကို ဆေးကြောသန့်စင်ပြီး မေးခိုင်ကာကွယ်ဆေးထိုးလိုက်တယ်။ သူက အိမ်ပြန်လာခဲ့တယ်။

ဒီအဖြစ် အပျက်က အခုခေတ်မဟုတ်ဘဲ လွန်ခဲ့တဲ့ ၂၅ နှစ်လောက်ကဆိုတော့ အခုလို တစ်ခါသုံးဆေးထိုးအပ်တွေက ပေါပေါများများ၊ လွယ်လွယ်ကူကူမဖြစ်ဘူး၊ အဲဒီအချိန်တုန်းက အပ်တွေကိုရေနွေးဆူဆူနဲ့ပြုတ်ပြီး ပြန်သုံးတဲ့ အလေ့အထရှိခဲ့တယ်။ အဲဒီလူက နိုင်ငံတကာ ဗဟုသုတလည်းရှိတဲ့သူဖြစ်တော့ အိမ်ရောက်တော့မှ ပြန်စဉ်း စားတယ်၊ အဲဒီဆေးခန်းက လူနာအတော်များတယ်၊ အဲဒီအချိန်တုန်းက HIV ပိုးဆိုတာ မြန်မာနိုင်ငံမှာ စပေါ်ခါစဖြစ်တော့ အားလုံးက ကြောက်ရွံ့နေကြတယ်၊ ဒီလူက အတော်လေ့လာထားတဲ့သူဖြစ်တော့ မသန့်တဲ့ သွေးကနေ HIV ပိုးကူးတယ်၊ မသန့်တဲ့ ဆေးထိုးအပ်ကနေကူးတယ် စသဖြင့် သိထားတဲ့အတွက် သူ့ကိုထိုးတဲ့ ဆေးထိုးအပ်က တစ်ခါသုံးလား၊ ပြုတ်ပြီး ပြန်သုံးထားတာလား . . သူဇဝေဇဝါ ဖြစ်နေတယ်။

ဆေးခန်းရဲ့ တည်နေရာကလည်း လူအများ ဝင်ထွက်ကုသနေတဲ့ နေရာမျိုးဖြစ်တော့ ငါ့ရှေ့ ကနေ HIV ပိုးရှိတဲ့ လူနာ တစ်ယောက် ဆေးထိုးပြီး ငါ့ကိုထိုးမိရင် ဒုက္ခ . . ငါတော့ HIV ပိုးကူးတော့မှာပဲ . . လို့ တွေးကြောက်နေတော့ တယ်။ အဲဒီအချိန် တုန်းက HIV လတ်တလော ကာကွယ်ဆေးဆိုတာလည်း မပေါ်သေးဘူး၊ ကာကွယ်ကုသတဲ့ ဆေးဝါးဆိုတာလည်း မရှိသေးဘူး၊ HIV ဆိုတာ ကုရာနတ္ထိ ဆေးမရှိ သေမိန့်အဖြစ် လက်ခံထားရတဲ့ အခြေအနေမျိုး အသိဝင်နေချိန်လည်း ဖြစ်နေခဲ့တယ် . . အဲဒီအခါ သူ့မှာ စိုးရိမ်စိတ်၊ ကြောက်ရွံ့စိတ်ဖြစ်ပြီး အိမ်မှာ သူ့မိသားစုနဲ့ ကင်းကင်းနေတယ်၊ မိသားစုကို ကူးမှာစိုးလို့ဆိုပြီး သူတစ်ယောက်တည်း အားလုံးသီးသန့် နေပစ်လိုက်တယ်၊ အလုပ်ကော ပတ်ဝန်းကျင်ကော အားလုံးကို ရှောင်ဖယ်၊ ရှောင်ဖယ် လုပ်ပစ်လိုက်တယ်၊ ဒီလိုနေတော့တယ်။

ဒီလို အဖြစ်အပျက်မျိုး သူတစ်ယောက်တည်းကျမှ ဖြစ်တာလားဆိုတော့ မဟုတ်ပါဘူး။ ဒုတိယကမ္ဘာစစ်ပြီးချိန် အမေရိကန်မှာ အချမ်းသာဆုံး သူဌေးကြီးတစ်ယောက်ရှိတယ်။ အဲဒီသူဌေး Howard ကိုယ်တိုင်လည်း အဲဒီလိုပဲ . . အတွေးကနေ တဖြည်းဖြည်း ကြောက်စိတ်ဝင်ပြီး လူသူဝေးရာ ကျွန်းပေါ်က ပိုးသတ်ထားတဲ့ အခန်းထဲမှာ နေနေခဲ့တယ်။ အဝတ်အစားကတစ်ဆင့် သူ့ဆီကိုရောဂါပိုးကူးမှာ စိုးတဲ့အတွက် ကိုယ်တုံးလုံးနေသွားခဲ့တော့ တယ်။

ဒါတွေက ကြောက်စိတ်ကြောင့်ဖြစ်တဲ့ ဝေဒနာတွေပါ။ ကြောက်စိတ်ကို ဖြေဖို့က –
(၁) မှန်ကန်တဲ့ ဗဟုသုတ ရှိရပါမယ်၊
(၂) ဗဟုသုတရှိပြီး ပြီးပြည့်စုံတဲ့လေ့လာမှု၊ ဆွေးနွေးတိုင်ပင်မှု ရှိရပါမယ်။
(၃) အမှန်တရားကိုလည်း လက်ခံနိုင်တဲ့အခြေအနေမျိုး ရှိရပါမယ်။

အတွေးလွန်နေတာကို အမှန်တရားလို့ ထင်နေရင် အဲဒါကိုဘယ်လိုမှပြင်ဖို့မလွယ်ပါဘူး။ ဒါကြောင့် မှန်ကန်တဲ့ အချက်အလက်နဲ့ ကိုယ့်အတွေးကို ယထာဘူတကျကျ လက်ခံဆွေးနွေးရပါမယ်။ နေရာတကာ ကြောက်တာကို စိုးရိမ်စိတ်လွန်ကဲပြီး ကြောက်ရွံ့စိတ်များတာလို့ခေါ်ပါတယ်။ ဒါတွေကိုလည်း စိတ်ပိုင်းဆိုင်ရာကုထုံးတွေ အများကြီး ရှိပါတယ်။ ဘေးလူက နည်းလမ်းပြပေမယ့် ကာယကံရှင်ကိုယ်တိုင်က လွန်မြောက်အောင် ကြိုးစားချင်စိတ်ရှိဖို့ လိုပါတယ်။ ဒါမှသာ အောင်မြင်မှာဖြစ်ပါတယ်။

ကြိုးစားချင်စိတ်ရှိရုံတင် မရပါဘူး။ မဖြစ်မနေ တွန်းလှန်ရပါမယ်၊ ဆန့်ကျင်ရဲရပါမယ်၊ အောင်မြင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ပြီးမြောက်အောင် နည်းလမ်းတကျ ကြိုးစားရပါမယ်၊ လိုအပ်ရင် စိတ်ပိုင်းဆိုင်ရာ ကုထုံးနဲ့ တစ်ခါတစ်ရံ ဆေးဝါးတချို့ လိုအပ်ပါတယ်။

Most Popular

Healthy Life Ad
To Top