Healthy Life Ad
Life Style

မျက်စိကိုက်ခြင်း၏ နောက်ကွယ်မှာ . . .

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံခြင်း

မေး. မျက်စိကိုက်ရတဲ့ အကြောင်းရင်းတွေကို သိပါရစေဆရာ။
ဖြေ. မျက်စိကိုက်တာက အကြောင်းအမျိုးမျိုးရှိပါတယ်။ ဒီပြဿနာဟာ ဆရာတို့ မျက်စိအထူးကုဆရာဝန်တွေ နေ့တိုင်း ကြုံတွေ့နေရတဲ့ ပြဿနာလည်းဖြစ်ပါတယ်။ မျက်စိကိုက်တာက တကယ်ရောဂါမရှိဘဲ ခေါင်းကိုက်တဲ့ ဒဏ် (Strain) ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တကယ်ရောဂါရှိပြီးတော့ မျက်စိကိုက်တာလည်း ဖြစ်နိုင်ပါတယ်။

မေး. ရောဂါကြောင့် မျက်စိကိုက်တဲ့အခြေအနေမှာ ဘယ်လိုရောဂါတွေကြောင့် မျက်စိကိုက်တတ်ပါသလဲဆရာ။
ဖြေ. ရောဂါကြောင့် မျက်စိကိုက်ရတယ်ဆိုရင် ရှိနိုင်တဲ့ရောဂါတွေက ရေတိမ်ရောဂါ (Glaucoma)၊ မျက်ကြည်လွှာရောဂါ (Corneal Disease)နဲ့ Intraocular Disease တွေကြောင့် ဖြစ်တတ်ပါတယ်။

မျက်လုံးက မျက်နှာရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် မျက်နှာနာကျင်မှုဖြစ်ရင် Referred Pain အနေနဲ့ မျက်စိကိုက်ခဲမှုဖြစ်တတ်ပါတယ်။ ဆိုလိုတာက ထိပ်ကပ်နာ (Sinusitis) ဖြစ်ရင်လူနာက မျက်စိနာတယ် လို့ထင်ကြပါတယ် …

မေး. ရောဂါကြောင့်မဟုတ်ဘဲ မျက်စိကိုက်ရတဲ့ အခြေအနေတွေကိုလည်း သိပါရစေဆရာ။
ဖြေ. ရောဂါမရှိဘဲ မျက်စိကိုက်တတ်တဲ့ အခြေအနေတွေကတော့ –

– မျက်နှာပြင် နာကျင်ကိုက်ခဲမှု
မျက်လုံးက မျက်နှာရဲ့အစိတ်အပိုင်း တစ်ခုဖြစ်တဲ့အတွက် မျက်နှာနာကျင်မှုဖြစ်ရင် Referred Pain အနေနဲ့ မျက်စိကိုက်ခဲမှု ဖြစ်တတ်ပါတယ်။ ဆိုလိုတာက ထိပ်ကပ်နာ(Sinusitis) ဖြစ်ရင် လူနာက မျက်စိနာတယ်လို့ ထင်ကြပါတယ်။ Trigeminal Neuralgia ဆိုတဲ့ Trigeminal Nerve တွေ နာကျင်ရင်လည်း မျက်စိနာတယ်လို့ ထင်တတ်ပါတယ်။ နောက်တစ်ခုက သွားကိုက်ရင်လည်း မျက်စိကိုက်တယ်လို့ ထင်တတ်ပါတယ်။

– ခေါင်းကိုက်ခြင်း
ခေါင်းကိုက်ရင်လည်း မျက်စိကိုက်တယ်လို့ တချို့လူတွေက ပြောကြပါတယ်။ ခေါင်းကိုက်တာကို မသိဘဲ မျက်စိကိုက်တယ်လို့ထင်ကြတဲ့ လူနာတွေလည်း ရှိပါတယ်။ နောက်တစ်ခုက ခေါင်းတစ်ခြမ်းကိုက်တဲ့ရောဂါ (Migraine) ကြောင့်လည်း မျက်စိနာတယ်လို့ တချို့ကထင်ကြပါတယ်။

– စိတ်ပိုင်းဆိုင်ရာ အခြေအနေ
ဘာရောဂါမှမရှိဘဲ ဇက်ကြောတက်၊ ခေါင်းကိုက်တဲ့ဒဏ် (Strain) ကြောင့်လည်း မျက်စိကိုက်တယ်လို့ ထင်ကြပါတယ်။

မေး. မျက်စိကိုက်တာကို ဘယ်နှမျိုးခွဲခြားလို့ ရပါသလဲဆရာ။
ဖြေ. မျက်စိနာကျင်ကိုက်ခဲမှုကို နှစ်ပိုင်းခွဲလိုက်ရင် Organic Lesion နဲ့ Functional Lesion ဆိုပြီး နှစ်မျိုးရှိပါတယ်။ တကယ် မျက်စိရောဂါရှိတာက Organic Lesion ဖြစ်သလို ထိပ်ကပ်နာ၊ သွားကိုက်တာ၊ နာ့ဗ်ကြောရောင်တာတွေကလည်း Organic Lesion ဖြစ်ပါတယ်။ ဇက်ကြောတက်ပြီး ခေါင်းကိုက်ရာက မျက်စိကိုက်တာက စိတ်ပိုင်းဆိုင်ရာအခြေအနေဖြစ်လို့ Functional Lesion ဖြစ်ပါတယ်။

မေး. ခေါင်းကိုက်တာကြောင့် မျက်စိကိုက်တဲ့အကြောင်းကို သိပါရစေဆရာ။
ဖြေ. ခေါင်းကိုက်တာက နှစ်မျိုးရှိပါတယ်။ တင်းအား (Tension)ကြောင့် ခေါင်းကိုက်တာကလည်း Functional Lesion အပိုင်းဖြစ်ပါတယ်။ ဦးနှောက်ထဲမှာ ရောဂါတစ်ခုခုကြောင့် ခေါင်းကိုက်တယ်၊ ခေါင်းတစ်ခြမ်းကိုက် ရောဂါ (Migrain)ကြောင့် မျက်စိကိုက်တယ်ဆိုရင် Organic Lesion ဖြစ်ပါတယ်။

မေး. မျက်စိကိုက်လို့ရောက်လာရင် မျက်စိဆရာဝန်တွေအနေနဲ့ ဘယ်လိုစစ်ဆေးရပါသလဲဆရာ။
ဖြေ. ဆရာတို့တာဝန်က လူနာတစ်ဦး မျက်စိကိုက်ပြီး ရောက်လာပြီဆိုရင် Organic Lesion ကြောင့် လားဆိုတာနဲ့ Functional Lesion ကြောင့်လား ဆိုတာကို ခွဲခြားရပါတယ်။ Organic Lesion ကြောင့် မျက်စိကိုက်တယ်ဆိုရင် ဖြစ်တဲ့အခြေခံရောဂါအပေါ်မူတည်ပြီး သက်ဆိုင်ရာ အထူးကုဆရာဝန်ဆီကို လွှဲပေးရပါတယ်။ အထူးသဖြင့် နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု ဆရာဝန်တွေ၊ ဦးနှောက်နှင့် အာရုံကြောအထူးကု ဆရာဝန်တွေဆီကို လွှဲပေးရတတ်ပါတယ်။

မေး. မျက်စိကိုက်တဲ့ လူနာတွေက တခြားဆရာဝန်တွေဆီကို သွားပြတာမျိုး ဖြစ်တတ်ပါသလားဆရာ။
ဖြေ. တစ်ခါတလေကျတော့ လူနာက ဘာအကြောင်းမှမရှိဘဲ ဇက်ကြောတက်၊ ခေါင်းကိုက်ရာက မျက်စိကိုက် တာတွေရှိပါတယ်။ ဒါက Functional Lesion အပိုင်းဖြစ်ပါတယ်။ ဒါဆိုရင်လူနာတွေကို နှစ်သိမ့်ဆွေးနွေးရ ပါတယ်။ မျက်စိကိုက်တယ်ဆိုတဲ့ အကြောင်းက တကယ်တော့ကျယ်ပြန့်ပါတယ်။ ဆရာတို့ဆီကိုလည်း ဒီလို မျက်စိကိုက်ပြီး ရောက်လာတဲ့ လူနာတွေများသလို ဦးနှောက်နှင့်အာရုံကြောအထူးကု ဆရာဝန်တွေဆီကိုလည်း အများကြီး လာပြကြပါတယ်။

မျက်စိကိုက်ရတာက အင်မတန်လွယ်ကူတဲ့နည်းဖြစ်တဲ့ ကွန်ပျူတာသုံးချိန် မိနစ် ၂၀ ကြာတိုင်း ပေ ၂၀ အကွာ ကို စက္ကန့် ၂၀ ကြာ ငေးကြည့်ပါဆိုတဲ့ ၂၀-၂၀-၂၀ ဆိုတဲ့ စည်းမျဉ်းကို မလိုက်နာကြလို့ ဖြစ်ရတာပဲဖြစ်ပါတယ် …

မေး. ဘယ်လို အခြေအနေတွေကြောင့် မျက်စိကိုက်တဲ့လူနာတွေကို အတွေ့ရများပါသလဲဆရာ။
ဖြေ. ဆရာတို့တွေ့ရတဲ့ လူနာအများစုက ဇက်ကြောတက်၊ ခေါင်းကိုက်ရာက မျက်စိကိုက်တဲ့သူတွေ များပါ တယ်။ လူနာအများစု အဓိက ဒဏ်သက်ရောက်မှုများရတဲ့အကြောင်းက ကွန်ပျူတာသုံးတဲ့အခါ မျက်စိကိုအနားမပေး ဘဲ တရစပ်အသုံးပြုလို့ပဲ ဖြစ်ပါတယ်။ ဒီလို မျက်စိကိုက်ရတာက အင်မတန်လွယ်ကူတဲ့ နည်းဖြစ်တဲ့ ကွန်ပျူတာ သုံးချိန် မိနစ် ၂၀ ကြာတိုင်း ပေ ၂၀ အကွာကို စက္ကန့် ၂၀ ကြာ ငေးကြည့်ပါဆိုတဲ့ ၂၀-၂၀-၂၀ ဆိုတဲ့ စည်းမျဉ်း ကို မလိုက်နာကြလို့ ဖြစ်ရတာပဲဖြစ်ပါတယ်။

ကွန်ပျူတာသုံးသူအများစုက အလုပ်ကို ဇောနဲ့လုပ်ကြတဲ့အခါမှာ ဒီလိုပြတ်တောင်း ပြတ်တောင်းအနားယူရမှာကို မသိကြတာကြောင့်ရော၊ အချိန်မပေးနိုင်တာကြောင့်ရော မနားဖြစ်ကြတာများပါတယ်။ ဒီလိုမနားတဲ့အတွက် မျက်စိကိုက်ပြီး ဆရာဝန်ဆီလာပြကြတဲ့အခါ ကွန်ပျူတာ သုံးလို့ မျက်မှန်တပ်ဖို့လိုနေတာကြောင့် မျက်စိကိုက်တယ်ထင်ပြီး မျက်မှန်ပေးဖို့ ဆရာတို့ကိုပြောကြတယ်။

မေး. မျက်စိကိုက်တာနဲ့ပတ်သက်ပြီး လွဲမှားနေတဲ့ အယူအဆတွေရှိရင် သိပါရစေဆရာ။
ဖြေ. နောက်တစ်ခုလွဲမှားနေတဲ့ အယူအဆတစ်ခုက ကွန်ပျူတာဆိုတာ ဓာတ်ရောင်ခြည် (Radiation) ထွက်တယ်၊ ဒီတော့ မျက်စိမထိခိုက်အောင် မျက်မှန်တစ်လက်တပ်ထားရင် ကောင်းတယ်လို့ ထင်ကြတယ်။ ဒါက လွဲမှားနေတဲ့ အယူအဆပါ။ နောက်တစ်ခုက ဆေးမျက်မှန်ဆိုပြီး ခေတ်စားနေတာလည်း ရှိပါတယ်။ ဒါက ဆလင်ဒါပါဝါ ၂၅ ထည့်ထားတဲ့ မျက်မှန်ပဲ ဖြစ်ပါတယ်။ ဒါကလည်း မလိုပါဘူး။

ဒါပေမဲ့ မျက်စိကိုက်တဲ့ လူနာအများစုက မျက်စိအနားပေးရင် သက်သာတယ်ဆိုတာကို သဘောမကျဘဲ မျက်မှန်တပ်လိုက်ရင် ခံစားမှုကတစ်မျိုးပြောင်းပြီး မျက်စိကိုက်တာ သက်သာတယ်လို့ ထင်သွားကြတာဖြစ်ပါတယ်။
ကွန်ပျူတာ သမားတွေမှာ အလုပ်ကို နင်းကန်လုပ်လို့မျက်စိကိုက်တာပါ။ မျက်စိကို နားသင့်တဲ့ အချိန်မှာ နားပေးလိုက်ရင် ဒဏ်(Strain)ကြောင့် မျက်စိကိုက်တဲ့ ပြဿနာဖြစ်စရာအကြောင်း မရှိတော့ပါဘူး။

မေး. မျက်စိကိုက်တာ သက်သာတယ်ဆိုတဲ့ မျက်စဉ်းဆေးတွေကရော ထိရောက်မှုရှိပါသလား ဆရာ။
ဖြေ. မျက်စဉ်းဆေးအများစုက မျက်စိကိုစုံမှိတ်ပြီး အနားပေးအောင် လုပ်လိုက်တဲ့သဘောပါပဲ။ မျက်စိကိုက်စေတဲ့ အရင်းအမြစ်ကိုတော့ မပျောက်စေနိုင်ပါဘူး။

Most Popular

Healthy Life Ad
To Top