Healthy Life Ad
Life Style

အေးဝတ်ရည်သောင်း၏ ကျန်းမာလှပလူမှုဘဝ

– တစ်နေ့တာအသားအရေ ထိန်းသိမ်းမှုပုံစံလေး သိချင်ပါတယ်။

မနက်စောစော ရေချိုးတယ်။ ရေချိုးပြီးရင် Beauty Water လိမ်းတယ်၊ နေကာခရင်မ်လိမ်းတယ်၊ Primer လိမ်းပြီး မိတ်ကပ်လိမ်းပါတယ်။ တစ်နေကုန်ကျတော့ အစိုဓာတ်ထိန်းနိုင်တဲ့ခရင်မ်လေးတွေ ဖျန်းပါတယ်။ ညဘက်ပြန်လာရင်တော့ မိတ်ကပ်ကိုသေချာ Make-up Remover နဲ့ ဖျက်ပါတယ်။ ပြီးရင် Skin Care အဆင့်ဆင့်ကို စနစ်တကျလိမ်းပါတယ်။ အဓိကအိုင်းခရင်မ်နဲ့ နိုက်ခရင်မ်လိမ်းဖြစ်ပါတယ်။ အေးတဲ့ရာသီဥတုဆိုရင် အစိုဓာတ်များတဲ့လိုးရှင်း ရွေးလိမ်းပါတယ်။

– အသားအရေလှပအောင် အိမ်မှာသဘာဝနည်းနဲ့ ပြုလုပ်လေ့ရှိရင်လည်း ပြောပြပေးပါလား။

တစ်ခါတလေ နွားနို့နဲ့ရေချိုးပါတယ်။ ခြေထောက်ကိုဆားကြမ်းပွတ်ပြီး အပူထွက်အောင်လုပ်ပေးပါတယ်။

– ဆံပင်သားအလှအပကိုကော ဘယ်လိုထိန်းသိမ်းလေ့ရှိပါသလဲ။

ခေါင်းလျှော်ခါနီးတိုင်း ဆံပင်ကိုရှားစောင်းလက်ပပ်နဲ့ သံလွင်ဆီရောလိမ်းပြီး ၁၀ မိနစ် – ၁၅ မိနစ်လောက် ခဏထားထားတယ်။ ပြီးမှ ခေါင်းလျှော်ပါတယ်။

– ခန္ဓာကိုယ်အလှအပကို ဘယ်လိုနည်းလမ်းတွေနဲ့ ထိန်းသိမ်းလေ့ရှိပါသလဲ။

ခန္ဓာကိုယ်အလှအပအတွက် အဓိကအစားအသောက်နဲ့ ထိန်းသိမ်းပါတယ်။ အဆီလျှော့စားပါတယ်၊ ထမင်းလျှော့စားပါတယ်၊ အချိုလျှော့စားပါတယ်။ အထူးသဖြင့် မြန်မာအင်္ကျီဝတ်တဲ့အခါ နည်းနည်းကျပ်တယ်လို့ ထင်လာတဲ့အချိန်မှာ လျှော့စားဖြစ်ပါတယ်။

– ဗိုက်မပူဘဲ ဘယ်လိုအဝတ်အစားနဲ့မဆို လှပကြည့်ကောင်းနေအောင် ထိန်းသိမ်းနေနိုင်တဲ့ လျှို့ဝှက်ချက်ရှိရင်လည်း ပြောပြပေးပါလား။

လျှို့ဝှက်ချက်တော့ မရှိပါဘူး။ စောစောကပြောသလိုပဲ ထမင်း၊ အဆီနဲ့အချိုတွေကို လျှော့စားပါတယ်။ ဒါပေမဲ့ ဒီတစ်နှစ် – နှစ်နှစ်အတွင်း ဗိုက်ပူလာတဲ့အတွက် Gym ကိုသွားပြီး Trainer နဲ့ အားကစားလုပ်ဖို့ရှိပါတယ်။

– ကျန်းမာရေးကောင်းမွန်အောင် ဘယ်လိုထိန်းသိမ်းနေထိုင်ဖြစ်သလဲ။

ကျန်းမာရေးကောင်းမွန်အောင် ကိုယ့်ကိုယ်ကိုယ် အသေးအမွှားလေးကအစ ဂရုစိုက်ပါတယ်။

ရာသီဥတုပူလာရင် ရေများများသောက်တယ်၊ ဗီတာမင်စီမှီဝဲတယ်၊ အိပ်ရေးပျက်မခံဘူး။ ဝတဲ့သူပဲဖြစ်ဖြစ် ပိန်တဲ့သူပဲဖြစ်ဖြစ် စည်းနဲ့ကမ်းနဲ့စားသင့်တာစားပြီး ရှောင်သင့်တာရှောင်မယ်ဆိုရင် ကျန်းမာရေးကောင်းနေမယ်လို့ ထင်ပါတယ်။

– စီးပွားရေးအလုပ်နဲ့ အနုပညာအလုပ်တွေကို ဟန်ချက်ညီအောင် ဘယ်လိုထိန်းချုပ်လုပ်ကိုင်ပါသလဲ။

စီးပွားရေးလုပ်ကာစ သုံးလကနေခြောက်လအတွင်းမှာ အနုပညာအလုပ်တွေကို မလုပ်နိုင်ပါဘူး။ အခုတော့ဆိုင်တစ်ဆိုင်က နှစ်နှစ်ကျော်ပြီ၊ တစ်ဆိုင်ကခြောက်လကျော်ပြီ၊ စိတ်ချရတဲ့သူတွေလည်းရှိတဲ့အတွက် အနုပညာအလုပ်တွေလည်း လုပ်နိုင်နေပါပြီ။ ခရီးတွေလည်း ထွက်လို့ရနေပါပြီ။

– စိတ်ဖိစီးမှုများတဲ့အခါ ဘယ်လိုဖြေလျှော့လေ့ ရှိပါသလဲ။

စိတ်ဖိစီးမှုများရင် သူငယ်ချင်းတွေနဲ့ အပြင်သွားတယ်။ တစ်ခါတလေကျရင် ကားမောင်းလိုက်တယ်၊ တစ်ခါတလေ ဂိမ်းကစားတယ်၊ တစ်ခါတလေ ဟာသကားကြည့်တယ်၊ ရုပ်ရှင်သွားကြည့်တယ်။ တစ်ခါတစ်ခါ ကိုယ်ယုံကြည်ရတဲ့သူကို စိတ်ညစ်တဲ့အကြောင်းတွေ ပြောလိုက်တယ်။ ဒီနည်းတွေကစိတ်သက်သာရာ ရသွားစေပါတယ်။

– ပရဟိအလုပ်တွေလည်း အခါအားလျော်စွာ လုပ်တာတွေ့ရတယ်။ ပရဟိတပြုလုပ်တဲ့အတွက် ဘယ်လိုကောင်းကျိုးတွေ ရရှိပါသလဲ။

ပရဟိတလုပ်ပြီး ကောင်းကျိုးရဖို့ဆိုတာထက် ဝါသနာပါလို့ကို လုပ်ဖြစ်နေတာပါ။ ပေါက်စီအသက် ၁၃ နှစ်ကတည်းက မွေးနေ့တိုင်းလှူဖြစ်တယ်။ အခုအသက် ၃၀ ကျော်တဲ့အထိ လှူဖြစ်နေပါတယ်။ ကိုယ့်မွေးနေ့ပွဲကို ကြီးကြီးကျယ်ကျယ်လုပ်ဖို့ထက် ပရဟိတလုပ်လိုက်ရတာကို ပိုသဘောကျပါတယ်။

– ကျန်းမာရေးနဲ့ပတ်သက်ပြီး Healthy Life စာဖတ်ပရိသတ်တွေကို အကြံပြုချင်တာလေးများရှိရင် ပြောပြပေးပါဦး။

ကျန်းမာရေးနဲ့ပတ်သက်ပြီး အဓိကကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့အကြံပြုချင်ပါတယ်။ နေပူရင် ထီးဆောင်းရမယ်၊ ရေများများသောက်ရမယ် အဲဒီလိုနေ့စဉ်အသေးအမွှားကအစ ဂရုစိုက်ပေးမယ်ဆိုရင် ကျန်းမာရေးကောင်းတဲ့သူ ဖြစ်လာမယ်လို့ထင်ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ စာတွေကိုဖတ် ပြီး ကိုယ့်ရောဂါအလိုက် ဘယ်လိုနေထိုင်ရမယ်၊ ဘယ်လိုစားသောက်ရမယ်ဆိုတာ သိရှိဆင်ခြင်မယ်ဆိုရင် ပိုပြီးကျန်းမာရေးကောင်းတဲ့သူ ဖြစ်လာမယ်လို့ ထင်ပါတယ်ရှင့်။

Most Popular

Healthy Life Ad
To Top