Healthy Life Ad
Health Tips

အရိုးပါး/အရိုးပွရောဂါရှိသည့် အမျိုးသမီးတို့အတွက် သဘာဝကုထုံးများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အရိုးပါး/အရိုးပွရောဂါဟာ အရိုးတစ်သျှူးတွေဆုံးရှုံးပြီး အရိုးကြွပ်ဆတ်ကာ ကျိုးလွယ်စေပါတယ်။ အမေရိကန်လူမျိုး ၂၈ သန်းကျော်ဟာ အရိုးပါး/အရိုးပွရောဂါ ခံစားနေရပြီး အများစုက အမျိုးသမီးတွေ ဖြစ်နေပါတယ်။ အရိုးတွေမှာ သက်ရှိတစ်သျှူးတွေ ပါဝင်တဲ့အတွက် အရိုးဟောင်းပျက်စီးပြီး အရိုးသစ်အစားထိုး မပြုလုပ်နိုင်တဲ့အခါ အရိုးပွရောဂါ ဖြစ်လာနိုင်ပါတယ်။ အရိုးပါး/အရိုးပွရောဂါက အသက်ကြီးတာနဲ့ ဆက်စပ်နေပြီး အသက်ကြီးလာလေလေ၊ ပိုအဖြစ်များလေလေ ဖြစ်ပါတယ်။

အရိုးပါး/အရိုးပွရောဂါဖြစ်ရခြင်းအကြောင်းများ
အရိုးပါး/အရိုးပွရောဂါက ဗီတာမင်ဒီ ဒါမှမဟုတ် ကယ်လ်ဆီယမ်ဓာတ်ချို့တဲ့မှုကြောင့် အဖြစ်များပါတယ်။ ဗီတာမင်ကေ၊ မဂ္ဂနိစ်၊ မဂ္ဂနီဆီယမ်၊ ဇင့်(သွပ်)ဓာတ်၊ ဘိုရွန်နဲ့ ကြေးနီတို့ ချို့တဲ့ရင်လည်း ဒီဓာတ်တွေက အရိုးဖြစ်ပေါ်မှုမှာ အရေးပါတဲ့အတွက် အရေးကြီးပါတယ်။ ဒီရောဂါက ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းအပြောင်းအလဲ ကြောင့်လည်း ဖြစ်တတ်ပါတယ်။ သွေးဆုံးပြီး အမျိုးသမီးတွေမှာအီစထရိုဂျင်နဲ့ ပရိုဂျက်စတီရုန်းဟော်မုန်း အထွက်နည်းတဲ့အတွက် အရိုးပါး/အရိုးပွရောဂါဖြစ်နိုင်ခြေ အလွန်မြင့်မားတတ်ပါတယ်။

အရိုးပါး/အရိုးပွရောဂါကို သဘာဝနည်းဖြင့်ကုသခြင်း
အရိုးပါး/အရိုးပွရောဂါဖြစ်ရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကို လိုက်နာဖို့ အရေးကြီးပါတယ်။

– လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပါ
လမ်းလျှောက်တာ၊ ခပ်သွက်သွက်လမ်းလျှောက်တာ၊ အေရိုးဗစ်လေ့ကျင့်ခန်းလုပ်တာနဲ့ ကခုန်တာတွေက အရိုးတွေကို တစ်သျှူးအသစ်တွေဖြစ်လာဖို့ အားပေးတဲ့ နည်းလမ်းတွေဖြစ်ပါတယ်။

– ဆေးလိပ်မသောက်ပါနှင့်
စီးကရက်ထဲက ဓာတုပစ္စည်းတွေဟာ အမျိုးသမီးတွေကို စောစောစီးစီး သွေးဆုံးစေနိုင်ပါတယ်။ ဆေးလိပ်သောက်တာကြောင့် သာမန်အခြေအနေမှာထက် ခန္ဓာကိုယ်ထဲက အရိုးတစ်သျှူးတွေကို ပိုမိုဆုံးရှုံးစေနိုင်တယ်လို့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

– အရက်မသောက်ရ မနေနိုင်လျှင် အသင့်အတင့်ပဲသောက်ပါ
အရက်ကို မသောက်ဘဲနေတာ အကောင်းဆုံးပါ။ အရက်မသောက်ရ မနေနိုင်ရင် အမျိုးသမီးတွေအတွက် တစ်နေ့ တစ်ခွက်ပဲသောက်သင့်ပါတယ်။ အရက်ကို အလွန်အမင်းသောက်ရင် ကျန်းမာရေးကို နည်းလမ်းအမျိုးမျိုးနဲ့ ထိခိုက်စေနိုင်သလို အရိုးတွေကို အားနည်းစေပါတယ်။

– ကဖင်းမှီဝဲမှုကို လျှော့ချပါ
လေ့လာမှုအရ ကော်ဖီထဲမှာပါတဲ့ ကဖင်းဓာတ်က နို့ထဲက ကယ်လ်ဆီယမ်ရဲ့ အာနိသင်ကို လျော့ကျစေတယ်လို့ သိရပါတယ်။ ဒါကြောင့် ကော်ဖီကို တစ်နေ့ သုံး-လေးခွက်မသောက်တာ အကောင်းဆုံးပါ။

– နေရောင်ခြည်ကို အလုံအလောက်ရယူပါ
နေရောင်ခြည်ထဲမှာ ၁၅ မိနစ်-မိနစ် ၂၀ ကြာ နေထိုင်တာကြောင့် ခန္ဓာကိုယ်ထဲမှာ ဗီတာမင်ဒီကို အမြင့်ဆုံးပမာဏအထိ ရရှိစေပါတယ်။ ဗီတာမင်ဒီက ခန္ဓာကိုယ်ကနေ ကယ်လ်ဆီယမ်စုပ်ယူမှုကို အားကောင်းစေပါတယ်။

– အိုမီဂါ ၃ ဖက်တီးအက်ဆစ် လုံလောက်စွာမှီဝဲပါ
အစားအသောက်ထဲ အိုမီဂါ ၃ ဖက်တီးအက်ဆစ်ပါတဲ့ အစာအလုံအလောက် ထည့်စားတာက အရိုးတွေကို သန်စွမ်းစေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အိုမီဂါ ၃ ဖက်တီးအက်ဆစ်ပါဝင်တဲ့ အကောင်းဆုံးအစာတွေက သစ်ကြားသီး၊ ပဲပုပ်စေ့၊ ပဲနို့၊ ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊ တူနာငါးနဲ့ ပုစွန်တို့ ဖြစ်ကြပါတယ်။

– ဗီတာမင်ကေမှီဝဲပါ
ဒီအာဟာရဓာတ်က အရိုးတစ်သျှူးတွေ သန်စွမ်းဖို့နဲ့ အရိုးတစ်သျှူးဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်ဖို့အတွက် အားပေးပါတယ်။ ဗီတာမင်ကေပါဝင်တဲ့ အစားအစာတွေက အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ အထူးသဖြင့် ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်းနဲ့ ဟင်းနုနယ်ရွက်တွေ ဖြစ်ပါတယ်။

– မြေပဲထောပတ် ထမင်းစားဇွန်း နှစ်ဇွန်းစားပါ
မဂ္ဂနီဆီယမ်ဓာတ်ဟာ အရိုးတစ်သျှူးတွေကို ပြန်လည်တည်ဆောက်ဖို့နဲ့ ထိန်းသိမ်းဖို့ အရေးကြီးပါတယ်။ မြေပဲထောပတ် ထမင်းစားဇွန်းနှစ်ဇွန်း စားပေးရင် မဂ္ဂနီဆီယမ် ၅၀ မီလီဂရမ်လောက် မှီဝဲသင့်ပါတယ်။

– ငှက်ပျောသီး စားပါ
ငှက်ပျောသီးမှာ ပိုတက်ဆီယမ်ဓာတ် ပါဝင်တာကြောင့် နှလုံးကျန်းမာစေသလို အရိုးတွေကိုသန်စွမ်းစေပါတယ်။

– ဒိန်ချဉ်စားပါ
ဒိန်ချဉ်မှာပါတဲ့ ကယ်လ်ဆီယမ်ဓာတ်က အရိုးတွေကို သန်စွမ်းစေပါတယ်။ လက်တို့စ်နဲ့ မတည့်သူတွေက ဒိန်ချဉ်စားပြီး ကယ်လ်ဆီယမ်ဓာတ် ရယူနိုင်ပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top