Healthy Life Ad
Life Style

ရင်သားကင်ဆာဆိုတဲ့ ကံကြမ္မာဆိုးကနေ အကောင်းဆုံးဖောက်ထွက်ဖို့ကြိုးစားခဲ့သူ ဒေါက်တာဒေါ်ယဉ်ယဉ်ကြူ သို့မဟုတ် စာရေးဆရာမ စုရည်မိုး

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

“ကင်ဆာဆိုတာ သေမိန့်”၊ “ကင်ဆာဖြစ်ရင် ဘဝနိဂုံးအချိန်ရောက်ပြီ”စသဖြင့် ယုံကြည်လက်ခံခဲ့ကြသော ကျွန်မတို့ မြန်မာလူမျိုးများအတွက် ကင်ဆာအကြောင်း မသိလို၊ ကင်ဆာနှင့် မဆုံလို၊ ကုန်ကုန်ပြောရလျှင် ကင်ဆာဆိုသောစကားကိုပင် မကြားလိုကြပေ။ ကံမကောင်းအကြောင်းမလှစွာ အိမ်သားတစ်ဦး ကင်ဆာ ဖြစ်မှန်းသိလိုက်ပြီဆိုသည်နှင့် “ကျွန်မအမေကို မပြောပါနဲ့နော်ဆရာ၊ သူသိရင် ခံစားနိုင်မှာမဟုတ်ဘူး”ဟု ဆရာဝန်ကိုတောင်းဆိုရင်း လူနာကိုလည်း နောက်ဆုံးအချိန်အထိ အသိပေးလေ့မရှိကြ။

ကင်ဆာဖြစ်မှာကို စိုးကြောက်သူ၊ ကင်ဆာဖြစ်လျှင် ရင်မဆိုင်ရဲသူ၊ ကင်ဆာကုထုံးကို မှန်မှန်ကန်ကန်မခံယူသူစသဖြင့် မြောက်မြားလှစွာသော ကင်ဆာလူနာအမျိုးမျိုးရှိကြရာ ထိုအထဲတွင် ကင်ဆာဖြစ်မှန်းသိသိနှင့်ပင်တည်ငြိမ်စွာ ရင်ဆိုင်ရင်း ကင်ဆာဆိုသည့် ကံကြမ္မာဆိုးကြားမှ ငယ်ဘဝအိပ်မက်ဖြစ်ခဲ့သော ကဗျာဆရာ/စာရေးဆရာအဖြစ် ကြိုးပမ်းအားထုတ်နိုင်ခဲ့သည့် ဒေါက်တာဒေါ်ယဉ်ယဉ်ကြူခေါ် စာရေးဆရာမ စုရည်မိုးအကြောင်းကို ဖော်ပြလိုက်ပါသည်။

အသက် ၅၆ နှစ်၊ အလုပ်အကိုင်က ဗဟိုစည်ဆေးရုံ၏ လက်ထောက်ဒါရိုက်တာ . . အသားဖြူဖြူ ခန္ဓာကိုယ်ပြည့်ပြည့်နှင့် စကားကို ချိုသာစွာပြောဆိုတတ်သူ . . ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် ဖတ်ရသည့် သူ့ကဗျာ၊ စာအရေးအသားများကဲ့သို့ပင် စကားပြောကောင်းမွန်သူ . .သူသာ ပြောမပြဘူးဆိုလျှင် ရင်သားကင်ဆာ ခံစားခဲ့ရသူဟု ထင်ရက်စရာပင်မရှိ။ ကင်ဆာကြောင့် စိတ်ဓာတ်ကျအားငယ်သူများ အကြား သူမပါ . . မပါရုံမျှမက ကင်ဆာဆိုသည့် ကံကြမ္မာဆိုးကြုံလိုက်သည်နှင့် အသက်ရှင်ခွင့်ရသည့် ဘဝနေ့ရက်များကို အထူးတန်ဖိုးထားကာ ကိုယ်ဝါသနာပါသည့် အရည်အချင်းများကို ဖွင့်လှစ်ထုတ်ဖော်ရင်း ကဗျာဆရာ/စာရေးဆရာ အဖြစ်ပင် အသိအမှတ်ပြုခံခဲ့ရသူ ဖြစ်လာခဲ့သည်။

“၂၀၁၃ မေလ ပထမသီတင်းပတ်လောက်မှာ အိပ်ခါနီး မတော်တဆ ညာဘက်ရင်သားကို အမှတ်တမဲ့ စမ်းလိုက်မိရင်း အလုံးအကျိတ်တစ်ခုကို စတွေ့လိုက်တယ်။ တွေ့လိုက်တာနဲ့ ကိုယ်တိုင်က ဆရာဝန်လည်း ဖြစ်နေတဲ့အပြင် ကင်ဆာဆိုတာ မျိုးရိုးလိုက်တယ်လို့သိထားတော့ စိတ်ထဲ ထင်လိုက်ပါတယ်။ အစ်မ အမေအရင်းဘက်က ကြီးတော်ရဲ့ သမီးတစ်ယောက်ကော၊ ဘကြီးရဲ့သမီးတစ်ယောက်ကော ရင်သားကင်ဆာ နဲ့ ဆုံးပါးခဲ့ဖူးတယ်လေ။ တစ်ယောက်ကတော့ ဗမာဆေးနဲ့ပဲ ကုခဲ့တာ၊ နောက်တစ်ယောက်ကတော့ ကင်ဆာအဆင့် သိပ်နောက်ကျပြီးမှ သိခဲ့တာပါ။

ရင်သားကင်ဆာမျိုးရိုးအနေနဲ့ အမေဘက်က တစ်ဝမ်းကွဲတွေ ဖြစ်တာအပြင် အသက်ကလည်း ၅၀ ကျော်အရွယ်၊ သားသမီးလည်းမရှိ . .ဆိုတော့ ကင်ဆာဖြစ်နိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ၅၀ ရာခိုင်နှုန်း ယူဆလိုက်ပါတယ်”ဟု ဒေါက်တာဒေါ်ယဉ်ယဉ်ကြူက ရင်သားကင်ဆာ အကျိတ်မထင်မှတ်ဘဲ တွေ့ရှိခဲ့ပုံကို ပြန်ပြောင်းပြောပြခဲ့သည်။

မှတ်မှတ်ရရ ထိုနေ့ကစနေညဖြစ်နေပြီး တနင်္ဂနွေ ဂျူတီနားရက်တွင် အေးအေးဆေးဆေး အနားယူ၍ တနင်္လာနေ့၌ ဗဟိုစည်ဆေးရုံသို့ ဂျူတီပြန်ဝင်ချိန်တွင် ပါမောက္ခဦးအောင်မြင့်နှင့် တွေ့ဆုံခဲ့ကာ ချက်ချင်း အသားစ (Biopsy) ယူဖြစ်ခဲ့ကြောင်း၊ အင်္ဂါနေ့ညနေတွင် “ကင်ဆာ”ဆိုသည့် အဖြေရသည်နှင့် ကင်ဆာအထူးကုဆရာဝန်ကြီး ဒေါ်ရှုမွန်နှင့် တိုင်ပင်ဖြစ်ခဲ့ကြောင်း သိရသည်။

“များသောအားဖြင့် ကင်ဆာမှာ ကုသနည်းက အမျိုးမျိုးရှိတယ်လေ . . မကောင်းတဲ့ ရောဂါအစိတ်အပိုင်း တစ်ခုဆိုရင်တော့ လှီးထုတ်ပစ်တာတော့ အကောင်းဆုံးပါပဲ၊ လှီးထုတ်ပစ်တဲ့နေရာမှာပဲ ဆေးသွင်းပြီးမှ ခွဲစိတ်ကုသမလား . . ဒါမှမဟုတ် ဓာတ်ရောင်ခြည်ပေးပြီးမှ ခွဲစိတ်ကုသမလား . . ဆေးသွင်း၊ ဓာတ်ကင်ပြီးမှ ခွဲစိတ်ကုသမလား . . ခွဲစိတ်ပြီးမှ ဆေးသွင်းမလား/ဓာတ်ရောင်ခြည်ပေးမလား . . စတဲ့ ကုထုံးအမျိုးမျိုးက တော့ ကင်ဆာဆဲလ်အဆင့်နဲ့ ပညာရှင်တွေရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်မှာပေါ့။ အဲဒါနဲ့ ဆရာမကြီး ဒေါ်ရှုမွန်ကို မေးလိုက်တော့ သူက ဆဲလ်အမျိုးအစား မသိဘဲနဲ့ အကြံဉာဏ်ပေးရ ခက်တယ်၊ ဒါပေမဲ့ အကြမ်းဖျင်းအားဖြင့် ရင်သားကင်ဆာတွေဟာ ဆေးသွင်းပြီးမှခွဲတာ ပိုကောင်းတယ်လို့ပြောပါတယ်။

ဒါနဲ့ အစ်မလည်း ဆဲလ်အမျိုး အစားရတာနဲ့ နောက်တစ်နေ့မှာပဲကင်ဆာဆေးသွင်း (ကီမိုယူ)မယ်လို့ ပြောလိုက်ပါတယ်။ အစ်မဖြစ်တဲ့ ဆဲလ်အမျိုးအစားအရ ကီမိုမယူဘဲ မခွဲဘဲထားလည်းရတယ်လို့ ဆရာမကြီး ဒေါ်ရှုမွန်ကပြောပေမယ့်အစ်မ ကတော့ အန္တရာယ်ကို ဘာမှလွယ်မထားချင်ဘူးလေ၊ ကင်ဆာဆိုရင် မကောင်းမှန်းသိနေတော့ မကောင်းတဲ့ အစိတ်အပိုင်းကို ဖြတ်ထုတ်ပစ်မယ်ဆိုပြီး ကီမိုယူလိုက်တယ်၊ ကီမိုတစ်ကြိမ် (One Cycle) ယူပြီး ၁၈ရက်အကြာမှာ ခွဲစိတ်ကုသခဲ့ပါတယ်”ဟု ဒေါက်တာဒေါ်ယဉ်ယဉ်ကြူက ရင်သားကင်ဆာကုသမှု ခံယူဖြစ်ခဲ့ ပုံအကြောင်း ပြောပြခဲ့သည်။

ရင်သားကင်ဆာအဆင့်မှာ အဆင့်တစ် (Stage 1) ဖြစ်ပြီး အသားစကို မြန်မာနိုင်ငံတွင်သာမက နိုင်ငံခြားသို့ ပို့၍စစ်ဆေးခဲ့ရာ ရင်သားကင်ဆာဟုပင် အဖြေထွက်ခဲ့ကြောင်း သူကဆိုသည်။ “ရင်သားကင်ဆာလို့သိလိုက်တဲ့အခါ စိတ်ဓာတ်အကြီးအကျယ်ကျမသွားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၅၀ ရာခိုင်နှုန်းက စိတ်ထဲမှာ ပြင်ဆင်ပြီးသားဖြစ်လို့ပါ။ ဒါပေမဲ့ ဘယ်လောက်ပဲ စိတ်ထဲပြင်ဆင်ထားပါစေ၊ ကင်ဆာလို့ကြားတဲ့အခါ လူတစ်ယောက်က တုန်လှုပ်တာပါပဲ . . ကင်ဆာဆိုတာနဲ့ သေမိန့်ကျလိုက်သလို ခံစားရတာပါပဲ . . . ။

သူငယ်ချင်းတစ်ယောက်ကို ငါက သေမိန့်ချခံထားရပြီးသားလို့ ပြောလိုက်တော့- ‘လူတိုင်း မွေးကတည်းက ရပြီးသားပါ၊ မသိချင်ယောင်ဆောင်နေတာ၊ နင်ကတစ်မျိုးတောင် ကံကောင်းပါတယ်၊ ကင်ဆာလို့ သိလိုက်တော့ ပြင်ဆင်ချိန်ရတယ်၊ နင့်ထက် ငါအရင် သေချင်သေမှာလေ’ လို့ အားပေးခဲ့တယ်။

တကယ်လို့ ဘုရားသခင်က သင်ဟာ ကင်ဆာဖြစ်စေသတည်း . . အဲဒီအထဲက ကြိုက်တဲ့ ကင်ဆာဖြစ်စေ သတည်းဆိုပြီး ရွေးချယ်ခိုင်းရင် ကျွန်မကတော့ ရင်သားကင်ဆာကိုရွေးမှာပါ၊ ဘာဖြစ်လို့လဲဆိုတော့ ရင်သားကင်ဆာက လုံးဝပျောက်ပြီး ပုံမှန်လူ့သက်တမ်း အတိုင်းနေရလို့ပါ . . .

ဓာတ်ရောင်ခြည်ကင်ဆာ အထူးကုဆရာဝန်ကြီးဖြစ်တဲ့ ဒေါက်တာဒေါ်ဝါဝါမဉ္ဇူကလည်း မနက်ဖြန်ခွဲမယ်ဆိုရင် ဒီနေ့လိုရက်မှာ လာအားပေးခဲ့ပါတယ်။ ‘အစ်မရယ် . . တကယ်လို့ဘုရားသခင်က သင်ဟာ ကင်ဆာဖြစ်စေသတည်း . . အဲဒီအထဲကကြိုက်တဲ့ ကင်ဆာဖြစ်စေသတည်းဆိုပြီး ရွေးချယ်ခိုင်းရင် ကျွန်မကတော့ ရင်သားကင်ဆာကိုရွေးမှာပါ၊ ဘာဖြစ်လို့လဲဆိုတော့ ရင်သားကင်ဆာက လုံးဝပျောက်ပြီး ပုံမှန် လူ့သက်တမ်း အတိုင်း နေရလို့ပါ၊ အဆင့်နောက်ကျရင်တောင် ပြန်ကောင်းနိုင်တာပဲ၊ အစ်မအဆင့်က အစောဆုံးအဆင့် ဖြစ်တဲ့အတွက် ပုံမှန်အတိုင်းနေနိုင်မှာ . .’

ကင်ဆာဟု သိရချိန်၊ ကုသမှု ခံယူနေချိန်များတွင် အိမ်ထောင်ဖက်၊ မိသားစုဆွေမျိုးသားချင်း၊ လုပ်ဖော်ကိုင်ဖက်၊ မိတ်ဆွေသူငယ်ချင်းများ၏ ထိုအားပေးစကားများက လွန်စွာအထောက်အကူဖြစ်ကြောင်း ဒေါက်တာ ဒေါ်ယဉ်ယဉ်ကြူက သူ့အတွေ့အကြုံအရ ပြောပြခဲ့သည်။

“ကင်ဆာလူနာတစ်ယောက်ဖြစ်ပြီဆိုရင် နံပါတ်တစ်က ကိုယ်ရဲ့စိတ်ကို ကျမသွားအောင်ထိန်းရတာပါ။ အဲဒီအခါ ပတ်ဝန်းကျင်၊ ဆွေမျိုးသားချင်း၊ မိသားစု၊ လုပ်ဖော်ကိုင်ဖက် အကုန်လုံးရဲ့ ထောက်ပံ့မှုအကုန်လိုပါတယ်။ အထူးသဖြင့် အမျိုးသမီးတစ်ယောက် ရင်သားကင်ဆာဖြစ်တဲ့အခါမှာ အိမ်ထောင်ရှိရင် အမျိုးသားဟာ သူ့ကို စိတ်ပိုင်းဆိုင်ရာထောက်ပံ့နိုင်တဲ့သူ ဖြစ်ဖို့လိုပါတယ်။ အစ်မက အရမ်းကံကောင်းတဲ့သူလို့ ပြောရမှာပါ။

အစ်မအမျိုးသားက နားလည်မှုပေးတယ်၊ ‘ရောဂါဆိုတာ ကုကို ကုရမယ်၊ ရောဂါကို မွေးမထားနဲ့’ဆိုပြီး အရာရာ အားပေးပါတယ်။ ကီမိုယူတော့ တစ်ခါယူရင် နှစ်ရက်ယူပြီး သုံးပတ်နားခဲ့ပါတယ်။ ပြီးတော့ သွေးဖြူဥ၊ သွေးနီဥပြန်စစ်ရင်း ကီမိုပြန်ယူရပါတယ်။ ရင်သားကင်ဆာဆေးတွေကြောင့် ဆံပင်ကျွတ်တာများတဲ့အခါ တချို့လူနာတွေက ရှော့ခ်ရသွားခဲ့ပါတယ်။ အစ်မကတော့ ဆံပင်ကျွတ်တဲ့အပေါ်မှာ ပြင်ဆင်ထားပြီး ဆံပင်တုဝယ်ထားတယ်၊ အဲဒီအချိန်မှာ ဘေးက အားပေးတာလည်းလိုပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က ရုပ်လုံးဝပြောင်းသွားတာကိုး။ ဆံပင်တွေအများကြီးကျွတ်တာနဲ့ အစ်မအပြင်မှာ ကတုံးတုံးပြီး ပြန်လာတော့ အမျိုးသားကို အစ်မက “ကတုံးနဲ့လိုက်လား”ဆိုပြီး နောက်တော့ သူက “အခုမှ အရမ်းကြည့်ကောင်းသွားတာ၊ ဘာဖြစ်လို့လဲဆိုတော့ ယူနဖူးပြောင်တာ မသိရတော့ဘူး”လို့ ပြန်နောက်ပါတယ်၊ အဲဒီတော့ အစ်မလည်း ရယ်ဖြစ်သွားတာပေါ့။

ကင်ဆာဖြစ်တယ်လို့ ပြောလိုက်ရင် လူအများစုက ‘ငါ ကင်ဆာ ဖြစ်တယ်ဆိုတာ မဖြစ်နိုင်ဘူး’ ဆိုပြီး ငြင်းတတ်ပါတယ်။ အမှန်တရားကို လက်မခံရဲဘူး၊ တကယ်တော့ အမှန်တရားကို လက်ခံရဲတဲ့ သတ္တိမွေးဖို့ လိုပါတယ်။ နံပါတ် နှစ်က ‘ဘာကြောင့် ငါ့ကျမှ ဖြစ်ရတာလဲ’ ဆိုတဲ့ ခံစားချက်ဖြစ်တတ်ပါတယ်။ အဲဒီအခါ ‘ဒါဆို ငါ ဘယ်တော့သေမှာလဲ’ ဆိုပြီး ခံစားရတတ်ပါတယ်။

အစ်မက တည်ငြိမ်ရင့်ကျက်သူမဟုတ်ပေမယ့် ဆရာဝန်တစ်ယောက်ဖြစ်ပြီး ရောဂါအကြောင်း သိနားလည်နေတော့ သူများထက်စာရင် နည်းနည်းလေးတော့ ပိုရင်ဆိုင်နိုင်ပါတယ်။ “ငါ ငိုရင်၊ ငါကြောက်ရင် ရောဂါပျောက်မလား’လို့ တွေးပြီး ငိုလို့၊ ကြောက်လို့ မဖြစ်ဘူးဆိုတဲ့ အတွေးနဲ့ ဆေးကုစရာရှိတာကို ကုလိုက်ပါတယ်။ အလုပ်လည်း လုပ်၊ တရားလည်း လုပ်ရင်း စိတ်ကို တည်ငြိမ်အောင် နေဖြစ်ခဲ့ပါတယ်”

ဆံပင်အတုတပ်ပြီး ဂျူတီပြန်ဆင်းတော့ ကင်ဆာဆောင်ကို Round တဲ့အခါ လူနာတွေက အားတွေနည်းပြီး ဆံပင်ကျွတ်လို့စိတ်ပျက်နေရင် ‘ကိစ္စမရှိဘူး၊ ကျွန်မလည်းဦးထုပ်လေးဆောင်းထားတာ’ လို့ပြောပြီး ဆံပင်အတုလှပ်ပြလိုက်တော့ အရမ်းအံ့သြပြီး အရမ်းအားရှိသွားကြတယ် . . .

ဆရာဝန်တစ်ယောက်ဖြစ်သည့် ဒေါက်တာဒေါ်ယဉ်ယဉ်ကြူသည် ကင်ဆာမဖြစ်မီကတည်းက လူနာများအပေါ် စာနာစိတ်နှင့် ကုသခဲ့သော်လည်း ကိုယ်တိုင်ကင်ဆာခံစားရပြီးချိန်တွင် ပိုမို စာနာစိတ်ဖြင့် ဖေးမဖြစ်ခဲ့ကြောင်း ကို- “ခေတ်စကားနဲ့ ပြောရမယ်ဆိုရင် အခုတော့ ကင်ဆာလူနာတွေကို ထူးရှယ်ကိုယ်ချင်းစာမိပါတယ်။ အစ်မ ကီမိုယူပြီး ဆံပင်အတုတပ်ပြီး ဂျူတီပြန်ဆင်းတော့ ကင်ဆာဆောင်ကို Round တဲ့အခါ လူနာတွေက အားတွေနည်းပြီး ဆံပင်ကျွတ်လို့စိတ်ပျက်နေရင် ‘ကိစ္စမရှိဘူး၊ ကျွန်မလည်း ဦးထုပ်လေး ဆောင်းထားတာ’လို့ ပြောပြီး ဆံပင်အတုလှပ်ပြလိုက်တော့ အရမ်းအံ့သြပြီး အရမ်းအားရှိသွားကြတယ်။

ကိုယ်က ကင်ဆာလူနာ ဖြစ်ခဲ့တော့မှသိတာက တခြားသူတွေက ဘယ်လောက်ပဲ အားပေး၊ အားပေး၊ ကင်ဆာလူနာတစ်ယောက်ရဲ့ အဆိုးမြင်ခံစားချက်တစ်ခုရှိပါတယ်။ အဲဒါက သူတို့မဖြစ်လို့ အပေါ်စီးက ပြောနေတာဆိုတဲ့ ခံစားချက်မျိုးပါ။ ကိုယ်တိုင်ခံစားနေရတော့ သူများအားပေးတဲ့ စေတနာကို မမြင်နိုင်ဘူးလေ။ အဲဒီတော့ ဆရာဝန်ကိုယ်တိုင်က ကင်ဆာလူနာဖြစ်နေတဲ့အခါ ကိုယ်အားပေးတာကို လူနာတွေက ပိုပြီးမြင်နိုင်တယ်လေ။ တခြား ဆရာဝန် ပြောတာထက် ကင်ဆာဖြစ်နေတဲ့ ဆရာဝန်အားပေးတာက ပိုနားဝင်ပါတယ်”ဟု ဒေါက်တာဒေါ်ယဉ်ယဉ်ကြူက ဆိုသည်။

ရင်သားကင်ဆာကုသမှုပြီးချိန်တွင် ‘သင်မသေခင်မှာ သင်ဖြစ်ချင်တဲ့ ကလေးဘဝရဲ့ ကောင်းသော အိပ်မက်များ ကို အတတ်နိုင်ဆုံး ဖြည့်ဆီးခဲ့ပါ’ ဆိုသည့် စာလေးဖတ်လိုက်ရသည့်အခိုက် ‘ငါက ကဗျာဆရာမ ဖြစ်ချင်တာပါ လား၊ စာရေးဆရာမ ဖြစ်ချင်တာပါလား’ဟု ဒေါက်တာဒေါ်ယဉ်ယဉ်ကြူ သတိရသွားပြီး ကဗျာများ၊ စာများ စရေးဖြစ်ခဲ့ကာ ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် “စုရည်မိုး”ဟုလူသိများလာပြီး ဂျာနယ်၊ မဂ္ဂဇင်းများတွင်ပါ ရေးဖြစ်ခဲ့ တော့သည်။

“ကင်ဆာဖြစ်တာက ရှောင်လွှဲလို့မရတဲ့ ကံကြမ္မာရဲ့စီရင်ချက်ဆိုတော့ လက်ခံရမှာပဲ။ ကင်ဆာဖြစ်ပြီ၊ ငြင်းလို့မရတော့ဘူး၊ တည့်တည့်တိုးပြီ . . မကောင်းတဲ့ ကံကြမ္မာဆိုးကို ငါ့အတွက် ဘာအမြတ်ထုတ်ရမလဲလို့ စဉ်းစားတာက ပိုတန်ပါတယ်။ ကိုယ်ရှောင်လွှဲလို့မရတဲ့ ကြမ္မာဆိုးကို အရှုံးမပေးဘဲ ဒီထဲကနေ ဘယ်လိုထိုး ဖောက်ထွက်မလဲ၊ အတောင်ပေါက်အောင် ဘယ်လိုပျံသန်းမလဲ . . အဲဒီအပေါ်မှာ ဒီအလုပ်တွေ ပုံမှန် ဆက်လုပ်တယ်၊ ကိုယ်ဝါသနာပါတဲ့ ကဗျာတွေ၊ စာတွေကို မဖြစ်ဖြစ်အောင် ရေးဖြစ်သွားတယ် . . အဲဒီအတွက် ကင်ဆာရဲ့ ကျေးဇူးတောင် နည်းနည်းရှိသလိုဖြစ်သွားတာပေါ့”ဟု ဒေါက်တာ ဒေါ်ယဉ်ယဉ်ကြူက ကင်ဆာဆိုသည့် ရောဂါဆိုးကိုပင် ဘဝကပေးသော လက်ဆောင်သဖွယ် ပေါ့ပေါ့ပါးပါးပြောပြခဲ့ပါသည်။

ဆေးစစ်ဆေးမှုကို ပုံမှန်အတိုင်းလုပ်ဖြစ်ပြီး သုံးလတစ်ကြိမ် သွေးဖောက်စစ်ခြင်း၊ တစ်နှစ်တစ်ကြိမ် ရင်သား ဓာတ်မှန်ရိုက်ခြင်းတို့ကို လုပ်ဆောင်ကာ ကင်ဆာအထူးကု ဆရာဝန်ကြီးမှာကြားလိုက်သည့် (၁) လုံးဝ မဝရ၊ (၂) လုံးဝ အိပ်ရေး မပျက်ရ၊ (၃) လုံးဝ ချော်မလဲရဆိုသည့် အချက်သုံးချက်ကိုလည်း လိုက်နာဖြစ်ကြောင်း သိရသည်။

“ရင်သားကင်ဆာ တချို့အမျိုးအစားတွေက ဆေးငါးနှစ်ဆက်သောက်ရပါတယ်။ အစ်မရဲ့ အမျိုးအစားက ဆေးငါးနှစ်ဆက်သောက်ရတော့ အဲဒီဆေးတွေက အရိုးပါးစေတယ်၊ မိန်းမတွေက သွေးဆုံးသွားရင် ကယ်လ်ဆီယမ်ဓာတ်နည်းပြီး အရိုးပါးသွားစေတယ်ဆိုတော့ မူလကလည်း အသက် ၅၀ ကျော် အရိုးပါးနိုင်ခြေ များတဲ့အထဲ ဒီဆေးတွေကြောင့် ပိုဆိုးမှာစိုးလို့ မဝစေနဲ့လို့မှာလိုက်တာပါ။ ဝရင် အရိုးတွေပေါ်ဒဏ် သက်ရောက် မှုများတယ်၊ ပြီးတော့ ချော်လဲရင် အရိုးတွေ ကြွပ်ဆတ်လို့ ကျိုးနိုင်ခြေများတယ်၊ အိပ်ရေးပျက်မခံနဲ့ ဆိုတာကျတော့ အိပ်ရေးပျက်ပြီး စိတ်ညစ်ညူးလာတာနဲ့ ခံနိုင်အားနည်းလာတယ်၊ ရုပ်ပိုင်းဆိုင်ရာခံနိုင်ရည်လည်း နည်းလာပါတယ်။

စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကျတော့ တရားထိုင်တာနဲ့ တခြားဝါသနာပါတာတွေနဲ့ ဖြေသင့်တာပေါ့။ အစ်မကတော့ အတတ်နိုင်ဆုံး တရားထိုင်တာ၊ စာဖတ်တာနဲ့ စာရေးတာတွေနဲ့ စိတ်ကိုဖြေပါတယ်။ အဆီအဆိမ့်လျှော့စားတယ်၊ အလုပ်များလို့ အချိန်မလောက်ရင် အိမ်မှာ ၁၅-၂၀ မိနစ်လောက် ခြေလက်လှုပ်ရှားတဲ့ လှုပ်ရှားမှုလုပ်ပေးပါတယ်။ အိပ်ရေးပျက်မခံပါဘူး။ ချော်မလဲအောင် ဖြည်းဖြည်း သွားပါတယ်”ဟု ဒေါက်တာဒေါ်ယဉ်ယဉ်ကြူက သူ့နေထိုင်စားသောက်ပုံအကြောင်း ပြောပြရင်းဖြင့် အခြား ကင်ဆာလူနာများအား-
“ကင်ဆာဖြစ်တာကို ရှောင်လွှဲလို့မရမယ့်အတူတူ ကြည်ကြည်ဖြူဖြူလက်ခံပြီး စိတ်ရောကိုယ်ရော ငါ . . ကင်ဆာတော့ ဖြစ်ပြီ၊ ဘာအကောင်းဆုံး အမြတ်ထုတ်မလဲဆိုတာကိုပဲ စဉ်းစားပါ။

ကိုယ်ကိုးကွယ်ရာ ဘာသာရေးမှာ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပြီး ကျင့်ကြံပေးပါ၊ ပရဟိတအလုပ်တွေလုပ်ပါ၊ အနည်းဆုံး ဘာမှ မလုပ်နိုင်ရင်တောင် တစ်နေရာမှာ ငြိမ်ငြိမ်လေးထိုင်ပြီး “ငါ ရောဂါဖြစ်သလို တခြားသူတွေ ရောဂါမဖြစ်ပါစေနဲ့၊ ငါ ရောဂါဖြစ်ပေမယ့် တခြားသူတွေ ကျန်းမာကြပါစေ’ဆိုပြီး မေတ္တာပို့ပေးပါ၊ အဲလိုလုပ်ပေးရင် စိတ်သက်သာရာ ရပါတယ်။ ပြီးတော့ ကိုယ်ဘာဝါသနာပါသလဲဆိုတာတွေးပြီး လုပ်ကြည့်သင့်ပါတယ်။ အဲဒီအချိန်ကျမှ ပန်းချီဆွဲ၊ သီချင်းဆို၊ စာရေး . . စတာတွေလုပ်တာနဲ့ အောင်မြင်ချင်အောင်မြင်သွားနိုင်ပါတယ်။ ကင်ဆာဖြစ်လာလို့ ဒီလို ဝါသနာပါတာတွေကို လုပ်နိုင်တာလို့ အကောင်းဘက်ကတွေးလိုက်ပါ” ဆိုသည့် အားပေးစကားများကို မျှဝေပြောကြားလိုက်ပါသည်။

Most Popular

Healthy Life Ad
To Top