Healthy Life Ad
Life Style

သားတွေကို စာများများဖတ်ခိုင်းပြီး စိတ်ဓာတ်ကြံ့ခိုင်အောင်မြှင့်တင်ပေးတယ် ဆိုတဲ့ ခင်လှိုင်

– အစ်ကိုရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုလေး ပြောပြပေးပါ။
အခုလက်ရှိမှာတော့ ဒါရိုက်တာဇေပါ ရိုက်ကူးပေးတဲ့ ဟာသသရဲကား ဗီဒီယို ရိုက်နေပါတယ်။ မင်းသားနေဒွေးနဲ့ပါ၊ ကျန်တဲ့အနုပညာ အလုပ်တွေလည်း လုပ်ဖြစ်နေပါတယ်။

– အစ်ကိုတို့ မိသားစုဝင်တွေက တစ်ယောက်ကျန်းမာရေးကို တစ်ယောက်က ဘယ်လိုတွေ ဂရုစိုက်ပေးဖြစ်ပါသလဲ။
အစ်ကိုတို့က ကျန်းမာရေးနဲ့ပတ်သက်ပြီး အရမ်းဗဟုသုတကြွယ်ဝတာမျိုးတော့မရှိဘူး။ စာဖတ်ပြီး လေ့လာမှတ်သားတာမျိုး ရှိပါတယ်။ နေမကောင်းမဖြစ်အောင် ဘယ်လိုလုပ်သင့်တယ်ဆိုတာမျိုး၊ ဘယ်လို ဆေးဝါးလေးတွေကို ဆောင်ထားသင့်လဲဆိုတာမျိုးလောက်ပဲ လေ့လာလိုက်စားဖြစ်ပါတယ်။ မိသားစုအတွက် အသုံးဝင်တဲ့ အားဆေးလေးတွေ သောက်တာမျိုးလည်း ရှိပါတယ်။ နေမကောင်းတာမျိုးဖြစ်လာတယ် ဆိုရင်တော့ ဆေးခန်းသွားပြလိုက်တယ်။ တစ်ယောက်နဲ့တစ်ယောက် ကျန်းမာရေးနဲ့ပတ်သက်ပြီး အရမ်းကြီး အကြံပေးဖြစ်တာမျိုးတော့မရှိဘူး၊ အစာကိုပုံမှန်စားဖို့ ကျန်းမာရေးကောင်းအောင် ကိုယ်တိုင်ကိုယ်ကျ ဂရုစိုက်ဖို့ အဲ့လောက်ပါပဲ၊ ပြီးတော့ အစ်ကိုတို့ကလည်း ကျန်းမာရေးနဲ့ ပတ်သက်ပြီး အရမ်းနားလည်တဲ့အထဲမှာမပါဘူး။

– အစ်ကို့အနေနဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အရာကိုလုပ်တာမျိုးရှိရင် အိမ်က မိသားစုက မကြိုက်တာမျိုးရှိလား။
အစ်ကိုတို့မိသားစုမှာ အစ်ကိုကတော့ တစ်ခါတလေ အပြင်ရောက်ရင် ဘီယာသောက်တာမျိုးတော့ ရှိတယ်။ အိမ်ကမိသားစုကတော့ မကြိုက်တာမျိုး မရှိပါဘူး။ အစ်ကိုက အရမ်းသောက်စားတာမျိုး မရှိတဲ့ အတွက် အိမ်မှာဆိုလည်း ဆေးလိပ်သောက်တာမျိုးရှိတယ်။ ဒါပေမဲ့ မိသားစုရှေ့ သားတွေရှေ့မှာတော့ မသောက်ဘူး။ ကိုယ့်ဘာသာ အိမ်ဝရန်တာ အပြင်ထွက်သောက်တယ်။

– ကျန်းမာရေးနဲ့အညီ အိမ်မှာ ဘယ်လိုချက်ပြုတ် စားသောက်ဖြစ်ပါသလဲ။
အဓိက အစ်ကိုတို့အိမ်မှာ ချက်စားဖြစ်တာများတယ်။ ကျန်းမာရေနဲ့ ညီညွတ်အောင်ဆိုရင်တော့ အဓိက ဆီကောင်းတာကိုပဲ သုံးတယ်။ ပဲဆီ စစ်စစ်ပဲ နယ်ကနေမှာတယ်။ ဆီမသန့်တာမျိုးရှိရင် ကျန်းမာရေးအတွက် အဆင်မပြေလို့ပါ။ အစားအသောက်ကတော့ အရမ်းရှောင်တာမျိုးမရှိဘူး။ အာဟာရမျှတအောင် စားတယ်။ ပြီးတော့ အစ်ကိုက အပြင်စာ မစားဖြစ်တာများတယ်။ ရှူတင်သွားရင်တောင် ရှူတင် ထမင်း၊ ဟင်းမစားဘူး။ အိမ်ကနေ ထမင်းချိုင့်ယူသွားတယ်။ နယ်သွားဖြစ်တယ်ဆိုရင်တောင် အိမ်က ကြော်လှော်ပေးလိုက်တယ်။ အဲဒီအစာတွေကို စားဖြစ်တာပဲများပါတယ်။ အပြင်စာက မဖြစ်မနေမှ စားဖြစ်ပါတယ်။ အပြင်စာကို သိပ်မကြိုက်ဘူး။

– အားကစားကော ဘာတွေလုပ်ဖြစ်လဲ။
အစ်ကိုကတော့ အခုနောက်ပိုင်း သိပ်မလုပ်ဖြစ်တော့ဘူး။ အရင်ကတော့ ဂေါက်ရိုက်တယ်။ အစ်ကို့သားတွေကတော့ Gym ဆော့ဖြစ်တယ်။ ပြီးတော့ အစ်ကိုက အားကစားသီးသန့်လုပ်ဖို့ အချိန်မပေးနိုင်သေးတာလည်း ပါတယ်။

– အနုပညာလှုပ်ရှားနေတဲ့အတောအတွင်း စိတ်ညစ်စရာ ကြုံလာရင် ဘယ်လို ဖြေရှင်းလေ့ရှိပါသလဲ။
အစ်ကိုက ငယ်ငယ်လေးကတည်းက စိတ်သိပ်မညစ်တတ်ဘူး။ စိတ်ဖိစီးမှုကို ခေါင်းထဲမှာ အကြာကြီးမထားတတ်ဘူး။ အစ်ကိုက အနုပညာအလုပ်တစ်ခုကိုပဲ လုပ်တယ်။ ကျန်တဲ့ ပွဲလက်ခံတာမျိုးနဲ့လိုအပ်တဲ့ ကိစ္စလေးတွေကို အစ်ကို့မိန်းမကပဲ အစစအရာရာ အကုန်စီစဉ်ပေးပါတယ်။ အဝတ်အစားတွေဆိုလည်း မိန်းမကပဲ စီစဉ်ပေးဖြစ်တယ်။ အစ်ကိုက စိတ်ညစ်မခံဘူး။ လူဆိုတာ စိတ်ညစ်တာမျိုးတော့ ရှိတာပေါ့။ အဲဒီလို စိတ်ညစ်တာမျိုးရှိခဲ့ရင်လည်း စာဖတ်တယ်၊ အိမ်မှာ ရုပ်ရှင် ထိုင်ကြည့်လိုက်တယ်၊ အဲ့လိုပဲ စိတ်ညစ်တာကို ဖြေလိုက်တယ်။ ပြီးတော့ အစ်ကိုက ရုပ်ရှင်ကြည့်တာလည်း ဝါသနာပါတယ်။

– ဖခင်တစ်ယောက်အနေနဲ့ သားတွေအပေါ် ဘယ်လိုမျိုး ကျန်းမာရေး ဗဟုသုတတွေပေးဖြစ်လဲ။
ကျန်းမာရေးဗဟုသုတကတော့ အစ်ကိုကိုယ်တိုင်လည်း အားနည်းတယ်။ အစ်ကိုတုန်းက အတန်းပညာလည်းနည်းခဲ့တာပါတယ်၊အဓိက အစ်ကို့သားတွေကို စာများများဖတ်ခိုင်းတယ်၊ စိတ်ဓာတ်ကြံ့ခိုင်အောင် မြှင့်တင်ပေးတာမျိုးတွေလုပ်ပေးဖြစ်ပါတယ်။ စိတ်ထားကောင်းကောင်း ထားဖို့နဲ့ စေတနာကောင်းထားဖို့ . . အဲ့ဒါတွေကို အဓိကပြောပေးဖြစ် ပါတယ်။

– အနုပညာလုပ်နေတဲ့အချိန်မှာ အစ်ကိုတို့ မိသားစုအပေါ်၊ အစ်ကို့အပေါ် တိုက်ခိုက်လာတာမျိုးရှိရင် ဘယ်လို တုန့်ပြန်လေ့ ရှိပါသလဲ။
အစ်ကို့အပေါ် တိုက်ခိုက်လာတဲ့သူရှိရင် အစ်ကိုက အပြုံးမပျက်ဘဲ အကောင်းဆုံးဖြစ်အောင်နေလိုက်တယ်။ အတ္တတွေ၊ မာနတွေမထားဘူး၊ တစ်ခါတလေ လျစ်လျူရှူထားလိုက်တယ်။ ခေါင်းထဲသိမ်း မထားတတ်ဘူး။ စိတ်ထဲမှတ်ထားရင် ကိုယ်ပဲပူပန်နေရမယ်၊ စိတ်ညစ်နေရမယ်လေ။

– အစ်ကိုနဲ့ အစ်ကို့မိသားစုကိုအားပေးနေတဲ့ ပရိသတ်အတွက် ကျန်းမာရေးအကြံပြု ချက်လေး ပြောပေးပါ။
ကျန်းမာရေးကို ဂရုစိုက်နိုင်ရင်တော့ အကောင်းဆုံးပါ။ ဖြစ်မှ ကုတာထက် မဖြစ်ခင် ကာကွယ်တာက ပိုကောင်းပါတယ်။ တကယ်လို့ နေမကောင်းဖြစ်ပြီဆိုတာနဲ့ ဆေးရုံ၊ ဆေးခန်းအရင်ပြတာ အကောင်းဆုံးပါလို့ အကြံပြုချင်ပါတယ်။ ကိုယ်တိုင်ကုသတာထက် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ ကုသတာက ပိုကောင်းပါတယ်။ ပရိသတ်အားလုံး ကျန်းမာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Most Popular

Healthy Life Ad
To Top